← Chapters

နယ်ရုပ်

Vol. 12 Ch. 178

နယ်ရုပ်

Vol. 12 Ch. 178

လရောင်မှာ လင်းထိန်၍ ငွေရည်လဲ့ကာ မိုတုတစ်မြို့လုံးကို ဇာပုဝါဖြူဖြူကဲ့သို့ လွှမ်းခြုံထားသည်။ 

လမ်းတစ်လျှောက် နီယွန်မီးများမှာလည်း လရောင်နှင့်အပြိုင် ထွန်းလင်း၍ ရောင်စုံအရိပ်များ ကျရောက်နေသည်။ 

ရဲစခန်းရှေ့မှ သစ်ပင်များသည် လေညင်းတိုက်ခတ်တိုင်း တလှုပ်လှုပ် ယိမ်းနွဲ့လျက် သာယာအေးမြမှုကို ယူဆောင်လာကြသည်။ 

လင်းချွမ်သည် ရိုးရှင်းသော တီရှပ်အဖြူလေး ဝတ်ဆင်ထားပြီး ညချမ်းလေပြေ၏ သာယာမွှေးပျံ့မှုကို အပြည့်အဝ ခံစားနေသည်။ 

ပြင်ပလေမှာ စစ်ဆေးရေးအခန်းထက် သေချာပေါက် ပိုကောင်းမွန်ပါသည်။ 

ထိုအရာမှာ လင်းချွမ်၏ အတွေးသာ ဖြစ်၏။ 

“လင်း နောက်ဆုံးတော့ ထွက်လာပြီပဲ”

လင်းချွမ် ထွက်လာသည်ကိုတွေ့ကာ ပိုင်ယန် စိတိအေးသွားသည်။ 

လင်းချွမ် လွတ်မြောက်ရေးအတွက် ကြိုးပမ်းရာတွင် သူလည်း တစ်စိတ်တစ်ဒေသ ပါဝင်ပါသည်။ 

ချင်မင်းဆက် ပန်းအိုး ကျကွဲသည်ဟု သတင်းကြားသည်နှင့် သူလည်း အပြေးအလွှား ရောက်လာခဲ့သော်လည်း လင်းချွမ်နှင့်ယုယွီမှာ ရဲကားနှင့် ပါသွားကြလေပြီ။ 

ပိုင်ယန်တစ်ယောက်တည်း အခြေအနေကို နားလည်အောင် စုံစမ်းပြီးမှ လိုက်လာနိုင်ခြင်း ဖြစ်သည်။ 

သူ များများစားစား မတွေးနိုင်ဘဲ ပြစ်မှုဆိုင်ရာ နားလည်တတ်ကျွမ်းသူကို ရှာရန် ပြင်လေသည်။ 

ထို့နောက် ရှန်ချန်းချန်းအား သတိရသွား၏။ 

ရှန်ချန်းချန်းမှာ လင်းကန်၌ သူ ပြန်ပေးဆွဲခံရစဉ်က လင်းချွမ်နှင့်အတူ လာကယ်ဖူးပါသည်။ 

သူ လင်းချွမ်၏ စာဖတ်အဖွဲ့ထဲတွင် ရှိနေကြောင်းလည်း သိ၍ ချက်ချင်း သီးသန့် ဆက်သွယ်ကာ လင်းချွမ်အဖြစ်အပျက်ကို ရှင်းပြလိုက်သည်။ 

ရှန်ချန်းချန်းမှာ သတင်းကြားသည်နှင့် တွေဝေမနေဘဲ ကျန်းပြောင်အား ချက်ချင်း တင်ပြလိုက်လေသည်။ 

ကျန်းပြောင်လည်း ကိုယ်တိုင် မကိုင်တွယ်နိုင်သောကြောင့် နောက်ထပ်ဆက်၍ တင်ပြရသေး၏။ 

နောက်ဆုံး အကြီးအကဲကျုံအဆင့်ဖြင့် လင်းချွမ်ကို လွှတ်ရန် ပြောရလေသည်။ 

မည်သို့ပင်ဖြစ်စေ လင်းချွမ်မှာ ဟန်မြစ်အပိုင်း၊ အန်လင်းမြို့၏ အရည်အချင်းရှိသူတစ်ဦး ဖြစ်လေသည်။ 

“တစ်ယောက်ယောက် အာမခံပေးလိုက်တော့လည်း ဒီည အထဲမှာ မဖြတ်သန်းရတော့ဘူးပေါ့”

လင်းချွမ်ပြုံး၍ ပြောလိုက်သည်။ 

“ကျွန်တော်လည်း အခုပဲ မရီးဆီက ကြားတာ။ အဲ့ပန်းအိုးကို အတုကြီးလို့ ပြောလိုက်တယ်ဆို”

ပိုင်ယန်မှ မေးလိုက်သည်။ 

“ဟုတ်တယ်လေ”

လင်းချွမ် ခေါင်းငြိမ့်ပြ၏။ 

“လင်း အဲ့ပန်းအိုးသာ တကယ်အတုဆိုရင် ကျွန်တော် ဒီည ပိုက်ဆံနည်းနည်းသွားရှာပြီး အမှုကို သေချာ ရှင်းပေးမယ်”

