← Chapters

ဆန့်ကျင်ခံရခြင်း

Vol. 13 Ch. 184

ဆန့်ကျင်ခံရခြင်း

Vol. 13 Ch. 184

ယခုအချိန်တွင် ရှာဖွေမှုစာရင်းထိပ်ဆုံး၌ သူတို့သတင်းသာ တက်နေတော့သည်။ 

>နိုင်ငံ့ရတနာ ရုတ်တရက် ပျက်စီးခြင်း။ 

>မည်သည့်အရာနှင့်မျှ မယှဉ်နိုင်သည့် ချင်မင်းဆက် နံရံပါးပန်းအိုး ပျက်စီး။ 

>မိုတုမြို့၌ ရှေးဟောင်းပစ္စည်း လွှဲယူခြင်း အခမ်းအနား ကျင်းပ။ 

>မိုတုပြတိုက်တွင် လုံခြုံရေးပြဿနာရှိနေ။ 

>မိုဆုမြို့၏ ယာယီလျှပ်စစ်ဝန်ထမ်း။ 

>မစ္စတာလင်း၏ ရှေးဟောင်းပစ္စည်းများ ဝတ္ထု။ 

…

အချိန်မှာ နေ့လယ်သာ ရှိသေးသည်။ 

ပြင်းထန်သော နေရောင်ခြည်သည် မြို့တစ်ခွင်လုံးသို့ ကျရောက်နေပြီး လေထဲတွင် ပန်းရနံ့နှင့် ကားအိပ်ဇောနံ့များ ရောထွေးကာ နှာခေါင်းရှုံ့စရာ ဖြစ်နေသည်။ 

လင်းချွမ်နှင့်ယုယွီတို့ ရဲစခန်းမှ ထွက်လာပြီးနောက် ဂဏန်းခေါက်ဆွဲပြုတ်ဆိုင်သို့ ထွက်လာခဲ့ကြသည်။ ထို့နောက် ဆိုင်ထဲရောက်သောအခါ စားစရာများ မှာ၍ ထောင့်နာတွင် ထိုင်လိုက်ကြ၏။ 

ယုယွီမှာ အစည်းအဝေးခန်းထဲမှ ထွက်လာတည်းက အရင်စတွေ့စဉ်ကကဲ့သို့ ပြန်လည် လန်းဆန်းတက်ကြွလာသည်။ 

သူ ဒီနေ့ အရမ်းမပြင်ဆင်ထားဘဲ တီရှပ်အဖြူ၊ ဂျင်းဘောင်းဘီအပြာတို့ကိုသာ ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားသော်လည်း နူးညံ့လှပမှုမှာ ပြီးပြည့်စုံနေဆဲပင်။ 

“လင်းချွမ် ရှင် ဒီနေ့ သိပ်ကြည့်ကောင်းတာပဲ”

ယုယွီ တောက်ပစွာပြုံးလျက် ပြောလိုက်သည်။ 

လင်းချွမ် ခေါက်ဆွဲပြုတ်ကိုမွှေရင်း ယုယွီအား တစ်ချက် လှမ်းကြည့်၍ ရယ်မောကာ

“အရမ်းမမြှောက်ပါနဲ့ဗျာ။ တော်တော် မြောက်နေပါပြီ”

“အထူးသဖြင့် ရှင် ပန်းအိုးရဲ့ အရိပ်အကြောင်း ပြောနေတုန်းက အရမ်းမိုက်နေတာ”

ယုယွီ ပြုံးရွှင်နေ၏။ 

“ဒါဆို ကျွန်တော့်ကို ဒီညညစာ လိုက်ကျွေးလိုက်တော့”

လင်းချွမ် ရယ်မော၍ ပြောလေသည်။ 

“ကျွေးမှာပေါ့”

ယုယွီ မျက်ခုံးလေး ပင့်ပြလိုက်ပြီးနောက် ခေါက်ဆွဲကို မွှေကာ စတင်စားလေသည်။ 

ခဏအကြာတွင် ယုယွီဖုန်း မြည်လာ၏။ 

မင်ယွဲ့ထံမှ ဖြစ်လေသည်။ 

‘ယုယွီ အခု နာမည်ကြီးနေတဲ့သတင်းတွေကို ကြည့်လိုက်ဦး’

