← Chapters

အမှုမှန်

Vol. 13 Ch. 181

အမှုမှန်

Vol. 13 Ch. 181

လင်းချွမ် အချက်အလက်များ တိုင်းတာစစ်ဆေးရန် အချိန်သိပ်မကြာလိုက်ပေ။ 

ပန်းအိုး၏ အမြင့်မှာ (၃၁.၁) စင်တီရှိပြီး လင်းချွမ်ဘေးတွင် ရပ်နေသော ယုယွီမှာ ထိုဂဏန်းကို ကြည့်ရင်း အလွန်အံ့ဩသွားမိသည်။ 

အဖွဲ့အစည်းမှ စစ်ဆေးထားသည့် အချက်အလက်များအတိုင်း ဖြစ်လေသည်။ 

ထို့နောက် အချက်တစ်ခုချင်းစီတိုင်းမှာ အကုန် ကိုက်ညီနေလေသည်။ 

အစည်းအဝေးခန်းထဲ၌။ 

ယုယွီ လင်းချွမ်ဘေးတွင်ထိုင်လျက် ရင်တဒိတ်ဒိတ်ခုန်နေသည်။ အချက်အလက်များ ပိုကိုက်ညီလာလေ၊ အစစ်ဖြစ်ကြောင်း ထောက်ခံနေလေ ဖြစ်သည်။ 

ချန်ဟွေ့ မျက်မှောင်ကြုတ်ကာ စိုက်ကြည့်နေသည်။ 

အခန်းထဲမှ အခြားသူများလည်း အချင်းချင်း ကြည့်လိုက်ရင်း တီးတိုးပြောဆိုနေကြ၏။ 

“အချက်အလက်တွေက ဒီလောက်ကိုက်ညီနေတာ။ တကယ့်အစစ်ပဲ ဖြစ်မှာပေါ့”

“စစ်ဆေးလေ အစစ်ဖြစ်ကြောင်း ထင်ရှားလေပဲ။ တန်ဖိုးကြီး နိုင်ငံ့ရတနာက ဒီလိုဖြစ်သွားတာ တကယ် နှမျောစရာပဲ…”

“အတုဆိုရင်တောင် အဲ့လောက် တိတိကျကျဖြစ်အောင် ထုလုပ်နိုင်မှာလား”

“…”

ထိုစဉ် ရဲစခန်းမှ ဒါရိုက်တာ ကျောက်ကန် မျက်မှောင်ကြုတ်လျက်

“လင်းချွမ် နောက်ထပ်စစ်ဆေးစရာများ ကျန်သေးလား”

အားလုံး လင်းချွမ်အား ဝိုင်းကြည့်လိုက်မိသည်။ 

အခန်းထဲမှ အနေအထားမှာလည်း ရုတ်တရက် လေးနက်ပူဆွေးသွားသလိုပင်။ 

နေရောင်ခြည်သည် ပြတင်းတံခါးမှတစ်ဆင့် အခန်းထဲ ကျရောက်လာပြီး နေရထိုင်ရ ပူအိုက်၍ တိုင်ကပ်နာရီမှ စက္ကန့်သံကိုသာ ကြားနေရသည်။ 

နေထိုင်ရသည်မှာ အသက်ရှူကြပ်စရာကောင်းလှ၏။ 

လင်းချွမ် သူ ကျေနပ်သည်အထိ စစ်ဆေးပြီးမှ အားလုံးကို မော့ကြည့်လိုက်သည်။ နောက်ဆုံး ကျောက်ကန်ထံတွင် အကြည့်ရပ်သွားပြီး

“ဒါရိုက်တာ မလောပါနဲ့ဗျာ။ ဒီလိုစစ်ဆေးနေတယ်ဆိုတာ အတုအစစ် ခွဲဖို့ မဟုတ်ဘူးဗျ။ အစစ်အတိုင်း တူနေတာကို ပြမလို့”

ကျောက်ကန် ပို၍ မျက်မှောင်ကြုတ်သွားကာ

“အချက်အလက်တွေ တူနေရင် ဒါ ချင်မင်းဆက် နံရံပါးပန်းအိုးအစစ်ပဲပေါ့”

“အဲ့တာက အရေးမကြီးပါဘူး”

လင်းချွမ်ပြုံး၍ ဆက်ပြော၏။ 

“မှတ်တမ်း ဗီဒီယိုရဲ့ (၄:၂၆) နေရာမှာ ခဏရပ်ပေးပါ”

အစည်းအဝေးခန်း လျှပ်စစ်ပစ္စည်း ထိန်းချုပ်ရေး တာဝန်ကျသူမှာ ချန်ဟွေ့ဖြစ်သည်။ 

ချန်ဟွေ့မှာ နားမလည်နိုင်သော်လည်း အခြား အထက်လူကြီးများ ခေါင်းငြိမ့်ပြသောကြောင့် ချက်ချင်း ဗီဒီယို၏ (၄) မိနစ် (၂၆) စက္ကန့်နေရာ၌ ရပ်ပေးလိုက်သည်။ 

မျက်နှာပြင်ပေါ်တွင် ပန်းအိုးအား အမှောင်ထုမှ ဝန်းရံထားပြီး အပေါ်မှ အလင်းရောင် ထိုးထားလေသည်။ 

