မိုတုမြို့ တစ်နေ့တာ
Vol. 12 Ch. 173
ဇွန်လ (၁၃) ရက်။
မနက်ခင်း၏ မြူခိုးများများ ကင်းစင်လာကာ လေညင်းနုနု တိုက်ခတ်၍ ပန်းရနံ့လေးများကို သယ်ဆောင်လာ၏။ ထို့နောက် လမ်းမတစ်လျှောက် ဖြတ်သန်းကာ ပြတင်းပေါက်ထဲတိုးလျက် လိုက်ကာပါ တလှပ်လှပ် လွင့်နေသည်။
‘ဒေါက် ဒေါက် ဒေါက်’
မနက် (၉) နာရီအတိတွင် လင်းချွမ် ဟိုတယ်အခန်းတံခါး ခေါက်သံကြားရ၏။
“လာပြီ”
လင်းချွမ် စောစောနိုးနေပြီးဖြစ်ကာ တံခါးထဖွင့်ပေးလိုက်သောအခါ အပြင်တွင် ယုယွီ ရပ်နေသည်အား တွေ့ရလေသည်။
အဖြူရောင်ရှပ်အင်္ကျီနှင့် နက်ပြာရောင် စကတ်အကြပ်လေး ဝတ်ဆင်ထားပြီး ခါးသိမ်သိမ်လေးနှင့် အဖြူရောင် ရှူးဖိနပ်စီးထားသော ခြေထောက်သွယ်သွယ်တို့မှာ လူငယ်ဆန်စွာ ထင်ရှားနေသည်။
“လင်းချွမ် မင်္ဂလာနံနက်ခင်းပါနော်”
ယုယွီမျက်နှာလှလှလေးကို ပြုံး၍ပြော၏။
သူ မိတ်ကပ်ခပ်ပါးပါး ပြင်ထားသောကြောင့် နဂိုလှပသော မျက်နှာလေးမှာ ပိုနူးညံ့တောက်ပနေ၏။
လင်းချွမ် ပြုံး၍ စနောက်လိုက်သည်။
“မနက် (၉) နာရီဆိုရင် စာပို့ရမှာမဟုတ်ဘူးလား”
ယုယွီ ဆံနွယ်လေးအား နားအနောက်တွင်သပ်လျက် ပြုံးကာ
“ရှင်က အခုဒီရောက်နေပြီပဲကို။ စိတ်ရင်းအတိုင်း ဆက်ဆံရမှာပေါ့။ ကိုယ်တိုင် လာနှုတ်ဆက်ရင် ရတာပဲ။ ဟုတ်တယ်မလား”
“ဟုတ်တာပေါ့။ ကောင်းတယ်”
လင်းချွမ် ရယ်မော၍
“ဒီလို ဆက်ဆံပေးတာက အထူးဂရုစိုက်တာပေါ့နော်”
ယုယွီ ခေါင်းလေးစောင်း၍ ရှက်သလိုဖြင့်
“ဟုတ်တယ်။ ရှင်တစ်ယောက်ပဲ ဒီလို အထူးအခွင့်အရေးရမှာ”
“အမလေး ဂုဏ်ယူမိပါတယ်ဗျာ”
လင်းချွမ် ယုယွီအား အထဲဝင်ရန် လက်ပြလိုက်သည်။
ယုယွီ သွယ်လျသော ခြေထောက်များအား ကြွရွစွာ လှမ်း၍ ဝင်လာပြီး
“ဘယ်လိုလဲ။ နေရတာ အဆင်ပြေလား”
“ယုယွီကိုယ်တိုင် ရွေးပေးထားတာပဲ။ အဆင်မပြေစရာ ရှိမလား”
လင်းချွမ် စနောက်၍ ပြော၏။
“ဒီဟိုတယ်ပတ်ဝန်းကျင်က အရမ်းကောင်းတာလေ။ ဒါပေမဲ့ နောက်တစ်ခု ရှိသေးတယ်။ ကျွန်မအိမ်နဲ့ နီးလို့လေ”
