← Chapters

စောင့်ဆိုင်းခြင်း

Vol. 13 Ch. 189

စောင့်ဆိုင်းခြင်း

Vol. 13 Ch. 189

ဟုရှူမှာ ကျန်းရီရှင်းအား ပစ္စည်းအကဲဖြတ်ရန် ခဏထားခိုင်းရင်း ဂန္တဝင်လမင်းပြတိုက်၌ သိမ်းထားခြင်း ဖြစ်၏။ 

ကျန်းရီရှင်းလည်း ငြင်းဆန်ခြင်းတော့ မရှိပေ။ 

ဟုရှူ ထိုပန်းကန်လုံးအား တွေ့ပြီးသည်နှင့် တစ်ညလုံး အိပ်မပျော်နိုင်သောကြောင့် လင်းချွမ်၏ နောက်ခံအကြောင်း ချက်ချင်း စုံစမ်းဖြစ်လိုက်၏။ 

ထိုအခါ လင်းချွမ်သည် အန်လင်းမြို့၌ ရှေးဟောင်းပစ္စည်းဆိုင်ငယ်လေး ဖွင့်ထားသော အွန်လိုင်းစာရေးဆရာဖြစ်ကြောင်း သိလိုက်ရပြီး အလွန် လေးစားသွားမိသည်။ 

သူ နောက်တစ်နေ့ ပြပွဲတွင် ချင်မင်းဆက် ပန်းအိုးကို မတော်တဆအဖြစ် ဖျက်ဆီးရန် ပြင်ထားသော်လည်း လင်းချွမ်ကိုတွေ့သောအခါ ပစ်မှတ်ရသွား၏။ 

လင်းချွမ်သာ အခက်အခဲ ကြုံရလျှင် သူ့ထံ အလုပ်လုပ်ရန် ကမ်းလှမ်းနိုင်ပြီး ပစ္စည်းလည်း ပျက်စီးသွားပြီး ဖြစ်သောကြောင့် ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ပစ်သည့်သဘောပင်။ 

ဟုရှူအမြင်တွင် လင်းချွမ်၏အရည်အချင်းမှာ အစစ်အတိုင်း ထပ်တူကျစွာ ပြုလုပ်နိုင်သည်ဟု သိထား၏။ 

ထို့ကြောင့် သူ့လက်အောက်၌ အလုပ်လုပ်လျှင် ပိုအကျိုးရှိပေမည်။ 

ဟုရှူတစ်ယောက် အစီအစဉ်အတိုင်း အဆင်ပြေနေသည်ဟု ထင်နေလေသည်။ 

ထိုပစ္စည်းအတုအား သိမြင်နိုင်သူ မရှိလောက်ပါ။ 

ကောင်းချင်လင်းတစ်ယောက် သက်ပြင်းချ၍ လက်ဖက်ရည်တစ်ကျိုက် မော့သောက်လိုက်သည်။ 

“နောက်ပိုင်းလည်း မင်း လင်းချွမ်နဲ့ ဆက်ဆံရေးကောင်းအောင် လုပ်ထားသင့်တယ်။ တခြားကိစ္စတွေ ခေါင်းထဲ ထားမနေနဲ့”

ကောင်းချင်လင်း သူ့စကားကို နားမထောင်ဘဲ မနေနိုင်ပေ။ 

“ဟုတ်ကဲ့ပါ မစ္စတာဟု”

ကောင်းချင်လင်း ခေါင်းငြိမ့်ပြ၍ သဘောတူလိုက်၏။ 

“ဒါနဲ့ ခင်ဗျားရဲ့ ရှေးဟောင်းပစ္စည်း အကဲဖြတ်ပုံက ရှေးဆန်နေပြီနော်။ ကျွန်တော် စာအုပ်တစ်အုပ် ညွှန်းပေးချင်တယ်ဗျ။ အဲ့တာနဲ့ဆို တော်တော် အကူအညီရမှာ”

“ဘာစာအုပ်လဲဗျ”

“အွန်လိုင်းက စာအုပ်လေ။ ရှေးဟောင်းပစ္စည်းများ ဆိုပြီး။ လင်းချွမ် ရေးထားတာ။ ကျွန်တော်လည်း ဖတ်နေတုန်းပဲ။ ဒါပေမဲ့ အစပိုင်းပဲ ရှိပါသေးတယ်”

