ဗီဒီယိုဖျက်ချခြင်း
Vol. 13 Ch. 191
ဂန္တဝင်လမင်းပြတိုက်၊ (၃) လွှာ။
ပြတင်းပေါက်အပြင်ဘက်တွင် မိုးသည်းထန်စွာ ရွာသွန်းနေပြီး ကောင်းကင်၌ ငွေရောင်လွှမ်းနေသည်။
မစ္စတာဟု နားမလည်နိုင်စွာဖြင့်
“ဘာတွေဖြစ်ကုန်တာလဲ”
ကောင်းချင်လင်း သက်ပြင်းချ၍
“မစ္စတာဟု ကျွန်တော့်လူတွေ အခုပဲ စစ်ဆေးကြည့်တာ သတင်းကတော့ တော်တော် ပေါက်နေပါပြီ”
မစ္စတာဟု ရင်ခုန်သံမြန်လာပြီး ရုတ်တရက် လင်းချွမ်အား တွေးမိသွားသည်။
ကောင်းချင်လင်းမှာတော့ ထိုဗီဒီယိုကို အမြန် ရှာဖွေနေ၏။
“တွေ့ပြီ”
သူ မစ္စတာဟုအား တက်ဘလက် လှမ်းပြလိုက်သည်။
ဗီဒီယိုတွင် ဓာတ်ပုံသာပါပြီး ချင်မင်းဆက် နံရံပါး ပန်းအိုး ဖြစ်၏။
ညာဘက်အပေါ်ထောင့်တွင်မူ အတုဖော်ထုတ်ခြင်း ဟူသော စာတန်းထိုးထားသည်။
ထို့နောက် မျက်နှာပြင်နောက်ခံ ပြောင်းသွားပြီး ကာတွန်းရုပ်ဖြင့် ကောင်လေး ပေါ်လာသည်။ အသံမှာတော့ လူမသိအောင် ဖျက်ထားသော စက်ရုပ်အသံဖြစ်၏။
“လတ်တလောမှာ နိုင်ငံ့ရတနာတစ်ခု မတော်တဆ ပျက်ဆီးသွားခဲ့ပါတယ်။ ဒီကိစ္စအတွက် ပြည်သူတွေကတော့ လျော်ကြေးပေးဖို့၊ ထောင်ချဖို့ စသဖြင့် ဖိအားပေးနေကြပေမဲ့ ဒီနေ့ ကျွန်တော်က တခြား မတူတဲ့ရှုထောင့်ကနေ ပြောပေးသွားမှာပါ”
ထို့နောက် ချင်မင်းဆက် ပန်းအိုး ပြန်ပေါ်လာပြန်သည်။
ထိုကာတွန်းကောင်လေးမှ ဆက်၍
“ဒီပန်းအိုးက အစစ်မဟုတ်ဘူးလို့များ တွေးမိဖူးကြလား”
“အားလုံး ပြောကြမှာပေါ့။ နိုင်ငံ့ရတနာအဖြစ် သယ်လာတော့ ပညာရှင်တွေ သေချာ စစ်ဆေးရဲ့သားနဲ့ ဘယ်လိုအတု ဖြစ်နိုင်မှာလဲ”
“ကျွန်တော် တစ်ခုချင်း သုံးသပ်ကြမှာမို့လို့ သေချာ နားထောင်ကြပါ”
“ကဲ အခု စပါပြီ”
“ဒါက ပန်းအိုးရဲ့ အခြေခံ အချက်အလက်တွေပါ။ ဒီလောက်ပဲ ကြည့်ရင်တော့ အစစ်လို့ပဲ ထင်စာပေါ့”
“ဒါပေမဲ့ ကျွန်တော် အလင်းနဲ့ အရိပ်အကြောင်း ဆက်ပြီး ရှင်းပြပါမယ်”
“ဒီမှာကြည့်ပါ”
“ဒါက နိုင်ငံခြားကနေ မသယ်ရသေးခင်ကပါ”
“ဒါကတော့ မိုတုပြတိုက်က လက်ရှိပုံပါ”
“…”
ဗီဒီယိုတွင် ပန်းအိုး၏ အလင်းကျရောက်ပုံနှင့် အရိပ်တို့ကို ရှင်းပြနေသည်။
ကောင်းချင်လင်း တုန်ရီစွာဖြင့်
“မစ္စတာဟု ဒီနည်းလမ်းက ယုံကြည်ရရဲ့လား”
“အလင်းနဲ့ အရိပ်…”
မစ္စတာဟု ထိုင်ခုံတွင်မှီ၍ ထိုင်နေရင်း ရေရွတ်လိုက်မိသည်။