ယုယွီ ပြုံး၍ ပြောလိုက်သည်။
“ယုယွီရယ် ကျွန်တော် မိုတုကို လာလည်တာနဲ့ အလုပ်တွေ ရှုပ်ကုန်ပါပြီ”
“အဲ့လို မပြောပါနဲ့။ ကျွန်မ အယ်ဒီတာချုပ်ဖြစ်လာဖို့ ရှင့်ကို မှီခိုရမှာ”
ယုယွီ ချစ်စရာကောင်းစွာ ပြောလေသည်။
လင်းချွမ် မျက်ခုံးပင့်၍ အံ့ဩသွားပုံဖြင့်
“အရင်တစ်ခါကတော့ လုပ်ဆောင်ရည်ကိုတောင် စိတ်ပူနေပြီးတော့ အခုမှ အယ်ဒီတာချုပ်ရာထူး လိုချင်နေတာလား”
“အဲ့တာကြောင့် ရှင့်ကို အားကိုးရမှာလို့။ ရှင်တစ်ယောက်တည်းနဲ့တင် ကျွန်မအမှတ်က တစ်ဝက်လောက် တိုးနေပြီ။ ရှင်သာ နောက်ထပ် ရုပ်ရှင်တစ်ကားလောက် ထပ်ရိုက်နိုင်ရင် ရာထူးတိုးဖို့ သေချာသလောက်ပဲ”
ယုယွီ ရယ်မော၍ ပြော၏။
“ဒါဆို ယုယွီရာထူးတိုးဖို့ ကျွန်တော် ပိုကြိုးစားရတော့မှာပဲ”
“သေချာတာပေါ့”
ယုယွီ တောက်ပစွာ ပြုံးနေသည်။
လင်းချွမ်မှ စနောက်သလိုဖြင့်
“သူဌေးရဲ့ အိပ်မက်အတွက် ကြိုးစားနေရသလိုပဲ။ သိတယ်မလား”
ယုယွီ နှုတ်ခမ်းလေးစူသလိုဖြင့်
“ကျွန်မသာ ရှင့်သူဌေးဆိုရင် ရှင့်ကို အခု ဒီနေရာမှာပဲ ပိတ်ထားပြီး စာတွေ အဆက်မပြတ် ရေးခိုင်းပြီ”
“သွေးအေးလိုက်တဲ့ သူဌေး”
“ဟားဟား…”
လင်းချွမ်နှင့် ယုယွီတို့ အပြန်အလှန်ကြည့်၍ ရယ်မော ပျော်ရွှင်နေကြသည်။
နှစ်ပေါင်းများစွာ ခင်မင်ခဲ့ပြီးသော မိတ်ဆွေများဖြစ်၍ ယခု အခန်းထဲ နှစ်ယောက်တည်းရှိသော်လည်း နေရခက်ခြင်းမျိုးမရှိ ပေါ့ပါးနေ၏။
“ကဲပါ။ အရေးကြီးကိစ္စအကြောင်း ပြောကြတာပေါ့”
ယုယွီမှ စကားစလိုက်၏။
“ကောင်းပါပြီဗျာ”
ထို့နောက် ဆိုဖာပေါ် ထိုင်လိုက်ကြကာ လင်းချွမ်အတွက် တစ်နေ့တာအချိန်ဇယားအား ပြောပြလေသည်။
(၁၀) နာရီ၌ ရုပ်ရှင်အတွက် ဒါရိုက်တာရှန်ချန်းနှင့် ဆွေးနွေးရန်ရှိပြီး ပြီးလျှင် ယုယွီ ကစားကွင်းကို ခေါ်သွားရန် စီစဉ်ထား၏။ ညနေ (၅) နာရီတွင်တော့ မိုတု ရှေးဟောင်းပစ္စည်းပြပွဲသို့ သွားကြမည် ဖြစ်သည်။
နောက်ဆုံး ညခင်း၌တော့ မြစ်ကမ်းဘေးတွင် အတူ လမ်းလျှောက်ကာ အေးအေးဆေးဆေး ရိုးရာ အစားအစာများစားရန် ပြင်ဆင်ထားလေ၏။