ဟုရှူ ရယ်မော၍ ပြော၏။ 

“မစ္စတာဟု ညွှန်းပေးတော့လည်း သေချာဖတ်ရမှာပေါ့”

ကောင်းချင်လင်း လင်းချွမ်ကို မကြိုက်သော်လည်း ဟုရှူစကားအား မလွန်ဆန်နိုင်သောကြောင့် အလိုက်သင့် ပြန်ပြောလိုက်သည်။ 

…

နောက်တစ်နေ့နံနက်။ 

သူတို့ စီစဉ်ထားသည့်အတိုင်း ချင်မင်းဆက် ပန်းအိုး ပြုပြင်ထိန်းသိမ်းရေးအား လင်းချွမ်မှ တာဝန်ယူမည်ဟု မိုတု ယဉ်ကျေးမှုဌာနမှ ကြေညာလာသည်။ 

ထိုသတင်းကြောင့် ပြည်သူလူထုမှာတော့ အလွန် ထိတ်လန့်သွားကြလေသည်။ 

မိုတုပြတိုက် အနောက်ဘက်၌ လင်းချွမ်အတွက် အလုပ်ရုံ ပြုလုပ်ထားပြီး အလုပ်သမားများမှာတော့ လင်းချွမ်၊ ပိုင်ယန်နှင့် ယုယွီတို့ ဖြစ်၏။ 

နေရောင်ခြည်မှာ တစ်ဝက်မျှ ကာထားသော ခန်းဆီးကြားမှ တိုးဝင်လာပြီး အခန်းထောင့်များအထိ သက်ရောက်နေသည်။ 

အခန်းအလယ်တွင်တော့ ပြုပြင်ရေးပစ္စည်းများစွာ ချ၍ ဘေးတွင် ကျောက်စိမ်းထည်များလည်း ရှိ၏။ 

လင်းချွမ် အလုပ်လုပ်ရန် ဝတ်စုံကို ဝတ်ဆင်ထားပြီး အဖြူရောင်လက်အိတ်စွပ်လျက် ပန်းအိုး၏ ကွဲရာများကို သန့်ရှင်းရေး ပြုလုပ်နေသည်။ 

ပိုင်ယန်လည်း ဘေးမှ ကူညီပေး၏။ 

“လင်း ရှေးဟောင်းပစ္စည်းချစ်သူတွေကတော့ အပြင်မှာ ဆဲနေကြပြီနော်။ ဒါကြီးက အတုဖြစ်ကြောင်း မြန်မြန် ပြောလိုက်ရင် ကောင်းမယ်နော်”

လင်းချွမ် ရယ်မောလျက်

“ကျွန်တော်တို့ အခုကြေညာရင် တရားခံတွေအတွက် အခွင့်ကောင်း ဖြစ်သွားမှာပေါ့”

“ဒါဆို ဖော်ထုတ်နိုင်မှာမို့လို့လား”

“ဒါက ပထမအစီအစဉ်ပေါ့။ အဲ့တာမပြေလည်း နောက်အစီအစဉ် ရှိသေးတယ်လေ”

လင်းချွမ်ပြုံး၍

“ကျွန်တော် သိထားတာတွေရှိတယ်။ ဘုရားသခင်တောင် ဆင်းမကယ်နိုင်တော့ဘူး”

“ဒါဆိုရင်တော့ လုံးဝ ကူညီမယ်ဗျာ”

“အခုတော့ ပြုပြင်ရေးပဲ အာရုံစိုက်ကြတာပေါ့။ စောင့်ကြည့်နေတဲ့ သတင်းထောက်တွေလည်း ရှိတော့”

လင်းချွမ်ပြေရင်း ပန်းအိုးအား ကြည့်နေသည်။ 

“ဟုတ်ကဲ့ပါ”

ပိုင် ခေါင်းငြိမ့်ပြလေ၏။ 

ကျောက်စိမ်းထည် ထိန်းသိမ်းရေးတွင် အရည်အချင်းများစွာ လိုပါသည်။ 

ယခုလို နံရံပါး ပန်းအိုးပြုလုပ်ရန်မှာ ပို၍ ခက်ခဲ၏။ 

လင်းချွမ်အတွက် အမှန်တော့ အလွန်မခက်ခဲလှသော်လည်း သူ ခပ်အေးအေးသာ ပြုလုပ်နေခဲ့သည်။ 

သို့သော် သံသယရှိသူ မည်သူမျှ ထပ်မပေါ်လာသည်ကို အလွန်အံ့ဩနေမိ၏။ 

…

ဇွန်လ (၁၈) ရက်၊ ညအချိန်။ 

တောက်ပသောလရောင်မှာ အခန်းထဲသို့ ကျရောက်နေပြီး အလုပ်ခန်းထဲ၌ လင်းချွမ်တို့ (၃) ဦး ရှိနေကြသည်။ 

