သက်တမ်း
Vol. 13 Ch. 188
ဂန္တဝင်လမင်းပြတိုက်။
(၃) လွှာ၌။
နက်ပြာရောင် ကုတ်အင်္ကျီနှင့် မျက်မှန်တပ်ဆင်ထားသော ဟုရှူတစ်ယောက် ဘေးမှ ဗီရိုထဲရှိ ကျောက်စိမ်းနုရောင် ပန်းအိုးအား ခပ်အေးအေး ထုတ်လိုက်သည်။
ပန်းအိုးမှာ အလွန်ကြည်လင်၍ လက်ရာမှာ အနုစိတ်လှ၏။
ဟုရှူ ပန်းအိုးကိုကြည့်ရင်း ခေါင်းငြိမ့်၍
“တကယ်ပဲ ဒါကို ယှဉ်နိုင်မယ့်ပစ္စည်းမျိုး လောကမှာ ရှိလာမှာ မဟုတ်ဘူး”
ကောင်းချင်လင်း တုန်လှုပ်စွာဖြင့်
“မစ္စတာဟု ဒီအတုသာ မပျက်စီးသွားရင် မယှဉ်နိုင်တဲ့ ပစ္စည်းနောက်ထပ် ရှိနေမှာပေါ့”
ဟုရှူ လက်ယမ်းပြ၍
“အဲ့အတုက ငါ့မှာရှိတဲ့ ငါ့မှာရှိတဲ့ကျောက်စိမ်းထည်တွေထဲ အကြိုက်ဆုံးပဲ။ ရာနှုန်းပြည့်နီးပါးတူပေမဲ့ လိုအပ်တာတစ်ခုတော့ ရှိတယ်”
“ဘာများလဲ”
ကောင်းချင်လင်း အံ့ဩစွာ မေးလိုက်သည်။
ဟုရှူ ပန်းအိုးအစစ်အား ဖြည်းဖြည်းပြန်ချ၍ ပြုံးကာ ခပ်အေးအေး ပြောလေ၏။
“သက်တမ်းပေါ့”
“သက်တမ်း”
ကောင်းချင်လင်း မျက်မှောင်ကြုတ်လိုက်မိသည်။
ရှေးဟောင်းပစ္စည်းလောကတွင် ကျင်လည်နေသော ပညာရှင်တစ်ဦးအနေဖြင့် ထိုစကားလုံးကို မရင်းနှီးဘဲ မနေပါ။
သို့သော် ပစ္စည်း၏ သက်တမ်းကို အကဲဖြတ်ရာတွင် အခြားစည်းမျဉ်းများစွာ ရှိပါသေးသည်။ ဥပမာအနေဖြင့် အသုံးပြုပစ္စည်း၊ ပြုလုပ်ပုံ စသဖြင့် ဖြစ်သည်။
သူ့အမြင်တွင် ဟုရှူ၏ ချင်မင်းဆက် နံရံပါးပန်းအိုး အတုပြုလုပ်ခြင်းမှာ လုံးဝ အောင်မြင်၍ အသေးစိတ်မှအစ ဂရုစိုက်ထားသောကြောင့် အစစ်အတိုင်း ဖြစ်လေသည်။
နှစ်ပေါင်းများစွာကြာမှ တစ်ခါဖြစ်နိုင်သော အနုပညာဖန်တီးမှုပင်။
ဟုရှူကတော့ ယခု ‘သက်တမ်း’ လိုအပ်သည်ဟု ဆိုနေလေသည်။
“သူ့သက်တမ်းနဲ့ရှိတဲ့ ရှေးဟောင်းပစ္စည်းက ဆွဲဆောင်မှု ရှိတယ်လေ။ ပြန်ပြီးအတုလုပ်လို့ မရသလို ဖန်တီးဖို့လည်း မလွယ်ဘူး”
ဟုရှူမှဆက်၍
“မဟုတ်သေးဘူး။ အတိအကျပြောရရင် အရမ်းခက်ခဲလွန်းလို့ လိုက်မတုနိုင်တာပေါ့”
ကောင်းချင်လင်းမှာ ဟုရှူပြောသည့် သက်တမ်း၏ ဆွဲဆောင်မှုကိုတော့ နားမလည်နိုင်တော့ပေ။
သို့သော် ဟုရှူ၏လေသံကိုတော့ နားလည်ပါသည်။
မရှိခြင်းမှ မဖြစ်နိုင်ခြင်းသို့ ပြောင်းလဲသွား၏။
ပြောရလျှင် ထိုသက်တမ်းကိုပါ ဖန်တီးနိုင်သောသူ ရှိလာနိုင်ပါသေးသည်။ ထိုအချိန်တွင်တော့ လုံးဝ ပြီးပြည့်စုံသော အခြေအနေ ဖြစ်သွားပေမည်။
မိုတုပြတိုက်၏ တာဝန်ခံ ကောင်းချင်လင်း မျက်မှောင်ကြုတ်၍ မစ္စတာဟုကိုကြည့်ကာ
“မစ္စတာဟု လုပ်နိုင်လို့လား”
