အမှုပြီးဆုံးခြင်း
Vol. 13 Ch. 195
ဟုရှူအမူအရာပျက်၍ သက်ပြင်းချကာ
“ဘာပဲဖြစ်ဖြစ် တစ်ချက်တည်းရှုံးသွားတဲ့ စစ်တုရင်ပွဲပဲ။ အခုကစပြီး ရှေးဟောင်းပစ္စည်းလောကကို မင်းပိုင်သွားပါပြီ”
ကျောက်ကန်နှင့် လီကျီကွမ်တို့ လင်းချွမ်အား မှင်တက်၍ လှမ်းကြည့်မိသည်။
လင်းချွမ် နေရခက်သွား၏။
ဘာလို့ ကျွန်တော့်ကို လာကြည့်နေတာလဲ။
ဥပဒေအရ စည်းမျဉ်းအတိုင်း နေနေတာလေ။
ရှေးဟောင်းပစ္စည်းလောကကို ပိုင်ချင်စိတ်လည်း မရှိပါဘူး။
အဟမ်း အတုလုပ်တာကလည်း တစ်နိုင်တစ်ပိုင် လက်ဆောင်ပေးဖို့ပဲကို။
အပြင်တွင် မိုးလုံးဝ တိတ်သွားလေပြီ။
တိမ်ခပ်ပါးပါးအောက်၌ ရွှေဝါရောင် နေရောင်ခြည်များ ထိုးဖောက်ကျရောက်နေသောကြောင့် သစ်ရွက်စိမ်းများ တလက်လက် ဖြစ်နေကြသည်။
လေညင်းများ တလှုပ်လှုပ် တိုက်ခတ်လျက် တိမ်လွှာများ လွင့်ကာ မွှေးပျံ့သော ရနံ့များလည်း မျောပါလာ၏။
ဟုရှူနှင့် ကောင်းချင်လင်းတို့ ရဲစခန်းသို့ ရောက်ပြီးနောက် ခုခံမနေတော့ဘဲ ပြစ်မှုများအား ဝန်ခံလာသည်။
ချင်မင်းဆက် နံရံပါးပန်းအိုးအစစ်လည်း ယဉ်ကျေးမှုအဖွဲ့ထံ ပြန်ရောက်သွား၏။
ဤသို့ဖြင့် ဂိုဏ်း၏ ပြစ်မှုနှင့် တရားမဝင် ရန်ပုံငွေများအကြောင်း စစ်ဆေးရင်း ရဲစခန်းရော ယဉ်ကျေးမှုအဖွဲ့ပါ အလုပ်ရှုပ်ခဲ့ရလေသည်။
…
ဟန်မြစ်အပိုင်း ရဲစခန်း။
ကျုံချန်မင်းသည် နက်ပြာရောင် ယူနီဖောင်း ဝတ်ဆင်ထားပြီး ဖုန်းကိုကြည့်၍ ကျေနပ်စွာ ပြုံးနေ၏။
“ဒီကောင်လေးကတော့ တော်လိုက်တာ။ တကယ် တော်တယ်”
“အဖေ ဘာတွေ အဲ့လောက် ပျော်နေတာလဲ”
ထိုစဉ် အသက် (၂၅) နှစ်ဝန်းကျင် လူငယ်လေးတစ်ဦး ရောက်လာ၏။ ထိုအမျိုးသားမှာ အရပ် (၁၈၀) စင်တီမျှရှိပြီး မေးရိုးကားကား၊ ဆံပင်တိုတိုနှင့် အသား ခပ်ဝါဝါဖြစ်သည်။
သူ့အသံကြောင့် ကျုံချန်မင်းအပြုံး ချက်ချင်း ပျောက်ကွယ်သွားလေသည်။
သူ့သား ကျုံရွှမ်ဖုန် ဖြစ်၏။
