အစီအစဉ်ကောင်း
Vol. 13 Ch. 183
လွန်ခဲ့သော လဝက်ခန့်က။
မိုတုရဲစခန်းမှာ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့နှင့် ပူးပေါင်းကာ ရှေးဟောင်းပစ္စည်း အတုပြုလုပ်ခြင်းနှင့်ဆိုင်သော အမှုများစွာကို စုံစမ်း ဖော်ထုတ်နေ၏။
ထိုသို့လဝက်ခန့် နောက်ကြောင်းလိုက်ပြီးနောက် ရဲများမှာ ရှေးဟောင်းပစ္စည်း အတုပြုလုပ်နေသော မြေအောက်အဖွဲ့အစည်းတစ်ခုကို ရှာတွေ့သွားလေသည်။
သို့သော် အလုပ်ရုံပိတ်ခြင်းဖြင့်သာ ရပ်တန့်သွားပြီး နောက်ကွယ်မှ အရိပ်မည်းများ ဆက်လက် ကြီးထွားနေဆဲ ဖြစ်သည်။
ယခုလို ပန်းအိုးလဲလှယ်ခံရသောကိစ္စတွင် ရှေးဟောင်းပစ္စည်း အတုလုပ်သူများပါ ပတ်သက် ဆက်နွယ်နေလျှင် ကြိုးကိုင်နေသည့် တရားခံ တူညီနိုင်ပြီး အမှုအစအဆုံး ရှင်းလင်းသွားပေမည်။
ထိုကဲ့သို့ ချင်မင်းဆက် နံရံပါးပန်းအိုးအား အစစ်အတိုင်း ထပ်တူနီးပါး အောင်မြင်စွာ ထုလုပ်၍ အစစ်ဖြင့်လဲကာ လူအများကို လှည့်စားရန်သည် တစ်ဦးတစ်ယောက်တည်း ကြိုးစားရုံဖြင့် ဖြစ်လာနိုင်မည် မဟုတ်ပေ။
ပန်းအိုးပြုလုပ်သည့် အဆင့်၌ပင် တစ်ယောက်တည်း မပြုလုပ်နိုင်လောက်ပါ။
နောက်ကွယ်တွင် သေချာပေါက် အဖွဲ့လိုက် လှုပ်ရှားနေခြင်း ဖြစ်မည်။
လင်းချွမ်နှင့် ယုယွီတို့ ပစ္စည်းကို မတော်တဆ ခွဲမိသည်မှာလည်း အစီအစဉ်တကျ အကွက်ချခံရခြင်းပင်။
ဤသို့ဖြစ်လျှင် လင်းချွမ်နှင့် ယုယွီတို့ပင် အမှန်တကယ် နစ်နာသူများ ဖြစ်နေ၏။
ဒါရိုက်တာကျောက်ကန်နှင့် လီကျီကွမ်တို့ တဖြည်းဖြည်း အခြေအနေကို နားလည်လာကြသည်။
ထို့နောက် လင်းချွမ်အား လေးစားစွာ ကြည့်လိုက်မိ၏။
သူတို့ ထိုဖြစ်စဉ်ကို များပြားစွာ ကြုံတွေ့ဖူးသော အတွေ့အကြုံများကြောင့် ကောက်ချက်ချနိုင်ခြင်း ဖြစ်သော်လည်း လင်းချွမ်မှာ…
အသက် (၂၄) နှစ်အရွယ် ထိုလူငယ်လေးမှာ အွန်လိုင်းစာရေးဆရာအလုပ်ကိုသာ အဓိကလုပ်သည်ဟု ပြောနေသည်။
ဝတ္ထုရေးခြင်းမှ ထိုအတွေ့အကြုံများ ရလာခြင်းလား။ သို့မဟုတ် မွေးတည်းက တတ်မြောက်သည့် ပါရမီရှင်လား။
သူ အန်လင်းရဲစခန်းမှ အကြီးအကဲကျုံနှင့်လည်း အဆက်အသွယ် ရှိနေသည်။
ကျောက်ကန် သူ့ကို ပိုစိတ်ဝင်စားလာပြီး အမှုအပေါ် သူ့ထင်မြင်ချက်များအား ပိုသိချင်လာ၏။
“လင်းချွမ် ခင်ဗျားအနေနဲ့ ဒီလိုအဖြေမျိုး စုံစမ်းဖော်ထုတ်မိရင် ဘယ်လိုဆက်လုပ်မလဲ”
လင်းချွမ် ရုတ်တရက် အံ့ဩသွားပြီးမှ ပြုံးကာ
“ဒီကိစ္စမှာ ဒါရိုက်တာကျောက်က ဆရာကြီးပါ”
သူ မြှောက်ပြောလိုက်ခြင်း မဟုတ်ပါ။ အမှန်တကယ် ဖြစ်နေပါသည်။
ကျောက်ကန် နေရခက်စွာဖြင့် အားရပါးရ ရယ်မောကာ
“လူသတ်မှုလိုမျိုးတွေ ကြုံရင်တော့ ဖြေရှင်းနိုင်ပေမဲ့ ရှေးဟောင်းပစ္စည်းလောကမှာတော့ အတုအစစ် ဘယ်လိုကွာလဲတောင် မသိဘူးလေ”