ယုယွီ ခေါက်ဆွဲ အနည်းငယ် အမြန်စား၍ ချက်ချင်း သတင်းများကို သွားရှာကြည့်လိုက်သည်။ 

ထို့နောက် သတင်းများကိုတွေ့သောအခါ ရုတ်တရက် မှင်တက်သွားမိလေသည်။ 

ခေါက်ဆွဲပြုတ် အားရပါးရ စားနေသော လင်းချွမ်ကို ကြည့်ကာ အသံခပ်တုန်တုန်ဖြင့်

“ဒါနဲ့ ဒီနေ့ ဘာသတင်းတွေ နာမည်ကြီးနေလဲ သိလား”

“ဘာမို့လို့လဲ”

လင်းချွမ် ခေါက်ဆွဲစားနေရင်း ပြန်မေးလိုက်၏။ 

“ကျွန်မတို့ ပန်းအိုးကို မတော်တဆ ခွဲလိုက်မိတဲ့အကြောင်းလေ”

ယုယွီ ရှင်းပြလိုက်သည်။ 

“ဪ ရပါတယ်။ မနေ့ညတည်းက နာမည်ကြီးနေတာလေ။ အမှန်တရားပေါ်ပြီး အမှု ဖြေရှင်းပြီးရင် ကျွန်တော်တို့အကြောင်းလည်း တိတ်သွားမှာပါ”

လင်းချွမ် စားလက်စမပျက်ဘဲ ခပ်အေးအေး ပြော၏။ 

“ရှင့်ကို ပြောဆိုနေကြတာတွေလည်း ရှိတယ်”

“ဒီလောက်က အကင်းပါ။ ခဏ သွေးဆူတုန်း နည်းနည်းပါးပါး ပြောတာပဲ။ မမြင်ချင်ယောင်ဆောင်လိုက်လည်း ရပါတယ်”

“ရှင်က အရမ်းအကောင်းမြင်တတ်တာပဲ”

“ဒါပေါ့။ တခြားကိစ္စရော ရှိသေးလား”

“မရှိပါဘူး။ ဪ ရှင့်ဝတ္ထုကို ဆန့်ကျင်ဖို့ ပွဲတော့ လုပ်နေကြတယ်”

“ဘာ”

လင်းချွမ် တူကိုင်ထားသောလက်မှာ တံ့သွားပြီး မျက်မှောင်ကြုတ်လျက်

“ကျွန်တော့်ဝတ္ထုကို ဆန့်ကျင်တာလား”

“ဟုတ်တယ်”

ယုယွီ ခေါင်းငြိမ့်ပြ၍ လင်းချွမ်ဘေး၌ ဝင်ထိုင်ကာ ဖုန်းထဲမှ သတင်းများကို ပြလိုက်သည်။ 

လင်းချွမ် ဖုန်းမျက်နှာပြင်ကိုကြည့်ရင်း တစ်နေရာတွင် ရပ်သွား၏။ 

‘မစ္စတာလင်း၏ ရှေးဟောင်းပစ္စည်းများ ဝတ္ထု’

ထို့နောက် သူ သတင်းထဲအထိ ဝင်ဖတ်ရန် နှိပ်လိုက်သည်။ 

ထိုအခါ ရုတ်တရက် ပျံ့နှံ့လာသော ကွမ်းမန့်များစွာကို တွေ့လိုက်ရသည်။ 

[သူ ရဲကားပေါ် ပါသွားတာကို တွေ့လိုက်တယ်။ အဲ့တာ အွန်လိုင်းစာရေးဆရာ လင်းချွမ်လေ]

[ငါ သူ့ဝတ္ထုကို ဖတ်ကြည့်လိုက်ပြီးပြီ။ ရှေးဟောင်းပစ္စည်းအကြောင်းလေ]

[ရှေးဟောင်းပစ္စည်းအကြောင်း ရေးတဲ့သူဖြစ်ပြီး နိုင်ငံ့ရတနာအပေါ် နမော်နမဲ့နဲ့]

[ဒီအတိုင်း မေးကြည့်တာပါ။ မီးပျက်သွားတာနဲ့ပဲ ပန်းအိုးကို ခွဲပစ်လိုက်ရောလား]

[နိုင်ငံ့ရတနာရဲ့ ဆုံးရှုံးမှု ဘယ်လောက်တောင် ကြီးလိုက်လဲ]

[သူ စာအုပ်ရာချီပြီး ရေးရင်တောင် ပြန်မလျော်နိုင်ဘူး]

[ကြည့်လေ ဒေါသထွက်လေပဲ။ နိုင်ငံအဆင့် ရတနာက ဒီလို လက်လွတ်စပယ် စာရေးဆရာကြောင့်နဲ့]

