စစ်ကြောရေး
Vol. 12 Ch. 167
ထိုသို့ရဲစခန်းမှ သိမ်းယူရရှိသော အမွေအနှစ်များကို ပြတိုက်သို့ တိုက်ရိုက်ပို့ဆောင်ရလေသည်။
ဆွေးနွေးနေကြသော ပညာရှင်များထဲ၌ မျက်နှာမသာမယာနှင့် စိုးရိမ်နေပုံပေါ်သော အသက်ကြီးကြီးလူတစ်ဦး ရှိနေ၏။
လင်းချွမ် ခန့်မှန်းချက်အရ ထိုလူမှာ ပိုင်၏ဆရာ ချန်ချင်း ဖြစ်နိုင်သည်။
“မင်္ဂလာပါ ဆရာတို့”
ချန် လင်းချွမ်ကိုခေါ်၍ အခန်းထဲဝင်ကာ ပြုံး၍ နှုတ်ဆက်လိုက်သည်။
“ရဲသားချန်”
သူတို့လည်း ပြန်လှည့်ကြည့်၍ နှုတ်ဆက်ကြ၏။
“အခြေအနေကတော့ အစစ်အတုခွဲနေတုန်းဆိုတော့ သံသယရှိသူရဲ့ တောင်းဆိုချက်အရ ဒီရတနာအကဲဖြတ်သူကို ထပ်ဖိတ်ထားပါတယ်”
သူ လင်းချွမ်ကို မိတ်ဆက်ပေးရာတွင် အစက အွန်လိုင်းစာရေးဆရာဟုသာပြောရန် ပြင်လိုက်သော်လည်း မသင့်တော်သောကြောင့် ရတနာ အကဲဲဖြတ်သူဟုသာ ဆိုလိုက်သည်။
လင်းချွမ်၏ နုငယ်ချောမောသော ပုံရိပ်ကြောင့် အချို့မှာ မျက်မှောင်ကြုတ်နေကြ၏။
ထိုစဉ် ရိုးရာဝတ်စုံ ဝတ်ထားသော ဦးလေးကျန်းနှင့် ရွယ်တူမျှရှိသည့် မျက်လုံးတောက်တောက် လူမှ လင်းချွမ်အား ပြုံး၍ နှုတ်ဆက်လေသည်။
“ညီလေးရဲ့ ဆရာက ဘယ်သူများလဲ”
လင်းချွမ်ပြုံးကာ ယဉ်ယဉ်ကျေးကျေး ပြန်ဖြေလိုက်သည်။
“ကိုယ်တိုင် သင်ထားတာပါဗျ”
အားလုံး အံ့ဩ၍ ထူးဆန်းသလို ဝိုင်းကြည့်နေကြတော့သည်။
ထို့နောက် ပိုင်၏ဆရာချန်ချင်းမှ လင်းချွမ်အား စိတ်ဝင်တစားကြည့်၍
“ညီလေးက တကယ်ပဲ ရတနာတွေ အကဲဖြတ်နိုင်တာလား”
ချန်ချင်းတစ်ယောက် သူ့တပည့် အဘယ်ကြောင့် ထိုလူငယ်ကို ခေါ်ရသည်အား နားမလည်နိုင် ဖြစ်နေသည်။
ထိုသို့သောလူငယ်မှာ မည်မျှသိနိုင်မည်နည်း။
“ပိုင်ယန်ရဲ့ ကြေးကရားကို အရင်ကြည့်ပါရစေ”
ပညာရှင်များ၏ အထင်သေးမှုကို ဂရုမစိုက်ဘဲ လင်းချွမ်ပြုံး၍ ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။
…
အရှေ့တွင် ထောင်းထီကြေးကရားရှိနေပြီး မျက်နှာပြင်၌ အညစ်အကြေးအချို့ ကပ်နေသကဲ့သို့ ဖြစ်သည်။ သို့သော် ထိုအောက်မှ အနုပညာလက်ရာများကိုတော့ ကောင်းစွာ မြင်နေရပါသည်။
လင်းချွမ် (၂) မိနစ်ခန့် သေချာစိုက်ကြည့်နေပြီးနောက် အံ့ဩသလို မျက်ခုံးပင့်လိုက်မိသည်။
ပိုင်ယန် အဖမ်းခံရသည်မှာ မဆန်းပေ။
လက်ရာမှာ အလွန်သေသပ် အနုစိတ်လွန်းသောကြောင့် ပညာရှင်များအနေဖြင့် ပြန်လည်မွမ်းမံထားသော အရိိပ်အယောင်အား သတိမထားမိခြင်း ဖြစ်၏။
ထောင်းထီကြေးကရားနှင့် အလွန်ရင်းနှီးနေပြီးသော ပညာရှင်မျှသာ သိနိုင်လောက်သည်။