ကျောက်စိမ်းနံရံမှာ အလွန်ပါးလွှာ၍ အလင်းဖောက်နိုင်သည်အထိ ကြည်လင်နေသည်။ 

ထို့ကြောင့် အထဲတွင် အစိမ်းရောင်အလင်း တောက်နေပြီး နူးညံ့နွေးထွေးသော ခံစားချက်ကို ရစေ၏။ ပန်းအိုး၏ အခုံးအခွက်များမှာလည်း အရိပ်များ လှပစွာ ကျရောက်နေလေသည်။ 

ထိုအခြေအနေမှာ ထူးခြားသော အလင်းနှင့် အရိပ် လုပ်ဆောင်ပုံဖြစ်၏။ 

လင်းချွမ် အားလုံးကို ဝေ့ဝဲကြည့်ကာ

“အားလုံးပဲ ဒီလို အလင်းနဲ့အရိပ် သက်ရောက်မှုကို မှတ်ထားပေးကြပါ”

သူတို့ နားမလည်နိုင်ကြသော်လည်း ပြန်မမေးမိပေ။ 

ထို့နောက် လင်းချွမ် သူ့အိတ်ကပ်ထဲမှ ဓာတ်မီးကို ထုတ်လိုက်သည်။ ထိုဓာတ်မီးမှာ ရတနာ အကဲဖြတ်သူများ သုံးလေ့ရှိသောပစ္စည်း ဖြစ်၏။ လီကျီကွမ်တွင်ရှိသော ဓာတ်မီးနှင့်လည်း ဆင်တူလှသည်။ 

ထို့နောက် အခန်းထဲ ဝေ့ကြည့်၍ ပြတင်းပေါက်နား လျှောက်သွားကာ လိုက်ကာများအား ဆွဲ၍ တံခါးကိုလည်း ပိတ်လိုက်သည်။ ပြီးလျှင် မီးများပိတ်ကာ ပြင်ပအလင်းရောင်လည်း မရှိတော့၍ မျက်နှာပြင် ခဏတာ မှောင်ကျသွား၏။ 

အစည်းအဝေးခန်းတစ်ခုလုံး မှောင်အတိ ဖြစ်နေသည်။

လင်းချွမ်၏ ဓာတ်မီးမှ အလင်းရောင်သာ ကျန်ခဲ့၏။ 

“ဒါရိုက်တာလီ ခုနက အလင်းနဲ့ အရိပ်ကျရောက်ပုံ အတိုင်း မှန်မမှန် ကြည့်ပေးနိုင်မလား”

လင်းချွမ် လီကျီကွမ်အားကြည့်၍ မေးလိုက်သည်။ 

လီကျီကွမ် မျက်မှောင်ကြုတ်ကာ စစ်ဆေးမှု၌ အာရုံစိုက်ထားလေသည်။ 

ထို့နောက် သေချာကြည့်ပြီးသောအခါ 

“သူ့နံရံက ပါးတယ်။ ကျောက်စိမ်းအရည်အသွေးလည်း မြင့်တယ်။ အလင်းဖောက်အား ကောင်းတယ်”

လင်းချွမ်ပြုံး၍ ထပ်မေး၏။ 

“ခုနက ဗီဒီယိုရဲ့ (၄) မိနစ်၊ (၂၆) စက္ကန့်က အရိပ် သက်ရောက်မှုနဲ့ ဘယ်လိုကွာလဲ”

လီကျီကွမ် လန့်သွားမိသည်။ 

ထို့နောက် လင်းချွမ်အား မျက်မှောင်ကြုတ်ကြည့်၍

“မင်းပြောချင်တာက အရိပ်ပုံစံ မတူဘူးလား”

“ဒါပေါ့”

လင်းချွမ် ခေါင်းငြိမ့်ပြ၍ တစ်နေရာကို လက်ညှိုးထိုးပြကာ 

“ဒါရိုက်တာလီ ဒီထောင့်နားကိုကြည့်ရင်တော့ တူပေမဲ့ ဒီမှာကြည့်နော်။ အလင်းရောင်က ဗီဒီယိုထဲကလို အစိမ်းနုရောင် မဟုတ်ဘူး။ နောက်ပြီး အစက်အပျောက်တွေနဲ့ အရိပ်က ထူးဆန်းတယ်”

လင်းချွမ် ရှင်းပြနေရင်း လီကျီကွမ် အံ့ဩကာ စွံ့အနေမိ၏။ 

ထို့နောက် ပန်းအိုးနံရံများကို ကြည့်၍ ဖုန်နှင့် အညစ်အကြေးများ ရှိမနေသည်ကို တွေ့ရသည်။ 

သေချာပေါက် ပစ္စည်း (၂) ခုမှာ မတူကြပေ။ 

ထို့ကြောင့် နိုင်ငံ့ရတနာအစစ်မှာလည်း ထိခိုက်မှု မရှိသေးပေ။ 

လီကျီကွမ် အချိန်အတော်ကြာ အံ့ဩနေပြီးမှ လင်းချွမ်အား ငေးကြည့်၍ လေးစားစွာဖြင့်

“ဒါ တကယ်ကို အံ့ဩစရာပဲ။ ပစ္စည်းက အတုဖြစ်နေတာဆိုတော့ အစစ်က မပျက်စီးဘူးပေါ့”

All Chapters