← Chapters

ဖော်ထုတ်ခြင်း

Vol. 13 Ch. 190

ဖော်ထုတ်ခြင်း

Vol. 13 Ch. 190

ဇွန်လ (၁၉) ရက်၊ မနက်ခင်း။ 

မိုတုမြို့ကောင်းကင်ယံတွင် မီးခိုးရောင် တိမ်လွှာများ အထပ်ထပ် ဖြစ်နေပြီး နေရောင်ခြည်ကို ဖုံးကွယ်ထား၏။ 

လေခပ်ကြမ်းကြမ်းမှာတော့ သစ်ပင်ကြီးများကိုပင် ယိမ်းနွဲ့နေစေလေသည်။ 

မိုတုပြတိုက်ထဲ၌ အကြီးအကဲအချို့ ရောက်ရှိနေကြ၏။ 

ယဉ်ကျေးမှုအဖွဲ့ ဒါရိုက်တာ လီကျီကွမ်၊ ပြတိုက်တာဝန်ခံ ကောင်းချင်လင်း၊ ရှေးဟောင်းပစ္စည်းလောကမှ နာမည်ကြီး ဟုရှူ စသဖြင့် ထင်ရှားသူများနှင့် ဝန်ထမ်းများလည်း ပါဝင်သည်။ 

ထိုထဲတွင် လင်းချွမ်လည်း ရှိနေ၏။ 

ယနေ့ ဟုရှူမှ လင်းချွမ်အမည်ဖြင့် ပန်းအိုး ပျက်စီးမှု လျော်ကြေးအဖြစ် ရှားပါး ရှေးဟောင်းပစ္စည်း (၃) ခုကို လှူဒါန်းခဲ့လေသည်။ 

ပွဲပြီးနောက် ဟုရှူ လင်းချွမ် ပုခုံးအား ပုတ်၍ သက်ပြင်းချကာ

“လင်း ကျွန်တော်နဲ့ ခဏလိုက်ခဲ့ပါဦး”

“ဟုတ်ကဲ့”

လင်းချွမ် ပြတိုက်ထောင့်သို့ လိုက်သွား၏။ 

မီးခိုးရောင်ဝတ်ရုံရှည် ဝတ်ဆင်ထားသော ဟုရှူမှာ မျက်မှန်ကို ပင့်တင်လိုက်ပြီး လင်းချွမ်အား စိုးရိမ်စွာ မေးလိုက်သည်။ 

“လင်း ပစ္စည်း ပြန်လည်ထိန်းသိမ်းရေးက ဘယ်လိုအခြေအနေ ဖြစ်နေပြီလဲ”

လင်းချွမ် ပြုံး၍

“မစ္စတာဟု အဲ့တာက ပြီးတော့မှာပါ။ ကျွန်တော် ခန့်မှန်းရသလောက် နောက် (၂) ရက်လောက်ဆို လက်စသတ်လို့ ရပြီ”

ဟုရှူ ရယ်မော၍

“လင်းက ဒီရက်ပိုင်း အောင်မြင်နေတာနော်။ တချို့တွေ မိတ်ဆက်ပေးဖို့ လာပြောတာတောင် ရှိတယ်”

လင်းချွမ် အံ့ဩသွားကာ

“ကျွန်တော်က ဘာမို့လို့ မိတ်ဆက်ချင်တာလဲ။ ဘယ်သူလဲဗျ”

“ပြည်သူတွေ အပြစ်ပြောတာ ရပ်သွားအောင်ဆိုပြီး ယဉ်ကျေးမှုအဖွဲ့က လင်းရဲ့ ပန်းအိုး ပြုပြင်နေတဲ့ပုံကို ထုတ်ပြလိုက်တယ်လေ။ အခု မိုတု ရှေးဟောင်းပစ္စည်းလောက,ကသူတွေ အားလုံး လင်း အရည်အချင်းကို သိသွားတော့ ခင်ချင်ကြတာ မဆန်းပါဘူး”

“ဘယ်သူလဲဗျ”

ဟုရှူ တစ်နေရာကို လက်ညှိုးထိုး၍

“သူပဲ”

လင်းချွမ် သူလက်ညှိုးအတိုင်း လိုက်ကြည့်ပြီးနောက် မျက်မှောင်ကြုတ်လိုက်မိသည်။ 

“မစ္စတာကောင်း”

“ဟုတ်တယ်”

လင်းချွမ် ရယ်မောလျက်

“မစ္စတာဟုတော့ မသိလောက်ပေမဲ့ ကျွန်တော် မိုတုကို စရောက်တော့ သူနဲ့ အမြင်ကွဲလွဲတာတွေ ရှိဖူးတယ်ဗျ”

“ဘာလို့လဲ”

ဟုရှူ နားမလည့်ပုံဖြင့် ပြန်မေးလိုက်သည်။ 

ထိုအခါမှ လင်းချွမ် ဇာတ်လမ်းအစကို ပြန်ရှင်းပြလေ၏။ 

“ဪ သိပြီ”