အစ်ကိုပိုင်က တကယ် ပါရမီရှိတာပဲ။ နည်းလမ်း ပြလိုက်တာနဲ့ လွယ်လွယ်ပဲ လိုက်လုပ်နိုင်တယ်။
သာမာန်လူများအနေဖြင့် တော်ရုံ မလုပ်နိုင်သော အခြေအနေ ဖြစ်ပါသည်။
“ညီလေး ခွဲခြားနိုင်ပြီလား”
ရိုးရာဝတ်စုံဖြင့်လူမှ ပြော၏။
ထိုလူမှာ ကောင်းချင်လင်းပင် ဖြစ်လေသည်။
လင်းချွမ်ပြုံး၍ ခေါင်းငြိမ့်ပြကာ
“ဒီကြေးကရားက တကယ့်အတုပါ”
“စိတ်ထဲရှိတဲ့အတိုင်း အကုန်ပြောနေတော့တာပဲနော်”
ကောင်းချင်လင်း ရယ်မော၍
“ဘာလို့ ဒီလိုဆုံးဖြတ်ရတာလဲ”
အခြားပညာရှင် (၃) ဦးလည်း သူ့စကားကို မယုံကြည်နိုင်ကြပေ။
သူတို့ သေချာကြည့်၍ အစစ်ဟု သိသာနေသော်လည်း လူငယ်ပညာရှင်ဆိုသူက အတုဟု ပြောနေ၏။
ချန်ဟွေ့နှင့် အခြားရဲဝန်ထမ်းတို့မှာတော့ လင်းချွမ်၏ ဖြေရှင်းချက်ကို စိတ်ဝင်တစား စောင့်နေကြသည်။
လင်းချွမ်ကတော့ အားလုံး အာရုံစိုက်နေသည်ကို သတိထားမိပြီး တည်ငြိမ်စွာပြုံး၍
“အားလုံးပဲ မလောပါနဲ့။ ပိုင်ယန်ရဲ့ ပြုလုပ်နည်းက သာမာန် အရင်အတုလုပ်နည်းတွေနဲ့ ကွဲပြားပါတယ်။ ကျွန်တော် လေ့လာမိသလောက်တော့ အစတည်းက အကောင်းစားကြေးထည်ပဲ။ အရင်ဆုံး ဆာလ်ဖျူရစ် အက်စစ်ကို အပူပေးပြီး ကြေးထည်ကို တိုက်စားစေတယ်။ အရေးအကြီးဆုံးနေရာကတော့ ရွှံ့စေးပြန်သုတ်တာပေါ့။ ဒီမှာ အရည်အချင်းက စကားပြောတယ်။ အရောင်အသွေးကိုလည်း အရမ်း ဂရုစိုက်ရတာ။ ပိုင်ယန်ကျတော့ နဂိုပညာနောက်ခံ ရှိထားတော့ ဒီအဆင့်လောက်ကို အေးအေးဆေးဆေး ကျော်သွားနိုင်တာပေါ့။ နောက်တစ်ဆင့်က မီးဖုတ်တာ…”
လင်းချွမ် လုပ်ငန်းစဉ်အဆင့်ဆင့်ကို တစ်ခုချင်း ရှင်းပြနေ၏။
ရဲဝန်ထမ်း (၂) ဦးမှာ ရှေးဟောင်းပစ္စည်းအကြောင်း နားမလည်ကြသော်လည်း သူရှင်းပြသည်မှာ အဓိပ္ပာယ်ရှိသလို ခံစားရသည်။
အခြားပညာရှင်များလည်း နားလည်သွားကြ၏။
ထိုစဉ် ကောင်းချင်လင်း မျက်မှောင်ကြုတ်လျက်
“မင်းပြောတဲ့ အချက်တွေကတော့ ငါတို့လည်း သိထားပြီးသားပါ။ ဒါပေမဲ့ ဘယ်သူမှ လက်တွေ့ဆန်အောင် မလုပ်နိုင်ဘူးလေ”
ကောင်းချင်လင်းအမြင်တွင် လင်းချွမ်မှာ ပိုင်ယန် အပြစ်ကင်းကြောင်း အတင်းသက်သေပြပေးမယ့် ပညာရှင်အတုဟု ထင်နေ၏။
ထို့အပြင် သူကြည့်ရင်းဖြင့် ကြေးကရားကို အလွန် သဘောကျလာပြီး ပြတိုက်၏ မည်သည့်နေရာတွင် ထားမည်ကိုပါ တွေးနေမိတော့သည်။
“ဆရာတို့ရယ် မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး။ အထူးသဖြင့် အခုခေတ်ကြီးမှာ နည်းပညာတွေ အရမ်း တိုးတက်နေပြီလေ။ ခက်ခဲတာတွေလည်း လျှော့ချနိုင်တာပေါ့”
