← Chapters

လုံခြုံမှု

Vol. 12 Ch. 179

လုံခြုံမှု

Vol. 12 Ch. 179

“အဲ့တာ တကယ်အတုလား”

“သေချာပေါက်ပဲပေါ့”

လင်းချွမ်ပြုံး၍

“ဘာမှမစိုးရိမ်နဲ့။ ဝတ္ထုလောကမှာ ကျွန်တော့်ကို ဆွဲခေါ်ပေးခဲ့သလိုပဲ။ ဒီတစ်ခါ ကျွန်တော် ကယ်ပေးမယ်”

ယုယွီ ခေါင်းငြိမ့်ပြကာ

“ကောင်းပါပြီ”

“ကဲ အခုတော့ ပြန်နားကြတာပေါ့။ မနက်ဖြန် ရဲစခန်းက ရလဒ်ထုတ်ပေးမယ်တဲ့”

“ဟုတ်ကဲ့”

ယုယွီ လင်းချွမ်လက်မောင်းအား လှမ်းဖက်ရင်း စိတ်အေးသွားမိ၏။ 

ထို့နောက် နှစ်ယောက်သား တက္ကစီစီး၍ ပြန်သွားကြလေသည်။ 

ယုယွီမှာ လင်းချွမ်လက်ကို မလွှတ်ဘဲ တောက်လျှောက် ဖက်ထားလေသည်။ ထိုသို့နေမှ သူ နွေးထွေးသလို ခံစားရ၏။ 

လင်းချွမ်လည်း နီးကပ်နေသော ရင်ခုန်သံကို ကောင်းကောင်း ခံစားရင်း နောက်ဆုံးတော့ ဟိုတယ်သို့ ရောက်လာကြတော့သည်။ 

“ကျွန်တော်တို့ ဒီလိုဆိုမှ ညစာတောင် မစားရသေးဘူးနော်”

လင်းချွမ် ရုတ်တရက် ဗိုက်ထဲမှ အသံမြည်လာ၏။ 

ယုယွီ ဘေးဘီကိုကြည့်၍ မျက်မှောင်ကြုတ်ကာ

“ဒီနားမှာ ဘာဆိုင်မှ မရှိဘူးထင်တယ်”

“ပါဆယ်မှာရင်ရော”

“ကျွန်မ ခေါ်သွားပေးမယ်”

ထိုသို့ပြော၍ ယုယွီ လင်းချွမ်လက်ကိုဆွဲကာ ထွက်သွားလေသည်။ 

လင်းချွမ်လည်း ခုနကအဖြစ်အပျက်ကြောင့် လန့်နေလောက်မည့် ယုယွီအား ဘာမှထပ်မမေးတော့ဘဲ အေးအေးဆေးဆေး လိုက်လာခဲ့လိုက်သည်။ 

(၁၀) မိနစ်ခန့်ကြာသော်။ 

နှစ်ယောက်သား ယုယွီအိမ်ရှေ့သို့ ရောက်လာ၏။ 

“ရှင် ဘာစားချင်လဲ။ ကျွန်မ ချက်ကျွေးမယ်လေ”

ယုယွီ သူ့ကိုလှည့်ကြည့်၍ မေးသည်။ 

လင်းချွမ်မှာ ရုတ်တရက်မှင်တက်၍ ဘာပြောရမည်မသိ ဖြစ်နေလေသည်။ 

သူ့ကို အိမ်အထိခေါ်လာမည်ဟု မထင်ထားချေ။ 

သို့သော် ယခုတော့ ရောက်နေပြီးလေပြီ။ 

ဟူး…

“စားစရာ ဘာရှိလို့လဲ”

“ဖက်ထုပ်၊ ခေါက်ဆွဲ… အင်း ဘာရှိသေးလဲ”

ယုယွီ စိတ်အတော်ပေါ့သွားပြီဟု ထင်ရပြီး မျက်နှာနုနုလေး ပြန်လန်းလာသည်။ 

“ခေါက်ဆွဲပဲ စားကြတာပေါ့”

လင်းချွမ်မှ ပြော၏။ 

“ကောင်းပါပြီ”

ယုယွီ ချက်ချင်း အေပရွန်လေးဝတ်ကာ မီးဖိုချောင်ထဲ ဝင်သွားပြီး ခေါက်ဆွဲပြုတ်လေသည်။ 

မကြာမီ ခေါက်ဆွဲပြုတ်ရလာပြီး လင်းချွမ်မှာ အလွန် ဗိုက်ဆာနေသောကြောင့် ချက်ချင်း ကုန်သွားကာ ယုယွီ သူ့ပန်းကန်ထဲမှတစ်ဝက်ကို ထပ်ထည့်ပေးလိုက်သည်။ 