ကျုံချန်မင်း သူ့သားကို လှည့်ကြည့်လိုက်၏။
ကျုံရွှမ်ဖုန်မှာ နက်ပြာရောင် ချည်သားရှပ်အင်္ကျီကို ဝတ်ဆင်ထားပြီး ကော်လံနှင့် လက်အနားစများ၌ အနည်းငယ် စုတ်နေသည်။ သို့သော် သန့်ပြန့်စွာ လျှော်ဖွပ်ထားမှန်း သိသာပြီး အပေါ်တွင် ကာကီရောင် အပေါ်ထပ်အလုပ်ဝတ်စုံကို ဝတ်ဆင်ထား၏။
အပေအတေခံသော ဂျင်းဘောင်းဘီနှင့် အညိုရင့် လည်ရှည်ဖိနပ်တွင်တော့ ရွှံ့အချို့ ပေကျံနေလေသည်။
“မင်း ရုံးခန်းကိုလာမယ်ဆိုရင် သင့်တော်တာလေး လဲခဲ့ဖို့တောင် နားမလည်ဘူးလား”
ကျုံချန်မင်း ရှုံ့မဲ့၍ ပြောလိုက်၏။
အခြားသူ၏ သားသမီးများမှာ အမြဲ လှပကျော့မော့နေလေသည်။
“ဒီအတိုင်း လမ်းကြုံလို့ ဝင်လာတာပါ”
ကျုံရွှမ်ဖုန် ပြုံး၍ပြောလိုက်ပြီး လက်ဖက်ရည်တစ်ခွက် ကိုယ်တိုင် ငှဲ့သောက်လိုက်၏။
“ဒါနဲ့ ဒီတစ်ခါရော ဘယ်သွားဦးမှာလဲ”
“ဒီတစ်ခါက အန်လင်းလေ။ ကျွန်တော်တို့အဖွဲ့ကနေ အုတ်ဂူကြီးတစ်ခု တွေ့ထားတယ်”
ကျုံရွှမ်ဖုမ် ပြုံး၍ရှင်းပြ၏။
“အန်လင်း…”
ကျုံချန်မင်း ရေရွတ်မိပြီးနောက်
“ငါတွေ့တာတော့ မင်း အမြဲ လျှောက်သွားနေတာပဲ။ အရေးကြီးတာ တစ်ခုခု တူးဖော်မိတယ်လို့ တစ်ခါမှ မကြားဖူးဘူး။ မင်းလို ငယ်ငယ်ရွယ်ရွယ်လေးတွေ ကိုယ်တိုင် ကြိုးစားပြီး ဒုစရိုက်ဂိုဏ်းကြီးတွေတောင် ဖမ်းနိုင်နေပြီ”
“ဘယ်သူက အဲ့လောက် တော်နေတာလဲ”
ကျုံရွှမ်ဖုန် ခပ်ပေါ့ပေါ့ မေးလိုက်၏။
“ဟိုတစ်လောက ရှေးဟောင်းပစ္စည်းတစ်ခု မတော်တဆ ခွဲလိုက်မိတဲ့ လင်းချွမ်ပေါ့”
ကျုံချန်မင်းပြောရင်း မျက်နှာတွင် ကျေနပ်နေမှန်း သိသာလှသည်။
“အဲ့အတွက် လျော်ကြေးပေးရမှာမလား။ ဒုစရိုက်ဂိုဏ်းနဲ့ ဘာဆိုင်လို့လဲ”
သူလည်း ပန်းအိုးပျက်စီးသည့် သတင်းကြားစဉ်က စိတ်မကောင်း ဖြစ်မိပါသေးသည်။
“ရွှမ်ဖုန် အဲ့လိုအပြင်ပန်းကြည့်ပြီး ဆုံးဖြတ်လို့ မရဘူးလေ။ အဲ့ပန်းအိုးက တကယ်တော့ အတုဖြစ်နေတာ။ အဲ့လိုနဲ့ နောက်ကြောင်း စုံစမ်းရင်း အားလုံး ပေါ်လာတာပဲ။ မိုတုကရဲတွေအတွက်တော့ အောင်မြင်မှုကြီးပေါ့”
