တန်ဖိုး
Vol. 12 Ch. 171
ထို့နောက် ကျန်းရီရှင်းမှ ယုယွီ လင်းချွမ်အတွက် မည်မျှ ကြိုးစားခဲ့ကြောင်းများကို ပြောပြနေလေသည်။ ဟက်ကာလောကထွက်စဉ်က နိုင်ငံခြားအထိရောင်းရန်လည်း ပါဝင်၏။ ထို့ကြောင့်ပင် subscriber များ (၃၀၀) ကျော် တိုးတက်လာခဲ့ခြင်း ဖြစ်သည်။
“အဟမ်း အယ်ဒီတာချုပ် စကားတွေချည်း ပြောမနေပါနဲ့တော့။ စားစရာတွေ ရောက်ပြီလေ”
ယုယွီမှ ချောင်းဟန့်၍ မျက်နှာလေးရဲကာ ပြောလိုက်သည်။ သူ ယခုပြန်စဉ်းစာရမိလျှင်လည်း အလွန်အဓိပ္ပာယ်မရှိသောကိစ္စ ဖြစ်လေသည်။
သူ ထိုသတ္တိများ မည်သို့ရလာသနည်း။
သူကိုယ်တိုင်လည်း နားမလည်တော့ချေ။
ထိုစဉ်် ရိုးရာဝတ်စုံ ဝတ်ထားသော စားပွဲထိုးလေးမှ ညင်သာစွာ လျှောက်လှမ်းလာပြီး စားစရာများကို အစီအရီ ချပေးနေ၏။
တီ တီ တီ~
ကျန်းရီရှင်းထံမှ ဖုန်းမြည်လာသည်။
သူ ခေါ်ဆိုသူကိုကြည့်လိုက်သောအခါ အလွန် ပျော်ရွှင်သွားပုံပေါ်ပြီး အခန်းထဲမှ ထွက်သွားကာ ဖုန်းသွားပြောနေသည်။
မကြာမီ အားတုံ့အားနာဖြင့် ပြန်ရောက်လာ၏။
“ဆရာလင်းရေ ကျွန်တော့်မှာ ရှေးဟောင်းပစ္စည်း စုဆောင်းရတာကြိုက်တဲ့ မိတ်ဆွေတစ်ယောက် ရှိတာ။ သူက ဆိုင်လည်း ဖွင့်ထားတယ်လေ။ အခု သူပစ္စည်းအသစ်တွေ ရထားလို့ လာကြည့်ပါလားတဲ့ ခေါ်နေတယ်။ ဒီလောက်ကြီး ဖိတ်နေတော့ မသွားလို့ မကောင်းသလို အမှန်အတိုင်း ပြောရရင် ကျွန်တော် ကိုယ်တိုင်ကလည်း စိတ်ဝင်စားနေတာလေ”
'လင်းချွမ်ပြုံး၍
“ရပါတယ် ကျွန်တော် နားလည်ပါတယ်ဗျာ”
ကျန်းရီရှင်း ကျေးဇူးတင်စွာပြုံး၍ လက်ကို ကိုင်ဆွဲကာ
“ဆရာလင်းရယ် ကျွန်တော်က ခေတ်စကားနဲ့ ပြောရရင် သဘောကျတဲ့အရာမှာဆို အရမ်းတက်ကြွတာ။ တခြား ဘာမှ ဂရုမစိုက်တော့ဘူး။ အခု သူ့ကိုလေ ချင်ကန်ရှီ ပန်းကန်လုံးပြပြီး အံ့ဩအောင် လုပ်ချင်တာ”
“ရပါတယ်။ ပြန်နှင့်လိုက်လေ အယ်ဒီတာချုပ်။ ကျွန်မ လင်းချွမ်ကို ဂရုစိုက်ပေးထားပါမယ်”
ယုယွီပြုံး၍ ပြောလိုက်၏။
“ဒါဆို ဆရာလင်းကို အပ်ခဲ့ပြီနော် ယုယွီ”
ကျန်းရီရှင်း တောက်ပစွာပြုံး၍ ပြန်ရန် ပြင်လိုက်ပြီးမှ
“ယုယွီ ငါ ဒီက မန်နေဂျာနဲ့ ခင်တယ်သိလား။ အားလုံး ငါ သက်သက်နောက်မှ ရှင်းမယ်လို့ ပြောပြီးသား။ လင်းကို ဂရုစိုက်ပေးလိုက်ပါဦး။ နှစ်ယောက်သားကို မနှောင့်ယှက်တော့ဘူးနော်”