“အဲ့အတွက်က ဒါရိုက်တာလီ ရှိတယ်မလား”
လင်းချွမ်ပြုံး၍ ပြောလိုက်၏။
ထိုအခါ ဘေးမှ လီကျီကွမ် လက်ယမ်းလျက်
“မဟုတ်တာဗျာ။ ရှက်မိပါတယ်။ လင်းချွမ်သာ မပြောရင် ကျွန်တော်ဖြင့် အခုချိန်ထိ ပန်းအိုးအတု ဖြစ်နေမှန်းလည်း သိမှာ မဟုတ်ဘူး”
“လင်းချွမ်ရယ် စိတ်ထဲရှိတဲ့အတိုင်း ပြောကြည့်ပါ။ ဘာမှ မစိုးရိမ်နဲ့။ အားလုံး လုပ်ဖော်ကိုင်ဖက်တွေပဲကို”
ကျောက်ကန် လင်းချွမ်အား ထပ်ပြောလိုက်သည်။
ဒါရိုက်တာနှစ်ဦးလုံး သူ့ကို အားကိုးလွန်းနေ၏။
အစည်းအဝေးခန်းထဲ၌။
ထိုသို့သော အခြေအနေကိုကြည့်ကာ ကျန်သည့်သူများ အံ့ဩနေမိကြသည်။
အစကတော့ အလိုက်သင့် စောင့်ကြည့်နေသော်လည်း တဖြည်းဖြည်း ‘လင်းချွမ်’ ‘လင်းချွမ်’ နှင့် အတင်း မြှောက်ပင့် အားထားနေလေသည်။
ဘေးတွင်ထိုင်နေသော ယုယွီပင် နားထောင်ရင်း ဂုဏ်ယူနေမိသည်။
ဒါမှ ငါ့ရတနာလေးကွ။
ထိုစဉ် ရဲဝန်ထမ်းတစ်ဦးမှ လင်းချွမ်တို့အတွက် လက်ဖက်ရည် ငှဲ့ပေးလိုက်သည်။
လင်းချွမ် လက်ဖက်ရည် တစ်ကျိုက်မော့၍ ခဏစဉ်းစားပြီးနောက်
“ကျွန်တော့်အတွေးကတော့ ဒီသတင်းကို ခဏဖုံးထားလိုက်ပြီး ပစ္စည်းလဲခံရတဲ့ကိစ္စကို သေချာ စုံစမ်းသင့်တယ် ထင်တယ်။ နောက်ပြီး ပန်းအိုး ပြုပြင်ဖို့အတွက် ကျောက်စိမ်းထိန်းသိမ်းရေး ပညာရှင်တွေကို ပြတိုက်ဆီ ခေါ်လိုက်”
“ကျောက်စိမ်း ပြင်ဆင်ဖို့လား”
ကျောက်ကန် ခပ်တိုးတိုး ရေရွတ်မိပြီးနောက် မျက်လုံးအရောင်လက်သွားကာ
“ဒါ အကြံကောင်းပဲ”
သူတို့လည်း ရုတ်တရက် အခြေအနေများကို မထုတ်ပြချင်သေးပေ။
တိတ်တဆိတ် စုံစမ်းခြင်းက ပိုကောင်းပါသည်။
ထို့အပြင် ပြုပြင်ထိန်းသိမ်းရေးအတွက် ထိုသို့ ခေါ်လိုက်ခြင်းက အဖွဲ့များစွာအား ပို၍ လွယ်ကူစွာ ရှာဖွေ ဖော်ထုတ်နိုင်လောက်သည်။
မြွေတွင်းထိပ်မှ မြွေကို ဖမ်းခြင်း ဖြစ်သည်။
လင်းချွမ်၏ အကြံဉာဏ်မှာ မထင်မှတ်ထားလောက်အောင် ကောင်းလွန်းနေသည်။
ယုယွီကတော့ လူကြီးများ စကားဝိုင်းထဲ ဝင်မပါနိုင်သည့် ကလေးမလေးကဲ့သို့ ဖြစ်နေ၏။
သူ ထိုအကြောင်းများ လုံးဝ နားမလည်နေပေ။
“အစ်ကိုလီရော ဘယ်လိုတွေးလဲ”
ကျောက်ကန် ရေနွေးကြမ်းတစ်ငုံသောက်၍ လှမ်းမေးလိုက်သည်။
လီကျီကွမ် ပြုံးကာ
“အမှုကိစ္စတွေတော့ သိပ်ပြီး သေချာမသိပေမဲ့ အခု လင်းချွမ်အစီအစဉ်ကတော့ တကယ် ကောင်းပါတယ်”
ကျောက်ကန် ရယ်မောလျက် စားပွဲကို ရိုက်ကာ
“ဒါဆို အခုပဲ ဒီနည်းနဲ့ လုပ်ငန်းစကြတာပေါ့”
မိုတုရဲစခန်း၏ လုပ်ဆောင်နိုင်စွမ်းမှာ မြန်ဆန်တိကျပါသည်။
ချက်ချင်း လိုအပ်သည်များ ကြေညာကာ သတင်းဖြန့်လိုက်သည်။
ဤသို့ဖြင့် နီးစပ်ရာများ တစ်ဆင့် တစ်ဆင့်ဖြန့်ရင်း မနေ့ညနေက မတော်တဆ ကျကွဲ၍ ပျက်စီးသွားသော နိုင်ငံ့ရတနာ ချင်မင်းဆက် ပန်းအိုး ပြုပြင်ရန် ဆွေးနွေးမှုများ ပြင်းထန်လာတော့သည်။