“ကဲ ကျွန်တော် ဗိုက်တော့ဝသွားပြီ။ ပြန်နားလိုက်ဦးမယ်ဗျာ။ မနက်ဖြန်လည်း ရဲစခန်း ပြန်သွားရဦးမှာဆိုတော့”

ယုယွီ ပြတင်းပေါက်ကို လှမ်းကြည့်၍

“နောက်တောင် ကျနေပြီနော်။ ဒီည ဒီမှာပဲနေပြီး မနက်ဖြန် အတူတူသွားကြရင် မကောင်းဘူးလား”

လင်းချွမ် ဘေးဘီကိုကြည့်လိုက်သောအခါ တစ်ယောက်ခန်းလေးဖြစ်၍ အိပ်ခန်းတစ်ခန်း၊ ဧည့်ခန်းတစ်ခန်းသာ ပါပြီး ဧည့်ခန်းတွင် ခရင်မ်ရောင် ဆိုဖာတစ်လုံးကို တွေ့ရသည်။ 

ယုယွီ သူ့အခန်းထဲမှ ပန်းနုရောင် အိပ်ရာကို လက်ညှိုးထိုးပြကာ

“ရှင် ဒီညဒီမှာ အိပ်လို့ရပါတယ်။ ကျွန်မ ဆိုဖာပေါ် အိပ်လိုက်မယ်”

“မဟုတ်တာ ယုယွီရယ်။ မသင့်တော့်ပါဘူး”

လင်းချွမ် နေရခက်စွာ ပြော၏။ 

“ဒါဆို ကျွန်မလည်း အိပ်ရာပေါ်မှာ အိပ်မယ်”

ယုယွီ နှုတ်ခမ်းလေးစူကာ ပြောလိုက်သည်။ 

“ကျွန်တော်ပြောချင်တာ အဲ့လိုမဟုတ်ဘူးလေ”

လင်းချွမ် ရယ်မောလျက်

“ကျွန်တော့်မှာ အဝတ်အစားတွေလည်း မပါလာလို့။ ဟိုတယ်ပြန်မှ ဖြစ်မှာဗျ”

“ကျွန်မမှာ ရှိတယ်လေ”

ယုယွီ ရုတ်တရက် ထပြော၏။ 

“ဟင်”

ထို့နောက် ယုယွီ အဝတ်ဘီရိုဖွင့်ကာ အသားရောင် ညအိပ်ဝတ်စုံ ထုတ်ပေးလေသည်။ 

“ဒါက ဆိုဒ်ကြီးလို့ ယောက်ျားလေးလည်း ဝတ်လို့ ရတယ်။ ရှင်နဲ့ တော်မှာပါ”

“ကောင်းပါပြီ။ ဒါဆိုလည်း ကျွန်တော် ရေချိုးလိုက်ဦးမယ်”

လင်းချွမ် မငြင်းနိုင်တော့ဘဲ သက်ပြင်းချ၍ ပြောလိုက်သည်။ 

ယုယွီမှာ ပြုံးပျော်လျက်ရှိသည်။ 

“ဒါနဲ့ ဒီဝတ်စုံ မင်းဝတ်ဖူးလား”

လင်းချွမ် ရုတ်တရက် မေးလာ၏။ 

“ဝတ်ဖူးလို့ မရဘူးလား”

“မရရင်ရော”

“ရာရာစစ”

နှစ်ယောက်သား ရယ်မောလိုက်မိသည်။ 

ထို့နောက် လင်းချွမ် ရေချိုးနေချိန်တွင် ယုယွီအိပ်ရာ ပြင်ပေးထားလိုက်၏။ 

ယုယွီအလှည့် ရေချိုးပြီး ထွက်လာချိန်တွင်တော့ လင်းချွမ် ဆိုဖာပေါ်တွင် အိပ်မောကျနေလေပြီ။ 

“ဒိလူကတော့”

ယုယွီ ပြုံး၍ လင်းချွမ်အား စောင်သေချာ ခြုံပေးလိုက်သည်။ 

ထို့နောက် လင်းချွမ်၏ ချွတ်ထားသော အဝတ်များကိုပါ အဝတ်လျှော်စက်ထဲထည့်၍ လျှော်ဖွပ် အခြောက်ခံပြီးမှ အိပ်ရာဝင်ခဲ့၏။ 

သို့သော် သူ စိတ်လှုပ်ရှား၍ အိပ်မပျော်နိုင် ဖြစ်နေပြီး ဆိုဖာဘေးတွင် အိပ်ရာခင်း၍ လင်းချွမ်၏ အသက်ရှူသံ နားထောင်ရင်းမှ တဖြည်းဖြည်း အိပ်ပျော်နိုင်တော့သည်။ 