သူ ဂုဏ်ယူစွာ ပြောပြ၏။
ကျုံရွှမ်ဖုန် မျက်မှောင်ကြုတ်ကာ
“ဒါပေမဲ့ သူက အွန်လိုင်းစာရေးဆရာ မဟုတ်ဘူးလား။ ဘယ်လိုလုပ် အဲ့ကိစ္စကို ဖြေရှင်းလိုက်တာလဲ”
“အွန်လိုင်းစာရေးဆရာကို အထင်မသေးလိုက်နဲ့နော်”
“ဒါဆို ကျွန်တော် သမိုင်းရေးရာအကြောင်းတွေ၊ အတွေ့အကြုံတွေကို စာအုပ်ထုတ်ရေးမယ်လို့ ပြောသားပဲ။ အဲ့တာကို ဘာလို့ မထောက်ခံတာလဲ”
သူ ပြန်ပက်၏။
ကျုံချန်မင်း မျက်နှာပျက်လျက်
“မင်းကို မထောက်ခံတာ မဟုတ်ဘူးလေ။ သမိုင်းဝင်အမွေအနှစ်တွေ လေ့လာတာကို မထောက်ခံတာ။ မင်းအဖေရဲ့ အရည်အချင်းနဲ့ (၅၀) ရာခိုင်နှုန်းလောက်ပဲ တူဦး။ အမှုဖြေရှင်းတာလောက်က ဘာမှမဟုတ်ဘူး။ နောက်ပြီး အဲ့လိုစုံထောက် အတွေ့အကြုံတွေကို စာပြန်ရေးရင် မထောက်ခံဘဲ နေမလားကွ”
“တော်ပြီ။ ကျွန်တော် မငြင်းချင်တော့ဘူး။ သမိုင်းဝင် အမွေအနှစ်တွေ ဆက်လေ့လာပြီး ဝတ္ထုတွေ ပြန်ရေးဦးမှာ”
ကျုံချန်မင်းမှာ ငယ်စဉ်တည်းက ထက်မြက်၍ ယခုလို ရာထူးကို အောင်မြင်စွာ ရလာခြင်းသည် မဆန်းလှပေ။
သို့သော် တစ်စုံတစ်ဦး၏ စိတ်ဝင်စားမှုကိုတော့ ပြောင်းလဲမရနိုင်ပါ။
ကျုံချန်မင်းတစ်ယောက် သူ့အဖေ၏ ခေါင်းမာမှုကိုတော့ အမွေရထားပါသည်။
“မင်း အန်လင်းမှာ ဘယ်လောက်ကြာမှာလဲ”
“အနည်းဆုံး လပိုင်းနဲ့ တစ်နှစ်၊ နှစ်နှစ်လောက်လည်း ဖြစ်နိုင်တာပေါ့”
“အဲ့မှာ ဂရုစိုက်နေဦး”
သူ စိတ်ပူစွာ ပြောလိုက်သည်။
“မစိုးရိမ်ပါနဲ့။ ကျွန်တော်တို့က ကျွမ်းကျင်ပညာရှင် အဖွဲ့ပါ။ ပြောရရင် ဘာအန္တရာယ်မှ မရှိဘူး”
“ဖြစ်ပြီးမှ မတောင်းပန်နဲ့”
“ဟုတ်ကဲ့ပါဗျာ”
ကျုံရွှမ်ဖုန် စကားခဏဆက်ပြောပြီးနောက် ပြန်သွားလေ၏။
မကြာမီ ရှပ်အင်္ကျီအဖြူနှင့် သက်လတ်ပိုင်း လူတစ်ဦး တံခါးခေါက်လာသည်။
“အကြီးအကဲကျုံ”
“ကျန်းပြောင် ရောက်လာတာ အတော်ပဲ”