သီးသန့်ခန်းထဲတွင် ယုယွီနှင့် လင်းချွမ်တို့နှစ်ဦးသာ ကျန်ခဲ့၏။
ယုယွီ၏ ရယ်မောသံလေးမှာ ဖူးပွင့်လာသော ပန်းကလေးကဲ့သို့ ဆွဲဆောင်မှုရှိနေဆဲပင်။
“ရှင့်ကျေးဇူးနဲ့ ကျွန်မလည်း အယ်ဒီတာချုပ်ဆီက ကပ်စားရပြီ။ ဒါ တော်ရုံလူ မရတဲ့ အခွင့်အရေးနော်”
လင်းချွမ် ယုယွီအတွက် အချိုရည်ငှဲ့ပေးလိုက်ရင်း
“နှစ်ကုန်ဘောနပ်စ်အတွက်လည်း ကျေးဇူးပါဗျာ”
ယုယွီ ရယ်မော၍ အချိုရည် ယူသောက်လိုက်၏။
“ရှင့်ရဲ့ မင်ဟုန်ဝူ နွေဦးကျောက်စိမ်းပန်းအိုး အတွက်လည်း ကျေးဇူးပါရှင်”
“ဒီလောက် နာမည်အရှည်ကြီးကို မှတ်မိသားပဲ”
လင်းချွမ် အံ့ဩနေမိသည်။
“ဒီလောက် တန်ဖိုးကြီးတဲ့လက်ဆောင် ပေးထားတာကို မမှတ်ထားဘဲ နေမလားရှင်”
ယုယွီ ရယ်မော၍ ပြောလိုက်၏။
“ပန်းအိုးထိုးဖို့ပဲကို။ တန်ဖိုးကြီးတယ်လို့လည်း မဟုတ်ပါဘူး”
“ဪ လက်ဆောင်တစ်ခုရဲ့ တန်ဖိုးက ဈေးနှုန်းပေါ်ပဲ မူတည်တာမှ မဟုတ်တာ။ ဘယ်သူပေးလဲက အရေးကြီးတာလေ”
ယုယွီ တောက်ပစွာ ပြုံး၍ ပြော၏။
“ဒါဆို ဒီည ညစာက တန်ဖိုးမရှိဘူးပဲ”
လင်းချွမ် ယုယွီစကားဖြင့် ပြန်နောက်လိုက်သည်။
“တကယ်လား”
“ဒါပေါ့”
လင်းချွမ် ထပ်ထောက်ခံလိုက်၏။
“ဒါဆို ရှင်နဲ့ ဓာတ်ပုံတစ်ပုံလောက် တွဲရိုက်လို့ ရလား”
ယုယွီ ချိုသာသောအသံလေးနှင့် မေးလေသည်။
“ရတာပေါ့”
လင်းချွမ် ဘာမှအရမ်းမတွေးဘဲ ချက်ချင်း သဘောတူလိုက်၏။
စာရေးဆရာနှင့် အယ်ဒီတာတို့ တွေ့ဆုံစဉ် ဓာတ်ပုံအတူ ရိုက်ခြင်းမှာ အသိအမှတ်ပြုခြင်းတစ်မျိုး ဖြစ်လေသည်။
ပြောရလျှင် လင်းချွမ်နှင့် ယုယွီတို့၏ ဆက်ဆံရေးမှာ စာရေးဆရာနှင့် အယ်ဒီတာမျှမကဘဲ သူငယ်ချင်းဟောင်းများ ပြန်ဆုံခြင်းနှင့် ပိုတူ၏။
အမှန်တကယ်လည်း သူတို့ ရင်းနှီးကြသည်မှာ အလွန်ကြာနေပြီဖြစ်သည်။
“မိန်းကလေး ကျွန်မတို့ကို ဓာတ်ပုံလေး ရိုက်ပေးပါလား”
ယုယွီ အခန်းထဲမှထွက်သွားကာ ဝန်ထမ်းလေးကို လှမ်းခေါ်လိုက်၏။
ထိုအခါ ရိုးရာဝတ်စုံဖြင့် စားပွဲထိုးမလေး ပြုံးရွှင်စွာ ရောက်လာသည်။
ယုယွီလည်း လင်းချွမ်ဘေး၌ ပြန်ဝင်ထိုင်လိုက်သည်။
စားပွဲထိုးမိန်းကလေးမှာ ထိုသို့ ဧည့်သည်များကို ဓာတ်ပုံရိုက်ပေးနေကျ ဖြစ်သောကြောင့် အမူအရာအထိ သင်ပေးနေသည်။
