ဆရာတစ်ဆူ
Vol. 12 Ch. 172
ယုယွီ လင်းချွမ်နှင့် တွဲရိုက်ထားသော ဓာတ်ပုံများထဲမှ အကြိုက်ဆုံးကိုရွေး၍ မင်ယွဲ့အား ပို့လိုက်၏။ ထို့နောက် နွေဦးကျောက်စိမ်းပန်းအိုးပုံပါ ပို့လိုက်သည်။
“ဒါက သူလက်ဆောင်ပေးတာလေ”
“ဝါး လိုက်ဖက်လိုက်တဲ့ အတွဲလေး။ အချောလေးတွေချည်းပဲ။ လက်ဆောင်လည်း ယူလာတယ်ဆိုတော့ တကယ် အားထုတ်ထားတာ သိသာတယ်”
မင်ယွဲ့မှ နောက်လိုက်၏။
“မမမင်ယွဲ့က စနေပြန်ပါပြီ”
“သူက မိုတုကို ခဏခဏလာမှာ မဟုတ်ဘူးနော်။ ကောင်းကောင်း ဂရုစိုက်ပေးပြီး ရတနာလေးကို အမိအရ ဖမ်းဆုပ်ထား”
မင်ယွဲ့မှ ပြောလိုက်သည်။
“မစိုးရိမ်ပါနဲ့။ သူ့နောက်စာအုပ်လည်း ရုပ်ရှင်အဖြစ် ထပ်ရိုက်ဖြစ်တာမျိုး ရှိလာနိုင်တာပဲ”
ယုယွီပြုံး၍ ပြောလိုက်၏။
“နောက်တစ်ခါလာရင်ရော ဟိုတယ်မှာပဲ ထားဦးမှာလား”
“ဟိုတယ်မဟုတ်ဘဲ ဘယ်နားနေစရာ ရှိလို့လဲ”
“နင့်အိမ်ပေါ့လို့”
မင်ယွဲ့စကားကြောင့် ယုယွီ၏ မျက်နှာလှလှလေးမှာ ရဲသွားပြီး
“မမကလည်း ဘာတွေပြောနေတာလဲ”
“မဟုတ်တာ ပြောတာမှမဟုတ်တာ။ နင့်ဓာတ်ပုံကို ကြည့်ဦး။ ဒီလောက် နူးညံ့တဲ့အကြည့်တွေနဲ့ ကြည့်နေပြီးတော့”
မင်ယွဲ့ ရုပ်ရှင်တစ်ကားကြည့်၍ ပြန်ပြောသကဲ့သို့ ပြောလေသည်။
“အဲ့တာ ဓာတ်ပုံရိုက်ပေးတဲ့သူက လုပ်ခိုင်းလို့ပါ။ ကျွန်မတို့ချင်း ဒီနေ့မှ ပထမဆုံး စတွေ့ဖူးတာလေ”
ယုယွီ ပြန်ဖြေရှင်းလေ၏။
“ပထမဆုံးတွေ့ဖူးပြီး ကြိုက်သွားတာပေါ့လေ”
မင်ယွဲ့ ထပ်စပြန်သည်။
“ကျွန်မ ရေချိုးလိုက်ဦးမယ်”
ယုယွီ စကားလမ်းကြောင်းလွှဲ၍ ပျောက်သွားတော့၏။
…
ညကောင်းကင်အောက်တွင်။
‘ဂန္တဝင်လမင်း’ ဟူသော သီးသန့်ပြတိုက်ထဲတွင် မီးရောင်ဖျော့ဖျော့ လင်းနေပြီး ပန်းချီကား၊ လက်ရေးလှ၊ ကြွေထည်နှင့် ရှေးဟောင်းစာအုပ်များ စသော ပစ္စည်းများအပေါ် တောက်ပစွာ ကျရောက်နေသည်။ ပစ္စည်းများမှာ အသေးစိတ် ဂရုတစိုက် စီစဉ်ထားမှန်းတော့ သိသာလေ၏။