ဟုရှူ ပြုံးကာ

“ဒီလောကမှာ အမြင်မတူတာမျိုးက ဖြစ်တတ်ပါတယ်”

“ဟုတ်ပါတယ်”

ဟုရှူ လင်းချွမ်ပုခုံးအား ပုတ်၍

“လင်း လူဆိုတာ ရေရှည်ကို ကြည့်ရတယ်။ ကောင်းချင်လင်းက မိုတုရှေးဟောင်းပစ္စည်း ဈေကွက်ရဲ့ ဆရာတစ်ဆူလေ။ သဘောထားကြီးပေးလိုက်ပါ။ ကျွန်တော် ဒီနေ့ လင်းတို့ (၂) ယောက်အတွက် နေ့လယ်စာ စီစဉ်ပေးမယ်လေ။ ဘယ်လိုလဲ”

“မစ္စတာဟုက ပြောနေမှတော့ တွေ့ကြည့်ရတာပေါ့”

လင်းချွမ်ပြုံး၍ သဘောတူလိုက်၏။ 

ဟုရှူ အားရပါးရ ရယ်မောနေမိသည်။ 

လင်းချွမ်ကတော့ အရမ်းမတွေးမိပေ။ 

သူ ကောင်းချင်လင်းနှင့် ရင်းနှီးလျှင်လည်း ကိစ္စကြီး မရှိလှပါ။ 

နေ့လယ်စာ စားပွဲဝိုင်းတွင် ကောင်းချင်လင်း အရင်နှင့် မတူတော့ဘဲ သူ့ကို အပြုံးနှင့် ကြိုဆိုလေသည်။ ထို့နောက် (၃) ယောက်သား စကားကောင်းနေကြ၏။ 

စားသောက်ပြီးနောက် လင်းချွမ် ပန်းအိုးအတုကိစ္စ ဖြေရှင်းရန် ရှိနေသေးသောကြောင့် ချက်ချင်း ပြန်လာခဲ့သည်။ 

သူ ပိုင်ယန်၊ ယုယွီတို့နှင့်တိုင်ပင်ကာ လျှို့ဝှက်ဗီဒီယို တင်ရန် ဆုံးဖြတ်ထား၏။ 

အင်တာနက်လောကမှာ လင်းချွမ်နှင့် ရင်းနှီးပြီး ဖြစ်ပါသည်။ 

လင်းချွမ် ဝမ်ပိုင်စတူဒီယိုသို့ ချက်ချင်း ထွက်လာခဲ့၏။ 

စတူဒီယိုခန်းထဲတွင် မီးရောင်များ ထိန်လင်းအောင် ထွန်းထားပြီး ပစ္စည်းကိရိယာများအား ကတ္တီပါအနက်စများနှင့် ဖုံးအုပ်ထားသည်။ အလယ်တွင်တော့ ပြုပြင်ထားပြီးသော ချင်မင်းဆက် နံရံပါး ပန်းအိုးအတု ရှိနေသည်။ 

အသားရောင် ဂါဝန်ရှည်လေး ဝတ်ဆင်ထားသော ယုယွီတစ်ယောက် DSLR ကင်မရာကိုကိုင်၍ ပန်းအိုးအား အသေးစိတ် မှတ်တမ်းတင်နေသည်။ 

“ပြန်လာပြီလား”

သူ အဖြူရောင်တီရှပ်နှင့် ရိုးရှင်းစွာ ကြည့်ကောင်းနေသော လင်းချွမ်ကိုတွေ့ကာ လှမ်းနှုတ်ဆက်လိုက်သည်။ 

“အားလုံး ကြိုးစားနေကြတာကို။ ကျွန်တော်က နောက်ကျလို့ ဘယ်ဖြစ်မလဲ”

“ကျွန်မရိုက်ထားတဲ့ဓာတ်ပုံတွေ ပြပေးမယ်”

ယုယွီမှ ပြော၏။ 

လင်းချွမ် ပုံများကို ကြည့်၍ ကျေနပ်စွာပြုံး၍

“တကယ် ကျွမ်းကျင်ပညာရှင်ပဲ”

“ပြောရမယ့်ဇာတ်ညွှန်းလည်း ကျွန်မ ပြင်ထားပြီးပြီ”

“တော်လိုက်တာ”

လင်းချွမ် အလွန်ကျေနပ်သွားသည်။ 

သူ အင်တာနက် နည်းပညာပိုင်းကို တတ်ကျွမ်းသော်လည်း ထိုသို့ ရိုက်ကူးထုတ်လွှင့်မှုကိုတော့ မရင်းနှီးလှပေ။ 

“အဲ့လောက်လည်း မဟုတ်ပါဘူး”

ယုယွီ ရယ်မော၍ ပြော၏။ 

“လင်း ကျွန်တော့်ကို မေ့မထားနဲ့လေ”

ပိုင်ယန် အခန်းထောင့်တွင် ကွန်ပျူတာရှေ့ ထိုင်နေရာမှ ထလာ၏။ 

“မစိုးရိမ်ပါနဲ့။ အောင်ပွဲခံရင် အစ်ကိုပိုင်လည်း သေချာပေါက် ပါမှာပါ”