ပိုင်ယန်မှ ခဏစဉ်းစား၍ ပြောလိုက်သည်။ 

ပိုင်ယန် ပိုက်ဆံအနည်းငယ်ချေးကာ ဖြေရှင်းနိုင်မည်ဟု တွေးမိလေသည်။ 

ပစ္စည်းမှာ အတုဖြစ်နေသောကြောင့် လျော်ကြေးလည်း အရမ်းမများလောက်ပေ။ 

သူ့အတွက် လင်းချွမ်မှာ ကယ်တင်ရှင်တစ်ဦးဖြစ်ပြီး ထိုသို့သော ပန်းအိုးမျိုး လင်းချွမ် ပြန်ဖန်တီးနိုင်မည်ကိုလည်း သိနေ၏။ 

“အစ်ကိုပိုင် အရမ်းမလောပါနဲ့။ ရဲဝန်ထမ်းတွေ စစ်ဆေးနေတုန်းပါ။ ကျွန်တော်တို့မှာ တာဝန်ရှိတယ်လို့ တရားဝင် မထွက်လာသေးပါဘူး။ ပြီးတော့ ကိစ္စက ထင်သလောက် မရိုးရှင်းဘူး။ လှည့်ကွက်တွေ ရှိနေတယ်”

“လင်းကို ကျွန်တော် ယုံပါတယ်ဗျာ”

ပိုင်ယန် ခေါင်းငြိမ့်ပြလိုက်၏။ 

“ယုယွီရော”

လင်းချွမ် မေးလိုက်သောအခါ ပိုင်ယန် တံခါးဘက်သို့ လက်ညှိုးထိုးပြ၏။ 

ထိုစဉ် အဖြူရောင် ရှပ်အင်္ကျီအပါးနှင့် နက်ပြာရောင် စကတ်လေးဝတ်ထားသော မိန်းကလေးတစ်ဦး ထွက်လာပြီး ချမ်းလွန်း၍ ခပ်ကုတ်ကုတ်လေး ဖြစ်နေသည်။ 

“ယုယွီ”

လင်းချွမ် သူ့အနားလျှောက်သွားပြီး တွဲပေးလိုက်သည်။ 

“လင်းချွမ်”

ယုယွီ လင်းချွမ်ကို တွေ့သောအခါ အားတင်း၍ ပြုံးပြလိုက်သည်။ 

သို့သော် သူ့အပြုံးမှာ ကြာကြာမခံဘဲ ပျောက်ကွယ်သွား၏။ 

“မစိုးရိမ်ပါနဲ့။ အဆင်ပြေသွားမှာပါ”

လင်းချွမ် သူ့စိတ်ကိုနားလည်ကာ ချော့လိုက်သည်။ 

“ရဲတွေပြောစကား နားထောင်ပြီး အရမ်း စိတ်လှုပ်ရှားနေတာ။ ဒီအမှုကနေ ရုန်းမထွက်နိုင်တော့ဘူး ထင်ပါတယ်”

ယုယွီ မျက်ရည်များဝဲကာ မော့ကြည့်၍ ပြောလေ၏။ 

သူ တစ်ဘဝလုံး အယ်ဒီတာအဖြစ်သာ အေးအေးဆေးဆေး နေခဲ့ပြီး ရဲစခန်းတံခါးဝပင် မရောက်ခဲ့ဖူးပါ။ 

ယခုလို မတော်တဆမှုကြောင့်သာ အားလုံး ပျက်စီး၍ ထောင်ကျမလိုအထိ ဖြစ်နေရသည်။ 

အခြေအနေဆိုးဖြစ်ရန် လက်တစ်ကမ်းအကွာသာ လိုတော့သည်။ 

လင်းချွမ်မှာ သူ့ဘဝအတွက် ကယ်တင်ရှင်ကြီးကဲ့သို့ ဖြစ်နေ၏။ 

ယုယွီ၏ ထိုကဲ့သို့ သနားစရာပုံစံလေးကြောင့် လင်းချွမ်လည်း စိတ်မကောင်းဖြစ်နေမိသည်။ 

ယုယွီသည် သူ့အတွက်ကြောင့်သာ နောက်မှ တကောက်ကောက် လိုက်ပေးနေခဲ့ခြင်း ဖြစ်သည်။ 

သူ အမှန်တော့ ရှေးဟောင်းပစ္စည်းပြပွဲကိုလည်း စိတ်ဝင်စားပုံ မပေါ်လှပါ။ 

ယခုတော့ လင်းချွမ်နှင့်အတူလိုက်လာရင်း ပြဿနာကြီး ဖြစ်သွား၍ သူ အပြစ်ရှိသလိုပင် ခံစားရ၏။ 

လင်းချွမ် ယုယွီ၏ မျက်ရည်များကို ညင်သာစွာ သုတ်ပေးလိုက်ပြီး ပြုံးကာ

“မငိုနဲ့တော့နော်။ မိတ်ကပ်တွေတောင် ပျက်ကုန်ပြီကွယ်။ မဟုတ်ရင် ကြောင်ညစ်ပတ်လေး ဖြစ်တော့မယ်”

ယုယွီ နှုတ်ခမ်းလေးစူလျက်

“ဘယ်သူက ငိုလို့လဲ”

“ဟုတ်ပါပြီ။ မငိုပါဘူးနော်”

လင်းချွမ် မျက်ရည်များ ဆက်သုတ်ပေးရင်း

“ဒါ မင်းအမှားလည်း မဟုတ်ဘူး။ ပြီးတော့ ပန်းအိုးအတုကိစ္စက ရှုပ်နေတာ။ ကျွန်တော်တို့က ကြားထဲက နယ်ရုပ်ပဲ ဖြစ်လိမ့်မယ်”

All Chapters