ကျန်းရီရှင်း အသစ်ချိတ်ထားသော ပန်းချီတစ်ချပ်ရှေ့တွင် ရပ်၍ အနီးကပ်သေချာ ကြည့်ရင်း သဘောကျစွာ သက်ပြင်းချမိသည်။
“ဘယ်လိုလဲ။ ကျွန်တော့်ပစ္စည်း အသစ်ကို”
ကျန်းရီရှင်းဘေး၌ အသက် (၄၀) ဝန်းကျင်ရှိ တရုတ်ရိုးရာဝတ်စုံ ဝတ်၍ မျက်မှန်တပ်ထားသူမှ ရယ်မော၍ ပြောလိုက်သည်။
သူသည် ထိုပြတိုက်ပိုင်ရှင်ဖြစ်ပြီး မိုတုမြို့၏ နာမည်ကြီး ရှေးဟောင်းပစ္စည်း စုဆောင်းသူ ဟုရှူဖြစ်သည်။
“ကျွန်တော်က အဲ့လောက်တော့ နားမလည်ပေမဲ့ အရှိန်အဝါတစ်ခုကိုတော့ ခံစားမိနေတယ်”
ကျန်းရီရှင်း အားရပါးရ ရယ်မောကာ ပြောလိုက်၏။
“အယ်ဒီတာချုပ်ကျန်းက တကယ် အမြင်ရှိတာပဲ”
ဟုရှူ ကျေနပ်စွာ ပြုံးနေမိသည်။
“မစ္စတာဟုကတော့ မြှောက်နေပြန်ပါပြီ”
ကျန်းရီရှင်း နေရခက်စွာဖြင့် ဆက်ပြော၏။
“မစ္စတာဟူ ကျွန်တော့်မှာ ရှေးပန်းကန်လုံးတစ်ခု ရှိတယ်။ ကြည့်ကြည့်မလား”
ဟုရှူ စိတ်ဝင်စားစွာဖြင့်
“ကြည့်မှာပေါ့ဗျ”
ရှေးဟောင်းပစ္စည်းများအား အကဲဖြတ်ကြည့်ရှုရခြင်းမှာ ပစ္စည်းစုဆောင်းသူတို့အတွက် ပျော်ရွှင်စရာ ဖြစ်လေသည်။ ထိုပစ္စည်း၏ နောက်ခံသမိုင်းကြောင်းများမှာလည်း ခံစားချက်တစ်မျိုး ပေး၏။
ထိုအခါ ကျန်းရီရှင်း ပိုးသေတ္တာလေးတစ်ခု ထုတ်၍ စားပွဲနား လျှောက်လာသည်။
“ဒီမှာပါ”
ဟုရှူ ကျန်းရီရှင်းအား တစ်ချက်ကြည့်ပြီးမှ သေတ္တာအား ဖွင့်လိုက်သည်။
အထဲတွင် ချင်ကန်ရှီ ငါးရောင်စုံ ပန်းကန်လုံး ရှိနေ၏။ မီးရောင်အောက်တွင် ပန်းကန်လုံးမှာ တောက်ပလျက် ရှိပြီး ရောင်စုံငါးလေးများ ခုန်ထွက်လာတော့မယောင် ထင်ရလေသည်။
ဟုရှူ အံ့ဩစွာဖြင့်
“ဒီလောက်ကောင်းတဲ့ပစ္စည်းကို ရထားတာလား”
ကျန်းရီရှင်း ရယ်မောလျက်
“အမှန်တော့ ကျွန်တော့်မိတ်ဆွေတစ်ယောက်ဆီက အတု လက်ဆောင်ရထားတာပါ”
“အတုလား”
ဟုရှူ ပို၍ အံ့ဩသွားပြီး
“ကျွန်တော် ဒီနေ့ တစ်ခုခု မှားနေတာလား”
ကျန်းရီရှင်း ပန်းကန်ကိုလှမ်းယူ၍ အောက်ခြေဘကအား ပြကာ