လင်းချွမ် ပြုံး၍ ပြောလိုက်သည်။ 

“ဒါနဲ့ ဗီဒီယိုရော အဆင်ပြေလား”

“ပြင်ဆင်တာတွေ ပြီးတော့မယ်။ လင်းရဲ့ မိန်းကလေး ဓာတ်ပုံတွေ ရတာနဲ့ တင်ရုံပဲ”

“ကျွန်တော် ဘာကူညီရဦးမလဲ”

ပိုင်ယန် ခေါင်းယမ်းပြကာ

“လင်းက ကောင်မလေးနဲ့ အပြင်ထွက်ပြီး အအေးလေး ဘာလေးသောက်လိုက်။ ပြီးရင် ပြန်လာခဲ့။ အဲ့အခါ ဒီမှာလည်း တင်ပြီးလောက်ပြီ”

“တစ်ခုခုရော ဝယ်လာပေးရဦးမလား”

“အဲ့တာဆိုရင်တော့ ပိုကောင်းတာပေါ့”

ပိုင်ယန် ပြုံး၍ ဖြေလေသည်။ 

“ကျွန်​တော် လျှို့ဝှက်အကောင့်အတွက် အရင် လုပ်လိုက်ပါဦးမယ်။ ယုယွီ လက်ပ်တော့လေး ငှါးပေးပါလား”

“ရတယ်လေ”

လင်းချွမ် အလွယ်တကူ စစ်ဆေးမရစေရန် အကာအကွယ်များ သေချာသုံးထားလိုက်သည်။ မကြာမီ အားလုံးအသင့်ဖြစ်ကာ ပိုင်ယန်လည်း ဗီဒီယို အဆင်သင့် ဖြစ်နေသည်။ 

ထို့နောက် ‘ချင်မင်းဆက် နံရံပါးပန်းအိုးမှာ အတုဖြစ်နေ’ ဟူသော ခေါင်းစဉ်ဖြင့် ထိုဗီဒီယိုကို တင်လိုက်တော့သည်။ 

…

နေ့လယ် (၂) နာရီတွင် မိုးစရွာလေ၏။ 

ကောင်းကင်တစ်ခွင်လုံး မှုန်မှိုင်း၍ မိုးသံများ ဆူညံနေသည်။ 

ကောင်းချင်လင်းသည် အနက်ရောင် ရိုးရာဝတ်စုံ ဝတ်ဆင်ထားပြီး ထီးဆောင်းလျက် ပြတိုက် (၃) လွှာသို့ တက်သွားလေသည်။ 

“မစ္စတာဟုရဲ့ အမြင်က တကယ် စူးရှတာပဲ။ လင်း အရမ်းတော်တယ်”

ကောင်းချင်လင်း သူ့လက်ရာများကို တွေ့ပြီးနောက် လက်ခံသွားမိသည်။ 

“အဆင်ပြေသွားတာ ဝမ်းသာပါတယ်။ မကြာခင် သူ ပန်းအိုးပြင်ဆင်ပြီးရင် ပြတိုက်ကို လာလိမ့်မယ်။ တစ်လအတွင်း ကျွန်တော်တို့လူ ဖြစ်လာမှာပေါ့”

ကောင်းချင်လင်း လက်ဖက်ရည်သောက်ရင်း

“ဒါနဲ့ မစ္စတာဟုက ကိုယ်တိုင် ဝင်မပါဘူးပေါ့”

“ဒါပေါ့။ ခင်ဗျားပဲ ပံ့ပိုးပေးပါဦး”

“ဒါဆို တကယ် အဖွဲ့က ပြောရေးဆိုခွင့်ရှိသူအထိ ဆွဲခေါ်မှာလား”

“ဒါပေါ့။ မဟုတ်ရင် ဒီလောက် ထောင်ချောက် ဆင်ထားမလား”

‘တီ တီ တီ’

ထိုစဉ် ကောင်းချင်လင်းထံမှ ဖုန်းမြည်လာ၏။ 

“မစ္စတာဟု ကျွန်တော့်တပည့်လေး ဖုန်းခေါ်နေလို့”

“ရတယ်။ ကိုင်လိုက်လေ”

ကောင်းချင်လင်း ဖုန်းကိုင်၍

“ဘာကိစ္စလဲ”

သူ ဖုန်းပြောရင်း ရုတ်တရက် မျက်နှာပျက်လာသည်။ 

“ဘာဖြစ်လို့လဲ”

မစ္စတာဟု လှမ်းမေး၏။ 

ထို့နောက် ကောင်းချင်လင်း ဖုန်းချလိုက်ပြီးသောအခါ တုန်ရီစွာဖြင့်

“မစ္စတာဟု ချင်မင်းဆက်ပန်းအိုးက အတုဆိုပြီး ဖော်ထုတ်တဲ့သူ ရှိလာတယ်”

“ဟင်”

မစ္စတာဟုလည်း ရုတ်တရက် လန့်ဖျပ်သွား၏။ 

All Chapters