အနေအထားမှာတော့ အတော်လေး ညှိုးနွမ်းနေကြသည်။ 

ပိုင်ယန် ပန်းအိုးအား မျက်မှောင်ကြုတ်ကြည့်လျက်

“လင်း ဒီရက်ပိုင်း ဘာမှလည်း မထူးသေးဘူးနော်။ ဒီထက်နောက်ကျရင် ကျွန်တော်တို့ အပြစ်ဖြစ်တော့မယ်”

ဘေးမှ ယုယွီလည်း ခေါင်းငြိမ့်ပြ၍ ထောက်ခံလေသည်။ 

“ကျွန်မတို့ အခုလည်း သံသယရှိသူ ဖြစ်ပြီးသားပဲ”

လင်းချွမ်လည်း အခြေအနေကို နားမလည်နိုင်အောင် ဖြစ်နေသည်။ 

ပုံမှန်အားဖြင့် တရားခံများမှာ ယခုအခြေအနေကို ထိုင်ကြည့်မနေလောက်ပေ။ 

“အခုက ဖြစ်နိုင်ခြေတော့ (၂) ခုရှိတယ်။ တစ်ခုက ကျွန်တော်တို့အစီအစဉ်ကို သိသွားတာ။ နောက်တစ်ခုက သူတို့အရမ်း ယုံကြည်ချက် ရှိနေတာ။ ကျွန်တော်တို့ မလုပ်နိုင်လောက်ဘူးပေါ့လေ”

လင်းချွမ် သုံးသပ်ပြ၏။ 

“ကျွန်မတော့ ဒုတိယတစ်ခု ထင်တယ်”

“ဘာလို့လဲ”

လင်းချွမ် စိတ်ဝင်တစား မေးလေသည်။ 

ယုယွီ ခဏစဉ်းစား၍

“ရှင့်ဘက်က သူတို့ကို အရမ်းအမြင့်ကြီး တွေးပေးထားတာမျိုးပေါ့”

“သူတို့က အဲ့လောက်တောင် ဉာဏ်မကောင်းကြဘူးလား”

ပိုင်ယန်မှ ဝင်၍

“မရီး သူတို့ ဒီကြားထဲ ကိုင်တွယ်ဖို့ ခက်နေတာ ဖြစ်မှာပေါ့”

ယုယွီ ခေါင်းယမ်းကာ

“ကျွန်မပြောချင်တာက ရှေးဟောင်းပစ္စည်း နယ်ပယ်မှာ သူတို့ လင်းချွမ်ကို ယှဉ်လို့ မရဘူးလေ။ လင်းချွမ် အတုမှန်းသိနေတာကိုလည်း သူတို့ မသိဘူး။ ဒါပေမဲ့ လင်းချွမ်ကကျတော့ သူတို့ကို အမြင့်ကြီး တွေးပေးနေတာ”

ပိုင်ယန် ထိုအခါမှ သဘောပေါက်သွား၏။ 

“ဒါဆို ပြောချင်တာက သူတို့ရဲ့ တုံးအမှုကြောင့် မစိုးရိမ်ဘဲ ငြိမ်နေကြတယ်ပေါ့”

“တုံးအတယ်လို့တော့ မဟုတ်ပေမဲ့ လင်းနဲ့ယှဉ်ရင်တော့ အဲ့လိုပဲပေါ့”

ယုယွီလည်း ထောက်ခံမိ၏။ 

သူတို့ တစ်လျှောက်လုံး စောင့်နေခဲ့သော်လည်း လုံးဝ အရိပ်အယောင် မတွေ့ရချေ။ 

“ဒါဆို ဘာဆက်လုပ်ကြမလဲ”

ပိုင်ယန်မှ မေးလိုက်၏။ 

လင်းချွမ် ပန်းအိုးအား စိုက်ကြည့်ကာ ခဏစဉ်းစား၍

“သူတို့ တုံးရင် ကျွန်တော်တို့ အဆင့် နည်းနည်း လျှော့ပေးရမှာပေါ့။ အတုလို့ သတင်းဖြန့်လိုက်တော့”

All Chapters