“မစ္စတာဟူ ဒီမှာကြည့်လေ”
ဟုရှူ ထိုအခါမှ အတုဟူသော အမှတ်အသားကို တွေ့ရသော်လည်း မယုံကြည်နိုင်သေးပေ။
ထို့နောက် ပန်းကန်လုံးအားကိုင်လျက်
“ဒါက တကယ့်ရွှေလို တန်ဖိုးရှိတာပဲ”
ကျန်းရီရှင်း သူ့ကို နားမလည်နိုင်စွာကြည့်၍
“မစ္စတာဟုရယ် အတုပါဆို။ ဘယ်လောက် လက်ရာကောင်းကောင်း တန်ဖိုးကြီးနိုင်ပါဦးမလား”
ဟုရှူကတော့ လက်မခံနိုင်သလို ခေါင်းယမ်း၍
“ပန်းကန်လုံးကတော့ တန်ဖိုးမကြီးနိုင်ပေမဲ့ လုပ်တဲ့သူကို သိသွားရင် တန်ဖိုးတက်လာနိုင်တယ်လေ”
ကျန်းရီရှင်း မျက်မှောင်ကြုတ်ကာ
“ဘာကိုဆိုလိုတာလဲဗျ”
ဟုရှူ ပန်းကန်လုံးအား စိုက်ကြည့်ကာ လေးစားစွာ သက်ပြင်းချ၍
“သူ အတုပြန်လုပ်ထားတယ်ဆိုပေမဲ့ မသိသာဘူးလေ။ ဒီလောက်ဆို ရှေးဟောင်းပစ္စည်းလောကရဲ့ ဆရာတစ်ဆူလို့ ပြောလို့ရတာပေါ့။ တကယ့် ဆရာကြီးတွေပဲ လုပ်နိုင်မှာလေ”
“ဟင်”
ကျန်းရီရှင်း ပါးစပ်အဟောင်းသားဖြင့် စွံ့အနေ၏။
လင်းချွမ်၏လက်ရာ ကောင်းမွန်သေသပ်မှန်း သိသော်လည်း ဟုရှူကိုယ်တိုင် ချီးမွမ်း ဂုဏ်တင်နေမည်ဟုတော့ မထင်ထားချေ။
လင်းချွမ်သည် ရှေးဟောင်းပစ္စည်းလောက၌ ဆရာတစ်ဆူဟု ခေါ်ရသည်အထိ တော်နေသည်လား။
ဟုရှူ ပန်းကန်လုံးအား သေတ္တာထဲ ပြန်သိမ်းပြီးနောက် ပြုံး၍
“အယ်ဒီတာချုပ်ကျန်း အဲ့ဆရာနဲ့ ကျွန်တော့်ကို မိတ်ဆက်ပေးပါလားဗျာ”
“ပြောရရင် မစ္စတာဟူရယ် အဲ့ဆရာဆိုတာက အသက် (၂၀) ကျော် လူငယ်လေးပါ”
“ဪ အသက် (၂၀) ကျော် လူငယ်လား”
ဟုရှူမျက်လုံးအရောင်များ တောက်၍
“ဘာပဲဖြစ်ဖြစ် ရအောင် မိတ်ဆက်ပေးပါဗျာ”
“မိတ်ဆက်တာက…”
ကျန်းရီရှင်း ခဏစဉ်းစားပြီးနောက်
“သူ မနက်ဖြန် မိုတု ရှေးဟောင်းပစ္စည်းပြပွဲကို ညနေ (၅) နာရီလောက် သွားမယ်ကြားတယ်။ အဲ့မှာ ဆုံလိုက်လို့တော့ ရတယ်”
“ကောင်းတယ် ကောင်းတယ် ကောင်းတယ်”
ဟုရှူ ပြုံးရွှင်လျက်
“ဒါဆို မနက်ဖြန် ပွဲမှာ တွေ့ကြတာပေ့ါဗျာ ဟားဟား”