နောက်တစ်နေ့ နံနက်။ 

မနက်ခင်း နေရောင်ခြည်မှာ အိမ်ရှေ့ခန်းသို့ ထိုးဖောက်ကျရောက်နေသည်။ 

“အင်း…”

ယုယွီ အိပ်ရာမှ နိုးလာသည်။ 

ညက လင်းချွမ် တစ်ရေးနိုးစဉ် ယုယွီ ကြမ်းပြင်တွင် လာအိပ်နေသည်ကိုတွေ့၍ အိပ်ရာထဲ ချီပို့ပြီးမှ ဆိုဖာပေါ် ပြန်အိပ်ခဲ့လေသည်။ 

ထို့ကြောင့် ယုယွီ အခန်းထဲမှ ထွက်လာပြီး ကြည့်ရာ လင်းချွမ်အိပ်နေဆဲဖြစ်သည်ကို တွေ့ရ၏။ 

သူ လင်းချွမ်နှင့် အတူရှိလျှင် လုံခြုံစိတ်ချရသလို ခံစားရပါသည်။ 

သူ တိတ်တိတ်ဆိတ်ဆိတ်ဖြင့် မီးဖိုခန်းသို့ဝင်၍ မနက်စာ ပြင်ဆင်ကာ အဝတ်များ သပ်သပ်ရပ်ရပ် ခေါက်ပေးထားလိုက်သည်။ 

ထို့နောက် ရဲစခန်းမှ ဖုန်းဝင်လာသောကြောင့် သူ လင်းချွမ်ကိုနှိုးကာ မနက်စာစား၍ အဝတ်လဲပြီး ထွက်လာခဲ့ရ၏။ 

သူတို့ ရဲစခန်းသို့ ရောက်သောအခါ အစည်းအဝေးခန်းတစ်ခုထဲ ခေါ်သွားခံရလေသည်။ 

အခန်းထဲ၌ ရှေးဟောင်းပစ္စည်း ထိန်းသိမ်းရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ချန်ဟွေ့တို့ကဲ့သို့ ရဲဝန်ထမ်းများကို တွေ့ရသည်။ 

သူတို့ မနေ့က လင်းချွမ် ထွက်ဆိုချက်များကို ပြန်လည်ဆွေးနွေးရန် ရောက်ရှိနေခြင်း ဖြစ်သည်။ 

သူ့စကားအရ ချင်မင်းဆက် နံရံပါးပန်းအိုးမှာ အတုဖြစ်လေ၏။ 

ထိုထဲတွင် ထိုပန်းအိုးကို ကိုယ်တိုင်ကြည့်၍ ထောက်ခံပေးလိုက်သည့် ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေး ဥက္ကဋ္ဌ လီကျီကွမ်လည်း ပါဝင်သည်။ 

ယခုအခါ အွန်လိုင်းစာရေးဆရာ လူငယ်လေးတစ်ဦးမှ ပန်းအိုးကို အတုဟုဆိုနေခြင်းမှာ သူ့ကို စော်ကားခြင်းပင်။ 

ထို့ကြောင့် လင်းချွမ် အခန်းထဲ ဝင်လာသည်နှင့် ငေးစိုက်ကြည့်နေမိ၏။ 

လင်းချွမ်သည် လူငယ်ဆန်သော အဝတ်အစားနှင့်အတူ ချောမောသောရုပ်ရည်၊ တည်ကြည်သော အမူအရာတို့ဖြင့် ရောက်လာသည်။ 

“လင်းချွမ် ကျွန်တော်တို့ အခု ခေါ်လိုက်ရတဲ့ အကြောင်းအရင်းက

ချန်ဟွေ့မှ ဦးဆောင်၍ ရှင်းပြကာ မိတ်ဆက်ပေးလိုက်သည်။ 

ထို့နောက် လီကျီကွမ်မှ အလယ်တွင် ချထားသော ကွဲသွားပြီးသည့် ပန်းအိုးအပိုင်းအစအား လက်ညှိုးထိုးကာ

“လင်းချွမ် ခင်ဗျား စစ်ဆေးရေးအခန်းထဲမှာ ပြောခဲ့တာ အမှန်ပဲလား”

“ဟုတ်ပါတယ်”

လင်းချွမ် လေးနက်စွာ ခေါင်းငြိမ့်ပြ၏။ 

လီကျီကွမ် သူ့ကို စူးရှစွာကြည့်၍

“အဲ့တာ အတုပါလို့ ဘယ်လိုသက်သေရှိလို့လဲ”

အားလုံး သူ့အဖြေကို မျှော်လင့်တကြီး စောင့်နေကြသည်။ 

လင်းချွမ်၏ သက်သေမှာ အမှုအတွက် အရေးကြီးဆုံးအချက် ဖြစ်နေသည်။

All Chapters