“ကျွန်မအစီအစဉ် ဘယ်လိုလဲ”
ယုယွီ ပြုံး၍ မေးလိုက်သည်။
“ကောင်းသားပဲ”
လင်းချွမ် ခေါင်းငြိမ့်၍ ထောက်ခံလိုက်၏။
“ဒါနဲ့ မနေ့ညက အယ်ဒီတာချုပ် စာပို့လာတယ်။ ညနေ (၅) နာရီလောက် ပွဲကိုလာရင် သူ့မိတ်ဆွေ ရှေးဟောင်းပစ္စည်း စုဆောင်းသူတစ်ယောက်နဲ့ မိတ်ဆက်ပေးချင်လို့တဲ့”
“ရတယ်လေ။ ကိစ္စမရှိပါဘူး”
လင်းချွမ် အရမ်းစဉ်းစားမနေပေ။
“ကဲ ဒါဆိုလည်း သွားကြတာပေါ့”
ယုယွီပြုံး၍ မတ်တပ်ထရပ်ကာ လင်းချွမ် လက်မောင်းအား သဘာဝကျကျလေး လှမ်းချိတ်လိုက်၏။
မနက် (၁၀) နာရီ။
တောင်စွန်းလက်ဖက်ရည်ဆိုင်။
လင်းချွမ်တစ်ယောက် နာမည်ကြီးဒါရိုက်တာ ရှန်ချန်း၊ ဇာတ်ညွှန်းရေးဆရာတို့နှင့် တွေ့ဆုံကာ ရုပ်ရှင် ရိုက်ကူးရေးအကြောင်းများ ဆွေးနွေးကြ၏။
“လှည့်စားခြင်း”
ထိုကဲ့သို့ ရုပ်ရှင်အဖြစ် ပြောင်းလဲ၍ လူထု စိတ်ဝင်စားမှုရရှိစေရန် တွေးထားကြသည်။ ထို့ကြောင့် အလျင်လိုနေပြီး အချိန် (၃) လအတွင်း ရုပ်ရှင်တစ်ကားလုံး ထွက်ရှိနိုင်အောင် ဖန်တီးရမည် ဖြစ်သည်။
လင်းချွမ်ကတော့ သဘောတူလိုက်ပြီးလျှင် အခြား ပြဿနာမရှိတော့ပေ။
(၂) နာရီခန့် ဆွေးနွေးပြီးနောက် အားလုံး ပြီးပြတ်သွားကာ ကျန်အချိန်အားလုံး ယုယွီနှင့်သာ ကုန်ဆုံးရတော့မည်။
ယုယွီ စိတ်လှုပ်ရှားစွာဖြင့် ကစားကွင်းသို့ ဦးဆောင် ခေါ်သွားလေသည်။
“လင်းချွမ် ရိုလာကိုစတာ စီးရအောင်”
“တိုက်ကားလည်း စီးကြမယ်။ ကျွန်မရဲ့ ကားမောင်းစွမ်းရည်က အမိုက်စားနော်”
“လင်းချွမ် ဟိုမြင်းလေးတွေ စီးကြမယ်”
“…”
ယုယွီမှာ အင်အားအပြည့်ဖြင့် ပျော်ပါးနေသည်။
လင်းချွမ်လည်း ငယ်စဉ်ကသာ ကစားကွင်း ရောက်ဖူးခဲ့ပြီး အသက်ကြီးမှ ထပ်မရောက်ဖြစ်တော့ပေ။
သို့သော် ယခုလို ယုယွီနှင့်အတူ ကစားကွင်းလာရသည်မှာလည်း အတွေ့အကြုံကောင်း ဖြစ်သည်။
မကြာမီ ညနေ (၅) နာရီထိုးသွား၏။
ရှေးဟောင်းပစ္စည်းပြပွဲမှာ ပြတိုက်၏ ခန်းမတစ်ခုတွင် ကျင်းပခြင်း ဖြစ်လေသည်။