“နည်းနည်း ပိုကပ်ဦးလေ။ အဲ့လိုကြီးဝေးနေရင် ကြည့်လို့မလှဘူး”
“ထပ်ကပ်ပါဦး။ မမလှလှက အစ်ကိုကြီးလက်ကို ချိတ်လိုက်လေ”
“ဟုတ်ပြီ။ အစ်ကိုကြီးဘက်ကို ခေါင်းလေးပါ စောင်းလိုက်”
“အစ်ကိုကြီးက ပြုံးပြပါဦး”
“ရပြီ ၃၊ ၂၊ ၁ ကောင်းပါတယ်”
“နောက်ထပ် ရိုက်ချင်သေးလားရှင့်”
“အစ်ကိုကြီးဘက်က ခေါင်းလေး စောင်းပေးပါဦး”
နောက်ထပ် ဓာတ်ပုံအချို့ ရိုက်ပြီးနောက် ယုယွီ ဖုန်းကို ယူကြည့်လိုက်သောအခါ ကျေနပ်သော အပြုံးလေး ပေါ်လာသည်။
“ကောင်းကောင်းလေး ထွက်လာတာပဲ။ တကယ့် ကျွမ်းကျင်ဓာတ်ပုံဆရာလိုပဲ”
လင်းချွမ်ကတော့ စားပွဲပေါ်မှ စားစရာများကိုသာ အာရုံရောက်နေသည်။
ဤသို့ဖြင့် စားသောက်ပြီးနောက် ယုယွီ လင်းချွမ်ကို မိုတုညဈေးထဲ ခေါ်သွားလေသည်။
ညအလှတွင် နီယွန်မီးရောင်များ ရောယှက်လျက် ယုယွီ၏ မျက်နှာလေးတွင် အရောင်ဟပ်ကာ တောက်ပနေ၏။
နွေဦးလေညင်း၏ လတ်ဆတ်သောရနံ့မှာ သူတို့ကြား ဖြတ်သန်း၍ ကြည်နူးစရာညချမ်းလေး ဖြစ်စေသည်။
ညအတော်မှောင်မှ လင်းချွမ် ဟိုတယ်သို့ ပြန်ရောက်လာ၏။
ယုယွီလည်း သူ့အိမ်သို့ ပြန်သွားတော့သည်။
သူ လင်းချွမ်ကို အိမ်ရှင်အနေဖြင့်ရော၊ အယ်ဒီတာအဖြစ်ပါ အားကြိုးမာန်တက် ဦးဆောင်ခေါ်သွားခဲ့ပြီး အနည်းငယ်မျှ ပင်ပန်းသည်ဟူ၍ မရှိပေ။
ထို့နောက် လင်းချွမ်ပေးလိုက်သော မင်ဟုန်ဝူနွေဦး ကျောက်စိမ်းပန်းအိုးအား တစိမ့်စိမ့်ကြည့်ကာ အလွန် သဘောကျနေမိသည်။
“ဒီပန်းအိုးက တကယ်လှတာပဲ”
ယုယွီ ကြွေပန်းအိုးကို သဘောကျသကဲ့သို့ လင်းချွမ်နှင့်အတူ ရိုက်ထားသော ဓာတ်ပုံကိုလည်း ကြည့်ရင်း ကျေနပ်နေသည်။
အိမ်ထဲကို အနည်းငယ် လှည့်ပတ်ကြည့်ပြီးနောက် ပန်းအိုးကို အိပ်ခန်းမှ ပြတင်းပေါက်ဘေးတွင်သာ ထားရန် ဆုံးဖြတ်လိုက်သည်။
ထို့နောက် ပန်းအချို့ ထိုးလိုက်သောအခါ ပို၍ ဆွဲဆောင်မှု ရှိသွားတော့သည်။
‘တီ တီ တီ’
ထိုစဉ် အယ်ဒီတာချုပ်မင်ယွဲ့မှ စာပို့လာ၏။
“ယုယွီ ဒီနေ့ လင်းချွမ်နဲ့ တွေ့တယ်ဆို။ ဘယ်လိုလဲ။ အပြင်မှာ ပိုကြည့်ကောင်းလား”
ယုယွီ ပြုံးလျက်
“သေချာတာပေါ့”
“ဘယ်လောက်တောင်လဲ။ ငါပြောသလို ဓာတ်ပုံရိုက်ထားလား”
မင်ယွီတစ်ယောက် နည်းပြအနေဖြင့် အကြံပေးလျက် ရှိလေသည်။