ဟုရှုခေါင်းယမ်းကာ ရယ်မောလိုက်လေ၏။
ကောင်းချင်လင်းလည်း ရယ်မော၍
“မစ္စတာဟုသာ မလုပ်နိုင်ရင် တခြားဘယ်သူ ရှိဦးမှာလဲ”
ဟုရှူမှာတော့ ရှက်နေသလိုဖြင့် ခေါင်းယမ်းကာ လက်ဖက်ရည်သောက်ရင်း ငြိမ်နေသည်။
ထို့နောက် လက်ဖက်ရည်ခွက်အားချကာ စားပွဲအောက်မှ အံဆွဲကိုဖွင့်၍ ပိုးသေတ္တာလေးတစ်လုံး ထုတ်ဖွင့်လိုက်သည်။
ကောင်းချင်လင်း လှမ်းကြည့်လိုက်သောအခါ အဖြူရောင်ပိုးသားစဖြင့် ပတ်ထားသော ကြွေထည်ပစ္စည်းအား တွေ့ရ၏။
“ဒီကြွေပန်းကန်လုံးလား”
ကောင်းချင်လင်း နားမလည်နိုင် ဖြစ်နေသည်။
“အရင်ကြည့်ကြည့်လိုက်ပါ”
ဟုရှူ သေတ္တာကို သူ့အနားတိုးပေးလိုက်၏။
ကောင်းချင်လင်း နားမလည်နိုင်စွာဖြင့် သေတ္တာထဲမှ ပန်းကန်လုံးကို သေချာ ကြည့်နေမိသည်။
ပန်းကန်လုံးမှာ ငါးရောင်ခြယ်ပန်းများနှင့် လိပ်ပြာသဏ္ဍာန် အဆင်ဒီဇိုင်းများ ဖြစ်သည်။
အပြင်နံရံကို အနီရောင်ငါး (၄) ကောင် ဆွဲထားပြီး အသက်ဝင်စွာ ကခုန်နေကြ၏။
ကောင်းချင်လင်း ခဏငြိမ်နေပြီးမှ
“ကိုယ်ထည်က ကျစ်ပြီး နူးညံ့တယ်။ ပန်းချီကလည်း ဆွဲဆောင်မှုရှိတယ်။ ချင်ကန်ရှီ ငါးရောင်စုံ ပန်းကန်လုံးနဲ့တောင် တူတယ်”
“ဟုတ်တယ်။ အစက ငါလည်း အတူတူပဲ ထင်တာ”
ဟုရှူပြုံး၍ ပြောလိုက်၏။
“အင်း ကျွန်တော် ပစ္စည်းကောင်းတွေ အများကြီး တွေ့ဖူးတယ်။ ဒါက တကယ့်အဆင့်မြင့်ထဲ ပါတာပဲ”
ဟုရှူ ရယ်မောလျက်
“ပန်းကန်လုံး အောက်ခြေကိုကြည့်လိုက်”
ကောင်းချင်လင်း သူပြောသည့်အတိုင်း လှန်ကြည့်လိုက်သောအခါ အလွန်လန့်ဖျပ်သွားလေသည်။
“ဒါက…”
သူ မှင်တက်နေမိ၏။
“ဒီပန်းကန်လုံးက ဈေးကွက်မှာ သောင်းဂဏန်းအထိ ပေါက်ပေမဲ့ ကျွန်တော့်အမြင်တော့ အဖိုးမဖြတ်နိုင်လောက်အောင်ပဲ။ ဘာလို့လဲ သိလား”
ဟုရှူ ပြန်မေးလိုက်သည်။
ကောင်းချင်လင်း အံ့ဩစွာဖြင့်
“ဘာလို့လဲ”
ဟုရှူ ခေါင်းယမ်းကာ ပြုံးလျက်
“ဒီထဲက သက်တမ်းဆိုတာကို နားလည်ရင် ငွေနဲ့ဝယ်လို့မရတဲ့ နည်းလမ်းကိုလည်း သိလိမ့်မယ်”
ကောင်းချင်လင်း ပိုစိတ်ဝင်စားလာပြီး
“ဒီပန်းကန်လုံးကို ဘယ်သူ လုပ်တာမို့လို့လဲ”
“ဘယ်သူလို့ ထင်လဲ”
ကောင်းချင်လင်း တုန်လှုပ်စွာဖြင့် တစ်လုံးချင်း ပြောလိုက်သည်။
“လင်းချွမ်”
ဟုရှူ ခပ်အေးအေး ခေါင်းငြိမ့်ပြ၏။
ကျန်းရီရှင်း ရောက်လာပြီး သူ့ကို အကဲဖြတ်ခိုင်းစဉ်တည်းက ပန်းကန်လုံးထဲမှ သက်တမ်းကို ခံစားမိပါသည်။
လူတစ်ဦးမှ ထိုသို့ ရှေးဟောင်းပစ္စည်းအတိုင်း တူညီအောင် ပြုလုပ်နိုင်သည်လား။