အသေးစိတ် အချက်အလက်
Vol. 12 Ch. 180
မိုတုရဲစခန်း၊ အစည်းအဝေးခန်းမ။
နေရောင်ခြည်မှာ အခန်းထဲသို့ နူးညံ့စွာ ကျရောက်နေပြီး အလယ်ရှိ သစ်သားစားပွဲပေါ်၌ ကခုန်နေသကဲ့သို့ ရှိသည်။ အခန်းထောင့်ရှိ အပင်ငယ်လေးများ၏ လတ်ဆတ်သော ရနံ့မှာလည်း စိတ်ကြည်လင်စေလေသည်။
လူအများ၏ အကြည့်အောက်မှ လင်းချွမ် စားပွဲနား လျှောက်လာပြီး ကွဲကြေနေသော ချင်မင်းဆက် ပန်းအိုးကို စိုက်ကြည့်နေ၏။
နေရောင်ခြည်၏ ထိုးဖောက်မှုကြောင့် ပန်းအိုးအရည်အသွေးမှာ ပို၍ အနုစိတ်ပြီး ကြည်လင်နေလေသည်။
အတွင်းပိုင်း အလှအပများအထိ ဖောက်ထွင်းမြင်နိုင်ပြီး နွေးထွေးသောအရိပ်များ ကျရောက်နေ၏။
သူ သေချာထပ်ကြည့်ပြီးနောက် အတွေးထဲတွင် ပို၍ သေချာလာသည်။
လင်းချွမ် အကြီးအကဲများဘက်လှည့်၍
“ဒါရိုက်တာလီ တခြားဆက်မပြောခင် ကျွန်တော် မေးချင်တာ ရှိပါတယ်”
လင်းချွမ်မှ ပြော၏။
အားလုံး၏အမြင်တွင် လင်းချွမ်မှာ စိတ်လှုပ်ရှားသည့်ပုံ မပေါ်ဘဲ အေးဆေးတည်ငြိမ်လျက် ပြုံးနေသည်။
“မေးလေ”
လီကျီကွမ် အံ့ဩသလိုကြည့်၍ ပြောလိုက်သည်။
ယဉ်ကျေးမှုအမွေအနှစ်နှင့် မဆိုင်ဘဲ လင်းချွမ်၏ ယုံကြည်ချက်နှင့် တုံ့ပြန်ပုံမှာ အလွန်ဆွဲဆောင်မှု ရှိနေသည်။
ရှေးဟောင်းပစ္စည်းတစ်ခုကဲ့သို့ပင် ထူးခြားသော အရည်အသွေးနှင့် အနုပညာဆန်သော တန်ဖိုးတစ်ခု ရှိကာ တုပမရနိုင်သည့် ဆွဲဆောင်မှု ဖြစ်၏။
ရတနာအကဲဖြတ်သူတစ်ဦးအနေဖြင့် လူကိုလည်း ကောင်းကောင်းအကဲခတ်တတ်ပါသည်။
လင်းချွမ် အခန်းထဲ စဝင်လာတည်းက လီကျီကွမ် တောက်လျှောက် စောင့်ကြည့်နေပြီး သူ့အပြုအမူ၊ အပြောအဆိုနှင့် မျက်နှာအမူအရာမှအစ တစ်ချက်မှ မလွတ်သွားပေ။
ထို့ကြောင့် လီကျီကွမ်အတွက် လင်းချွမ်မှာ တောက်ပသော ရတနာဖြစ်နေသည်။
တည်ငြိမ်၍ ယုံကြည်ချက်ရှိလွန်း၏။
“လုပ်ငန်းစဉ်အရ ချင်မင်းဆက်နံရံပါး ပန်းအိုးကို ပညာရှင်အဖွဲ့အစည်းကနေ အတုအစစ် ထောက်ခံပေးခဲ့မှာပဲ။ အဲ့တာရဲ့ မှတ်တမ်း ရှိမှာပေါ့နော်”
လင်းချွမ် ပြုံး၍ ပြောလိုက်၏။
မှတ်တမ်းထဲတွင် အသေးစိတ် အချက်အလက်များ၊ ဓာတ်ပုံများနှင့် ရုပ်လုံးပုံစံငယ်တို့အထိ ပါဝင်လေသည်။
“သက်ဆိုင်တဲ့ မှတ်တမ်းကတော့ ရှိပါတယ်”
လီကျီကွမ် ခေါင်းငြိမ့်ပြ၏။
လင်းချွမ် ပြုံးလျက်
“ကျွန်တော် အဲ့အချက်အလက်အားလုံး လိုချင်ပါတယ်”
လင်းချွမ် မနေ့ညက သေချာ စဉ်းစားထားခဲ့ပြီး ဖြစ်သည်။
ပန်းအိုးမှာ ထောက်ခံချက်ပြီးမှ ပွဲမစမီ အတုနှင့် အလဲခံလိုက်ရခြင်း ဖြစ်နိုင်ပါသည်။