လင်းချွမ် ခေါင်းယမ်း၍ ချေပ၏။
ကောင်းချင်လင်း သူ့ကိုစိုက်ကြည့်၍
“ဒါဆို ပြောပါဦး။ မင်းသာ ဒီလိုမွမ်းမံရမယ်ဆိုရင် ဘာပစ္စည်းတွေ သုံးမှာလဲ”
လင်းချွမ် ယုံကြည်ချက်အပြည့်ဖြင့် ပြန်ကြည့်၍
“ဗာဒီဂရစ်ဆေး၊ ကော်၊ ရိုဆင်း၊ ဘလီတီလာ၊ သတ္ထုမှုန့်…”
လင်းချွမ် လိုအပ်သောပစ္စည်းများကို တစ်ခုချင်း ရွတ်ပြနေသည်။
ထိုနာမည်များကြားသောအခါ အချို့ပညာရှင်များ မျက်မှောင်ကြုတ်နေကြလေ၏။
သူတို့အားလုံး အတွေ့အကြုံရှိ ပညာရှင်များဖြစ်၍ လင်းချွမ်ပြောသည်များအား သိရှိပြီး ဖြစ်ပါသည်။
“မင်းမှာ ကော်၊ လက်ချားနဲ့ ရိုဆင်တို့ရှိနေရင် ဘလီတီလာအနှစ် ဘာလို့ လိုဦးမှာလဲ”
ချန်ချင်းမှ မေးလိုက်၏။
လင်းချွမ် ခပ်လျော့လျော့ပြုံး၍
“ဘလီတီလာဆိုတာက တရုတ်ဆေးဘက်ဝင် အပင်လေ။ သဘာဝအချွဲတွေပါလို့ ပစ္စည်းကို ပိုထူစေတဲ့အစွမ်း ရှိတယ်။ ဓာတုပစ္စည်းအစား သုံးလို့ရတာပေါ့။ အဲ့တော့ ကြေးကရားအတွက် ထူးဆန်းတဲ့အနံ့လည်း မထွက်သလို သဘာဝလည်း ပိုကျတယ်”
ချန်ချင်း မျက်မှောင်ကြုတ်၍ သူ့စကားအား သုံးသပ်ကြည့်နေသည်။
အခြားပညာရှင် (၂) ဦးလည်း ငြိမ်နေကြပြီး ကောင်းချင်လင်းတစ်ယောက်သာ မည်သို့ ပြန်ပက်ရမည်ကို တွေးနေ၏။
သို့သော် လင်းချွမ်ကတော့ သူ့ကို အခွင့်အရေး မပေးဘဲ
“ရဲသားချန် ဒီကရားက အပေါ်ယံကို နည်းနည်း ခြစ်ချပြီး သတ္ထုစစ်ဆေးဖို့ ပို့ပေးပါ။ ကျွန်တော် ပြောတဲ့အတိုင်း ထွက်လာပါလိမ့်မယ်”
ချန်ဟွေ့ ရုတ်တရက် မှင်တက်နေမိလေသည်။
တစ်ခန်းလုံးအား လင်းချွမ် ထိန်းချုပ်ထားသလို ထင်ရ၏။
လူငယ်အွန်လိုင်းစာရေးဆရာထံမှ ပညာသင်နေရသော ပညာရှင်ကြီးများပုံ ဖြစ်လေသည်။
ထိုမြင်ကွင်းသာ အပြင်သို့ ပျံ့သွားပါက အားလုံး ဆူညံသွားနိုင်၏။
“ရဲသားချန်”
လင်းချွမ် ထပ်ခေါ်လိုက်သည်။
“ဟင် ဘာလို့လဲဗျ”
သူ ထိုအခါမှ သတိပြန်ဝင်လာ၏။
လင်းချွမ် ခုနကအတိုင်း ပြန်ပြောလေသည်။
ချန်ဟွေ့ သူ့အား ထူးဆန်းသလို ငေးကြည့်မိ၏။
သူက ငါ့ကို ပြန်ခိုင်းနေတာလား။
သူ့ပုံစံက ရဲစခန်းနဲ့ ရင်းနှီးနေသလိုပဲ။
အမှုကိုင်ဖူးတဲ့ အတွေ့အကြုံတောင် ရှိပုံပေါက်တယ်။
အွန်လိုင်းစာရေးဆရာအနေနဲ့ အရမ််း တတ်လွန်းနေတာ မဟုတ်ဘူးလား။
ချန်ဟွေ့ အဆက်မပြတ် တွေးနေမိ၏။
ချန်ဟွေ့ အန်လင်းရဲစခန်းမှ တက္ကသိုလ်ကျောင်းနေဖက် တစ်ဦးကို သတိရပြီး ယခုအမှုပြီးမှ လင်းချွမ်အကြောင်းမေးရန် မှတ်ထားလိုက်သည်။