စစ်ဆေးခြင်း
Vol. 12 Ch. 177
တဖြည်းဖြည်း ညအမှောင်ထုမှာ တိုးလာသည်။
နီယွန်မီးရောင်အောက်မှ လမ်းများမှာ တောက်ပ၍ သာယာနေ၏။
လင်းချွမ်နှင့် ယုယွီတို့မှာတော့ ရဲကားနှင့်အတူ ပါလာပြန်လေပြီ။
သို့သော် အရင်တစ်ခါက သက်သေထွက်ဆိုရန် ဖြစ်ပြီး ယခုအခါတော့ ရှေးဟောင်းပစ္စည်း ဖျက်ဆီးမှုဖြင့် လိုက်လာရခြင်း ဖြစ်သည်။
ယုယွီ စိတ်လျှော့ထားသော်လည်း ကားထဲတွင် လိုက်ပါလာရင်း စိတ်လှုပ်ရှားနေမိသေးသည်။
မည်သို့ပင်ဖြစ်စေ လင်းချွမ်ဘေးတွင် ရှိနေသောကြောင့် တော်သေး၏။
ရဲကားလေးမှာ လမ်းများစွာကို ဖြတ်ပြီးနောက် ရဲစခန်းရှေ့သို့ ရောက်လာသည်။
မကြာမီ။
လင်းချွမ် စစ်ဆေးရေးအခန်းထဲသို့ သံသယရှိသူအဖြစ် ဝင်သွားလေသည်။
မိုတုရဲစခန်း၏ စစ်ဆေးရေးအခန်းမှာ အန်လင်းနှင့် သိပ်မကွာလှပေ။
ခပ်မှောင်မှောင် အလုံပိတ်အခန်းဖြစ်ပြီး အလွန် တိတ်ဆိတ်နေ၏။
လင်းချွမ်ကတော့ ပထမဆုံး ရောက်ဖူးခြင်း မဟုတ်၍ စိတ်အေးအေးဖြင့် ထိုင်နေသည်။
ထိုအချိန်တွင် စစ်ဆေးမည့် ရဲဝန်ထမ်း မရောက်သေးသောကြောင့် လင်းချွမ်တစ်ယောက်တည်း ရှိနေလေသည်။
သူ ဖြစ်ပျက်ခဲ့သည်များအား ပြန်တွေးနေမိ၏။
မတော်တဆဟု ထင်ရသော်လည်း တစ်ခုခု မသင်္ကာစရာ ရှိနေသည်။
ပထမဆုံးအချက်မှာ ယခုလို ပွဲအခမ်းအနားကြီးတွင် မီးပျက်သွားခြင်း ဖြစ်၏။
ပုံမှန်အားဖြင့် ပြတိုက်များမှာ လျှပ်စစ်မီးစွမ်းအင်များစွာနှင့် ချိတ်ဆက်ထားပြီး ဓာတ်အားလုံးဝ ပြတ်တောက်ခြင်း မရှိနိုင်ပေ။
ထို့အပြင် ယုယွီစကားအရ တစ်စုံတစ်ယောက်ကြောင့် လဲကျခြင်း ဖြစ်သည်။
လင်းချွမ် အဖြစ်အပျက်ကို တွေးရင်း စိတ်ဝင်စားလာသည်။
ဒါဆို ဘယ်သူက စီစဉ်ထားတာလဲ။
ပန်းအိုးအတုကိစ္စနဲ့ ပတ်သက်နေတာလား။
ထိုစဉ် ချန်ဟွေ့နှင့် အခြားရဲဝန်ထမ်းတစ်ဦးတို့ ဝင်လာကြသည်။
ချန်ဟွေ့ လင်းချွမ်ကို တစ်ချက်ကြည့်၍ ခုံတွင် ဝင်ထိုင်လိုက်သည်။
ထို့နောက် စစ်ဆေးမှုများ စတင်တော့၏။
“လင်းချွမ် ဒီညနေ (၅) နာရီမှာ ပိုင်ယန်၊ စုန်းယုယွီတို့နဲ့အတူ ရှေးဟောင်းပစ္စည်းပြပွဲကို တက်ရောက်ပြီး အတန်း (၈)၊ ထိုင်ခုံ နံပါတ် (၅၆) မှာ ထိုင်နေခဲ့တယ်နော်။ ပွဲပြီးတော့ ခင်ဗျားနဲ့ စုန်းယုယွီတို့ ချင်မင်းဆက် ကျောက်စိမ်းပန်းအိုးကို သွားကြည့်ကြတယ်။ အဲ့တာ မှန်သလား”
လင်းချွမ် ခေါင်းငြိမ့်ပြ၍
“မှန်ပါတယ်”
“ပွဲမှာ ရုတ်တရက် မီးပျက်သွားတော့ ဘယ်လိုလုပ် လဲကျတာလဲ”