ထို့အပြင် ပစ္စည်းမှာ အလွန်အနုစိတ်၍ ပညာသား ပါပြီး ပွဲအတွင်း၌ ပညာရှင်မှာ အနည်းငယ်မျှသာ ရှိသည်။
အရေးအကြီးဆုံးမှာတော့ နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်စေရန် ချစ်ကြည်ရေးအဖြစ် လဲလှယ်လာသော ပစ္စည်းများ ဖြစ်သောကြောင့် အတုဖြင့်လဲထည့်ပေးရင်း ပြဿနာရှာမည် မဟုတ်ချေ။
ထို့ကြောင့် လင်းချွမ်အနေဖြင့် စစ်ဆေးရေးပြီးမှသာ လဲလိုက်သည်ဟု သံသယရှိပါသည်။
ဤသို့ဆိုလျှင် ပညာရှင်များ အကဲဖြတ်ထားသော မှတ်တမ်း၌ အစစ်ဖြစ်ကြောင်း ထောက်ခံချက်များ ပါပေမည်။
အစတည်းက ပစ္စည်းအတုဖြစ်နေလျှင်တော့ လင်းချွမ် ဆက်ပြောနေစရာမရှိတော့ပါ။
လီကျီကွမ် မျက်နှာပျက်၍ သူ့ကို သေချာစိုက်ကြည့်နေပြီးမှ ခေါင်းငြိမ့်လိုက်ကာ
“ကောင်းပြီလေ။ ယှဉ်ကြည့်ဖို့ မှတ်တမ်း ပြပေးမယ်”
“ကျေးဇူးတင်ပါတယ်”
လင်းချွမ်ပြုံး၍ ပြောလိုက်သည်။ ထို့နောက် ဆက်၍
“ပစ္စည်းကို ချိန်တွယ်စစ်ဆေးဖို့ ကိရိယာလေးများ ရနိုင်မလားဗျ”
ဘေးမှ ရဲအရာရှိတစ်ဦးက
“ချန်ဟွေ့ သွားယူခဲ့လိုက်ပါ”
ချန်ဟွေ့ ခေါင်းငြိမ့်ပြ၍ အခန်းထဲမှ အမြန် ထွက်သွားသည်။
မကြာမီ အဖွဲ့အစည်းမှ ထောက်ခံထားသော အသေးစိတ် အချက်အလက်များ အစည်းအဝေးခန်း ပိတ်ကားထက်၌ ပေါ်လာတော့၏။
ချင်မင်းဆက်ပန်းအိုး၏ ပုံစံငယ်မှာလည်း (၃၆၀) ဒီဂရီလည်၍ သေချာတွေ့နေရသည်။
ပုံအောက်တွင်တော့ အချက်အလက်များ ရေးထားလေ၏။
ဥပမာအားဖြင့် ပန်းအိုး၏အမြင့်၊ အခြေအလျား၊ လုံးပတ်၊ အဝအကျယ်၊ နံရံအထူ၊ အလေးချိန် စသဖြင့် ဖြစ်သည်။
ထို့အပြင် မည်သည့်နည်းဖြင့် ပြုလုပ်သည်၊ မည်သည့် ကျောက်စိမ်းကို သုံးထားသည်များလည်း ပါဝင်၏။ ထိုစဉ် ချန်ဟွေ့ အတိုင်းအတာကိရိယာများ ယူ၍ ပြန်ရောက်လာသည်။
ထို့နောက် လင်းချွမ်အား ပေးလိုက်၏။
သူ ရှန်ချန်းချန်းနှင့် ပတ်သက်၍ လင်းချွမ်အပေါ် အလွန် စိတ်ဝင်စားနေမိပါသည်။
အရင်တစ်ခါလို အဖြစ်မှန်ကို အောင်မြင်စွာ ဖော်ထုတ်နိုင်မည်လား။
လင်းချွမ် ပြုံး၍ ခေါင်းငြိမ့်ပြ၏။
ထို့နောက် လက်အိတ်စွပ်ကာ အတိုင်းအတာများ စတင် ပြုလုပ်လေသည်။
အခန်းထဲမှ အားလုံးလည်း လင်းချွမ်အပြုအမူအား ငြိမ်၍ ကြည့်နေကြ၏။
ယုယွီကတော့ ဘေးတွင် ရပ်နေရင်း စိုးရိမ်စိတ် ပြည့်နေပုံရသည်။
လက်လေးများတွင် ချွေးစေးများရွှဲ၍ စိတ်လှုပ်ရှားနေသည်။
လီကျီကွမ်လည်း မမှိတ်မသုန် စိုက်ကြည့်နေလေသည်။
လင်းချွမ် ဒီလိုနည်းနဲ့ အတုအစစ် ခွဲနိုင်မှာလား။