[ဒါနဲ့ ကျွန်တော်လည်း အွန်လိုင်းစာရေးဆရာပါပဲ။ သူ့ကြောင့်နဲ့ အားလုံးကို သိမ်းကျုံးပြီး မပြောပါနဲ့ဗျာ။ ကျွန်တော်တို့ အဲ့လောက် မဆိုးပါဘူး]

[ဆန့်ကျင်ကြ။ သူ့စာအုပ်ကို မဖတ်ကြနဲ့]

[မစ္စတာလင်း နောက်ဆုံးတော့ ဒုက္ခရောက်ပြီပဲ]

[…]

လင်းချွမ် ဖတ်နေရင်း ရှုံ့မဲ့သွားမိသည်။ 

“ငါ့ကို အပြစ်ပြောတာတော့ ပြောလေ။ ဝတ္ထုနဲ့ ဘာဆိုင်လဲ။ ငါ အမှားလုပ်မိရင်တောင် ဝတ္ထုက အပြစ်ကင်းတာပဲကို”

ဟူး…

ထိုစာအုပ်အတွက် ပျမ်းမျှ subscription (၂) သောင်း ရရမည်ဖြစ်ပြီး ထိုအခါမှ နောက်ထပ် အတွေ့အကြုံအသစ် ရရှိနိုင်ပေမည်။ 

အခုတော့ ဝတ္ထုကို ဝိုင်းအပြစ်ပြောနေတော့ ဘယ်လို အောင်မြင်တော့မှာလဲ။ 

မဖြစ်ဘူး။ 

ဒီကိစ္စကို သေချာဖြေရှင်းမှ ငါ့နာမည်ပျက်လည်း ပျောက််မှာ။ 

မဟုတ်ရင် ဒီလောက် ဝိုင်းအပြစ်ပြောနေတာနဲ့ ရှေ့ရောက်တော့မှာ မဟုတ်ဘူး။ 

“ကျွန်မတို့ အမှုအတွက် သက်သေပြစရာလည်း မရှိဘူး ထင်တယ်နော်”

ယုယွီ စိတ်ပျက်လက်ပျက် ပြော၏။ 

“ဝတ္ထုက တကယ်ပဲ အပိတ်တော့ မခံရလောက်ပါဘူးနော်”

လင်းချွမ် သူ့ဝတ္ထုကို အလွန် စိုးရိမ်နေသည်။ 

ယုယွီ ခဏစဉ်းစား၍ 

“မဖြစ်လောက်ပါဘူး”

လင်းချွမ် သက်ပြင်းချကာ စားလက်စကို ဆက်စားရင်း

“အခြေအနေ တစ်ခုလုံးကတော့ တကယ် စိတ်ပျက်စရာပဲ”

ထိုစဉ် သူ စနစ်ထံမှ အမှတ်များကို ကြည့်လိုက်မိသည်။ 

[စာအုပ်: ရှေးဟောင်းပစ္စည်းများ]

[အခြေအနေ: ထုတ်ဝေပြီး]

[လက်ရှိ ပျမ်းမျှအမှတ်:

၅၂၈၇/၂၀၀၀၀]

စာအုပ်ကို ဇွန်လ (၁၀) ရက်နေ့တွင် ထုတ်ဝေခဲ့ပါသည်။ 

ယခုအခါ ဇွန်လ (၁၄) ရက်ဖြစ်ပြီး ရှေ့ရက်များ၌ တစ်ဟုန်ထိုး ရရှိခဲ့သော အမှတ်များမှာ ယနေ့မှ ရုတ်တရက် ရပ်တန့်နေတော့သည်။ 

ပျက်နေသော ရထားတစ်စင်းကဲ့သို့ အရှိန်အလွန်နည်း၍ အခြေအနေဆိုးလှသည်။ 

မဟုတ်သေးဘူး။ 

ရထားထက် ဆိုးတယ်။ စက်ဘီးပျက်အဆင့်ပဲ။ 

ဟူး…

လင်းချွမ် သက်ပြင်းချ၍ ခေါက်ဆွဲကို ဆက်စားနေ၏။ 

သူ ယခုအချိန်တွင် မိုတုရဲစခန်းမှ ဝန်ထမ်းများထက်ပင် အမှုကို ပို၍ ဖော်ထုတ်ချင်နေလေပြီ။ 

All Chapters