ချန်ဟွေ့ စူးရှစွာ စိုက်ကြည့်ရင်း မေး၏။
လင်းချွမ်လည်း တည်ငြိမ်စွာဖြင့်
“မီးပျက်သွားတော့ တစ်နေရာကနေ အော်သံ ကြားလိုက်ရတယ်။ နောက်ပြီး ကျွန်တော့်မိတ်ဆွေကို တစ်ယောက်ယောက် တွန်းလိုက်လို့ ဟန်ချက်ပျက်ပြီး ကျွန်တော့်ကို လှမ်းဆွဲတယ်။ ကျွန်တော် အမြန် ထိန်းလိုက်ပေမဲ့ နှစ်ယောက်လုံး လဲကျသွားရတာပဲ”
သူ သတိထား၍ အခြေအနေအမှန်ကို ပြောပြသည်။ ထိုပန်းအိုးမှာ အတုဆိုသော်လည်း တန်ဖိုးကြီးနေပါသေးသည်။
သူ့ပိုက်ဆံများ ချွေတာရမည်ဖြစ်ပြီး ကားဝယ်ရန်၊ အိမ်ဝယ်ရန်နှင့် လက်ထပ်ရန် ကျန်သေး၏။
ချန်ဟွေ့ လင်းချွမ်ကိုကြည့်၍
“ဒီကျကွဲတဲ့ ပန်းအိုးရဲ့ တန်ဖိုးနဲ့ အရည်အသွေးကိုရော သိလား”
လင်းချွမ် ခေါင်းငြိမ့်လျက်
“ဒီပန်းအိုးက တော်တော် ရှားပါးပြီး တန်ဖိုးကြီးတာပါ။ တရုတ်ရိုးရာပစ္စည်းအနေနဲ့ ဂုဏ်ယူရလောက်ပါတယ်”
ဘေးမှရဲဝန်ထမ်းမှာ လင်းချွမ်ပြောသမျှ အမြန် လိုက်မှတ်နေသည်။
ချန်ဟွေ့ လင်းချွမ်၏ ပညာရှင်ဆန်ဆန် စကားများကို နားထောင်ပြီးနောက်
“ကျွန်တော်တို့ အခု ပဏာမ စစ်ဆေးချက်အရတော့ မတော်တဆလို့ သတ်မှတ်နိုင်ပါတယ်။ ဒါပေမဲ့ နိုင်ငံ့ရတနာ ပျက်စီးမှုအတွက်တော့ ခင်ဗျား ရင်ဆိုင်ရလိမ့်မယ်။ ထောင် (၃) နှစ်အထိ ကျနိုင်တာမျိုးပေါ့”
လင်းချွမ် မျက်မှောင်ကြုတ်လျက်
“ကျွန်တော် ဓာတ်အားပြတ်တောက်မှုအကြောင်း သိချင်ပါတယ်”
ချန်ဟွေ့ ခဏစဉ်းစား၍
“စစ်ဆေးချက်အရတော့ ယာယီ အလုပ်သမားတစ်ယောက်ကြောင့် ဓာတ်အားပြဿနာလေး ဖြစ်သွားပြီး ဒီလို မတော်တဆတွေ ဆက်ပေါ်လာရတာပါ။ ဒီအတွက်လည်း သက်ဆိုင်ရာက တာဝန်ယူပါလိမ့်မယ်”
လင်းချွမ် ထိုစကားကြောင့် အံ့ဩနေသည်။
ကိစ္စမှာ ပိုနက်နဲလာလေပြီ။
လင်းချွမ် သက်ပြင်းချ၍
“စောင့်ကြည့်ကင်မရာတွေရော ပျက်သွားလား”
“အဲ့တာက…”
ချန်ဟွေ့ ခဏငြိမ်သွားပြီးမှ
“အဲ့မှာတော့ မပျက်ပေမဲ့ ဖြစ်တာတော့ ယာယီဝန်ထမ်းကြောင့်ပါပဲ”
“စောင့်ကြည့်ကင်မရာတွေက ဒီဘက်နဲ့ မီးပေးတာ မဆိုင်ဘူးပေါ့”
လင်းချွမ်မျက်နှာ ပိုလေးနက်လာ၏။
“ဟုတ်ပါတယ်။ အဲ့တာကြောင့် ဒီအမှုအတွက် အဲ့ဝန်ထမ်းလည်း အဓိကတာဝန်ယူရမှာပါ”
ချန်ဟွေ့ သက်ပြင်းချ၍ ပြောလိုက်သည်။
သူလည်း အမှုကို ထူးဆန်းသည်ဟုတော့ ထင်မိပါသည်။ တစ်စုံတစ်ယောက်မှ တမင်တကာ မီးဖြတ်တောက်၍ ရှေးဟောင်းပစ္စည်းများ ထိခိုက်စေခဲ့သည်နှင့် တူ၏။