ကောင်းချင်လင်း စွံ့အနေစဉ် ဟုရှူ ပန်းအိုးအစစ်အား ထုတ်၍ အပေါ်မှ အလင်းထိုး၍ အရိပ်ကို စစ်ဆေးကြည့်လိုက်၏။
“တကယ် မှန်နေတာပဲ”
မစ္စတာဟု အတုထံမှ ဓာတ်ပုံနှင့် နှိုင်းယှဉ်ကြည့်လိုက်၏။
ပြင်ပတွင် မိုးသည်းထန်စွာ ရွာသွန်း၍ အေးစိမ့်သော ရာသီဥတု ဖြစ်နေသော်လည်း ကောင်းချင်လင်း နဖူးတွင်တော့ ချွေးသီးချွေးပေါက်များ သီးနေသည်။
မစ္စတာဟု၏ နှိုင်းယှဉ်မှုကိုကြည့်ရင်း မျက်နှာလည်း ပျက်နေမိ၏။
“တကယ် ကွာခြားနေတာပဲ”
မစ္စတာဟု ရေရွတ်ပြီးနောက် ဗီဒီယိုအား ပြန်ကြည့်လိုက်သည်။
ထိုစဉ် ဗီဒီယိုအောက်တွင် ရေးထားသော ကွမ်းမန့်များကိုလည်း တွေ့ရ၏။
[ဒီလို အလင်းနဲ့ အရိပ် သိရုံနဲ့ ရတနာရဲ့ အတုအစစ်ကို ခွဲလို့ ရလို့လား”
“ဒီနည်းတော့ တစ်ခါမှ မကြားဖူးပါဘူး။ နောက်မှ မှတ်ထားပြီး သုံးဦးမယ်”
“နည်းလမ်းက ဟုတ်မလိုပဲ။ ငါတောင် ယုံမိပြီ”
[အခုပြောနေတာ အမှန်ဆိုရင် ပျက်စီးသွားတာ အတုကြီးပေါ့]
[အွန်လိုင်းစာရေးဆရာကို မှားပြီး စွပ်စွဲမိတာလား]
[ဒါနဲ့ အစစ်ကရော ဘယ်မှာလဲ]
[ဟုတ်တယ်။ ဘယ်မှာလဲ]
[…]
မစ္စတာဟု မျက်မှောင်ကြုတ်လျက်
“သက်ဆိုင်ရာကို ချက်ချင်း ဆက်သွယ်ပြီး ဗီဒီယို ဖျက်ချခိုင်းလိုက်”
ကောင်းချင်လင်း ခေါင်းငြိမ့်ပြကာ ချက်ချင်း ဖုန်းများ ဆက်တော့သည်။
“ဒါရိုက်တာကျန်း ကျွန်တော် ကောင်းချင်လင်းပါ။ ကျွန်တော်တို့ ပန်းအိုးကို အတုဆိုပြီး စွပ်စွဲနေတာတွေ ရှိလို့။ အဲ့ဗီဒီယိို ဖျက်ချပြီး အချက်အလက်တွေ ရှာပေးလို့ ရမလား”
ကောင်းချင်လင်း လိုရင်းကို မြန်မြန် ပြောလိုက်သည်။
“ဆရာကောင်း ဘာမှမစိုးရိမ်ပါနဲ့။ ဒါ အသေးအမွှားလေးပါ”
“ကောင်းပြီလေ။ သတင်းကောင်း စောင့်နေပါ့မယ်”
ကောင်းချင်လင်း ထိုအခါမှ ပြုံးနိုင်တော့သည်။
သို့သော် (၂) မိနစ်ခန့်အကြာ၌။
ဒါရိုက်တာကျန်း ပြန်ဆက်သွယ်လာ၏။
“ဆရာကောင်း ကျွန်တော် ဗီဒီယိုကို ဖျက်ချလို့ မရဘူး ဖြစ်နေတယ်”
သူ့စကားကြောင့် ဟုရှူတို့ လန့်သွား၏။
“ဘာလို့လဲ”
“နည်းပညာ အကာအကွယ်တွေ သေချာချထားတာဗျ။ အဲ့တာကို ချိုးဖောက်ဖို့က အချိန်တော်တော် ယူရမယ်”
“ဘယ်လောက်တောင်လဲ”
“အနည်းဆုံး (၁) နာရီပေါ့”
“(၁) နာရီ… ကောင်းပြီ။ ကျေးဇူးပဲနော်”
တစ်နာရီအကြာဖြစ်လျှင် သတင်းမှာ အတော် ပျံ့နှံ့ပြီး၍ ဖျက်ချနိုင်လည်း မထူးတော့ပေ။
“ဘယ်သူလုပ်တာလဲ”