သူ နွေးထွေးစွာ ကြိုဆိုလိုက်၏။
“အန်လင်းဘက်က ဆေးမှုနဲ့ပတ်သပ်ပြီး တင်ပြစရာ ရှိလို့ပါ”
“ပြောလေ”
“လတ်တလော အန်လင်းမှာ မူးယစ်ဆေး တိုက်ဖျက်ရေး ဝါဒဖြန့်ပွဲတွေ လုပ်နေပါတယ်…”
ကျုံချန်မင်း ခေါင်းတငြိမ့်ငြိမ့်ဖြင့်
“ကောင်းသားပဲ”
“ဒါရိုက်တာကျန်းရဲ့ လမ်းညွှန်မှုကြောင့်ပါဗျာ”
ကျန်းပြောင် ရယ်မော၍ ပြောလိုက်သည်။
“မြှောက်မနေပါနဲ့ကွာ”
ကျုံချန်မင်း လက်ယမ်းပြ၍
“မူးယစ်ဆေးတိုက်ဖျက်ရေး ပုံစံငယ်ဆွဲဖို့ လုပ်ထားတဲ့ မြို့စာရင်းရော ရပြီလား”
“ဒီရွာတွေပါ”
ကျန်းပြောင် စာရွက်တစ်ရွက် ထုတ်ပြသည်။
“လုပ်ငန်းစဉ်က ကောင်းသားပဲ။ မင်းတို့အဖွဲ့လည်း တကယ် တော်ပါတယ်။ ဆက်ကြိုးစားကြကွာ”
“နည်းနည်း ခက်ခဲပေမဲ့ အောင်မြင်မယ်လို့ အာမခံပါတယ်”
ကျန်းပြောင်မှ ပြော၏။
“မြို့တိုင်းကတော့ ခက်မှာပါပဲ။ ဒါပေမဲ့ မင်းကို ယုံပါတယ်”
“အရေးကြီးပုဂ္ဂိုလ် ပါနေတာတော့ သိတယ်မလား”
“လင်းက အန်လင်းရဲ့ ရတနာလေ။ ဂရုစိုက်ပေးလိုက်ပါကွာ”
ကျုံချန်မင်း ထပ်ချီးကျူးမိ၏။
“ဒါနဲ့ သူ အခု မိုတုမှာ ရှေးဟောင်းပစ္စည်း ဖျက်ဆီးမိတယ်ဆို”
ကျုံချန်မင်းပြုံး၍
“ဟုတ်တယ်။ အခုပဲ အဲ့တာ ပြောမလို့”
“ဘာများလဲ”
“အမှု ဖြေရှင်းပြီးသွားပြီလို့ အခုပဲ သတင်းရတာ”
“ဘယ်လို။ ဘယ်လိုလုပ်ပြီးလဲ။ လင်းမှာ အပြစ်မရှိတော့ဘူးပေါ့”
“ဟားဟား။ လင်းကကိုယ်တိုင်ပဲ ဖြေရှင်းတာပေါ့။ နောက်ပြီး ရှေးဟောင်းပစ္စည်း အတုလုပ်တဲ့ မြေအောက်ဂိုဏ်းကိုပါ ဖော်ထုတ်ပေးလိုက်သေးတယ်”
ကျန်းပြောင် အံ့ဩစွာဖြင့်
“လင်းချွမ် ပီသပါပေတယ်”
“လင်းက မိုတုခဏသွားပြီး အထင်ကြီးစရာတွေ လုပ်ပြလိုက်နိုင်ပြီ။ မင်း ဘာဆက်လုပ်ရမလဲ သိတယ်မလား”
“သိပါပြီ။ အကြီးအကဲကျုံ”
ကျန်းပြောင် ခေါင်းငြိမ့်ပြလိုက်သည်။
လင်းချွမ်မှာ အန်လင်း၏ ရတနာဖြစ်သောကြောင့် မိုတု၏ လုယူခြင်း ခံရ၍ မဖြစ်ပေ။