သို့သော် သူတို့၏ အထင်သာဖြစ်ပြီး သက်သေ မရှိပေ။
အခန်းထဲတွင် တိတ်ဆိတ်သွားပြီး တိုင်ကပ်နာရီမှ တဒက်ဒက်အသံသာ ထွက်နေ၏။
လင်းချွမ်လည်း စိတ်ထဲမှ ကျိန်ဆဲနေမိသည်။
ယခုအမှုမှာ သူနှင့် ယုယွီအား ပစ်မှတ်ထားနေခြင်း သေချာပါသည်။
သို့သော် ယုယွီအား တစ်ယောက်ယောက် တွန်းလိုက်သည့် သက်သေ ရှိမနေသောကြောင့် ဖြစ်၏။
အမှုနောက်ကွယ်တွင် အင်အားကြီးတစ်ဦးဦး ရှိနေနိုင်၏။
လင်းချွမ်တို့ကိုယ်တိုင် ပစ်မှတ်များ ဖြစ်နိုင်သော်လည်း ယာယီအလုပ်သမားလေးကဲ့သို့ နယ်ရုပ်များလည်း ဖြစ်နိုင်သည်။
ထိုအချက်မှာ ပိုဖြစ်နိုင်၏။
ပန်းအိုးမှာ အတုဖြစ်နေသောကြောင့် သက်သေ ဖျောက်ဖျက်ခြင်းပင်။
ကံကောင်းစွာဖြင့် လင်းချွမ်မှာ ပန်းအိုးပြုလုပ်နည်းအား သိလေသည်။
ထို့နောက် သူ သက်ပြင်းချ၍
“ရဲသားချန် ဒီကိစ္စမှာ ကျွန်တော် ပြောစရာတော့ ရှိတယ်”
“ဟင်”
ချန်ဟွေ့ မျက်မှောင်ကြုတ်ကြည့်လျက်
“ဘာအကြောင်းလဲ”
ဘေးမှ မှတ်စုရေးနေသော ရဲသားလည်း အံ့ဩစွာ မော့ကြည့်၏။
လင်းချွမ် ပြုံး၍
“အခု ပျက်စီးသွားတဲ့ ပန်းအိုးက အတုကြီးပါ”
ရုတ်တရက် ရဲသားများ ငြိမ်ကျသွားသည်။
“အတုလား”
“ဟုတ်ပါတယ်”
“အခုလေးတင် နိုင်ငံခြားကနေ ပြန်ပို့လိုက်တဲ့ နိုင်ငံ့ရတနာလေ။ ဘယ်လိုလုပ် အတုဖြစ်မှာလဲ”
ချန်ဟွေ့ လုံးဝ မယုံနိုင်ပေ။
ထိုပစ္စည်းများမှာ အဆင့်ဆင့် စစ်ဆေးပြီးမှ နိုင်ငံခြားမှ လက်လွှဲ၍ ပွဲကြီးအထိ ပြုလုပ်ခြင်း ဖြစ်၏။
အတုဖြစ်ပါက အစတည်းက ပွဲဖြစ်လာမည် မဟုတ်ပါ။
လင်းချွမ် ခေါင်းယမ်း၍
“ရဲသားချန် ကျွန်တော် ဒီပစ္စည်းအကြောင်း သေချာ သိပါတယ်။ အတုလုပ်နည်းက အရမ်းအဆင့်မြင့်ရင် တော်ရုံလူကို လှည့်စားနိုင်မှာပါ”
ချန်ဟွေ့ ခဏစဉ်းစားပြီးနောက်
“ခင်ဗျားပြောတာလည်း အရေးကြီးကိစ္စပဲ။ ကျွန်တော် အထက်ကို တင်ပြလိုက်ပါမယ်”
“ကျေးဇူးပါ”
ထို့နောက် ချန်ဟွေ့ အချက်အလက်တွင် လက်မှတ်ထိုးကာ ထွက်ရန် ပြင်လိုက်စဉ် အခြား ရဲဝန်ထမ်းမှ တစ်ခုခု ကပ်ပြောလာ၍ ချန်ဟွေ့ ပြန်လှည့်ကြည့်ကာ
“လင်းချွမ် ဟန်မြစ်ရဲစခန်းကနေ အာမခံပေးတဲ့သူ ရှိလို့ စခန်းကနေတော့ ပြန်နိုင်ပါပြီ။ ဒါပေမဲ့ မိုတုကနေတော့ သွားလို့မရသေးဘူးနော်။ ကျွန်တော်တို့ခေါ်တိုင်း သေချာပေါက် လာပေးရမယ်”
“ယုယွီရောလား”
“ဟုတ်ပါတယ်။ ဒီညတွင်းချင်း ခင်ဗျားတို့ သက်သေတွေကို တင်ပြလိုက်ပြီးရင် မနက်ဖြန် အခြေအနေကို ပြန်ပြောပေးပါမယ်”