ကောင်းချင်လင်း ဒေါသတကြီး အော်လိုက်မိသည်။
ဟုရှူ ခေါင်းယမ်းကာ
“ရှေးဟောင်းပစ္စည်းလောကမှာ အရည်အချင်း ရှိတဲ့သူတွေတော့ အများကြီးပဲ။ ဘယ်သူလဲက အရေးမကြီးဘူး။ ဘာဖြစ်ချင်နေလဲကို သိဖို့လိုတာ”
“ကျွန်တော်တို့ကို ဆွဲချချင်တာလား”
ဟုရှူ ခေါင်းထပ်ယမ်း၍
“အဲ့လိုတော့ မဟုတ်ဘူး။ တကယ် ဒုက္ခပေးချင်ရင် တန်းပြီး တိုင်လိုက်မှာပေါ့”
“ဒါဆို ငွေညှစ်ချင်လို့လား”
“အဲ့တာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ငါ့ဆီက အဲ့လောက် လွယ်လွယ်နဲ့ ပိုက်ဆံရမယ်ထင်နေရင်တော့ မှားသွားပြီ။ ဟက်ကာအဖွဲ့ကို ဆက်သွယ်ပြီး ဖျက်ခိုင်းလိုက်”
ကောင်းချင်လင်း မျက်လုံးအရောင်လက်သွားကာ
“ဟက်ကာအဖွဲ့သာ ပါလာရင် အားလုံး အေးဆေး ဖြစ်သွားမှာပဲ”
သူတို့ နိုင်ငံခြား ဟက်ကာအဖွဲ့နှင့်လည်း အဆက်အသွယ် ရှိနေပါသည်။
ထို့နောက် ဖုန်းနံပါတ်တစ်ခုကိုရှာကာ ဆက်သွယ်လိုက်သည်။
“ဖြေရှင်းစရာတစ်ခု ရှိတယ်”
“ဘာကိစ္စလဲ”
တစ်ဖက်အသံမှာ အလွန်အေးစက်နေသည်။
“ဗီဒီယိုတစ်ခုကို (၂) မိနစ်အတွင်း ဖျက်ပေးပါ”
“ဒေါ်လာ (၁) သန်း”
“ကောင်းပြီ။ အလုပ်ပြီးမှ ချေမယ်”
နှစ်ဖက်အဖွဲ့မှာ အလွယ်တကူ သဘောတူသွားကြ၏။
ထိုအခါ ကောင်းချင်လင်း စိတ်အေးကာ သက်ပြင်းချလိုက်သည်။
“ဗီဒီယိုဖျက်ပြီးလို့ ကျန်တဲ့ နောက်ကြောင်းရှင်းတာတွေတော့ ကျွန်တော့်လူ တစ်ယောက်ယောက် ခိုင်းလိုက်ပါမယ်”
ဟုရှူ ခေါင်းငြိမ့်ပြ၏။
ထို့နောက် မိုးသည်းနေသော အပြင်ဘက်ကို ပြတင်းပေါက်မှတစ်ဆင့် လှမ်းကြည့်လိုက်သည်။
“ဟူး…”
သူတို့အတွက် (၂) မိနစ်မှာ အလွန် ကြာရှည်စွာ စောင့်နေရသည်။
နောက်ဆုံးတော့ ဖုန်းမြည်သံ ပေါ်လာ၏။
ဟုရှူ အမြန်ကိုင်လိုက်သည်။
“ဘယ်လို ဖြစ်သွားပြီလဲ”
သူ အာရုံစိုက်၍ နားထောင်နေစဉ် မိုးကြိုးပစ်သံ ကြားရ၍ နှစ်ယောက်သား တုန်သွား၏။
ထို့နောက် အသံအေးစက်စက် ထွက်ပေါ်လာသည်။
“ဖျက်လို့မရဘူး”
“နောက်ထပ် (၅) မိနစ် ထပ်ပေးမယ်”
“အချိန်က ပြဿနာမဟုတ်ဘူး”
ထိုသို့ပြော၍ ဖုန်းချသွားလေသည်။
“မစ္စတာဟု ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ”
“သူတို့ ပိုက်ဆံလိုချင်လည်း မျှားခေါ်ပြီး နောက်မှ…”
သူ့အသံမှာ စူးရှ၍ ရက်စက်မည့်ပုံ ပေါ်နေသည်။
ကောင်းချင်လင်း ခေါင်းငြိမ့်ပြ၍
“အခုပဲ စီစဉ်လိုက်ပါမယ်”