← Chapters

အုတ်ဂူရှာနည်း

Vol. 14 Ch. 204

အုတ်ဂူရှာနည်း

Vol. 14 Ch. 204

“အဲ့တာ ဘာကိုဆိုလိုတာလဲ”

တောင်ကုန်းထိပ်၌ နေရောင်ခြည်မှာ စူးရှစွာ ကျရောက်နေပြီး ရှန်ချန်းချန်းနဖူး၌ ချွေးစများ သီးနေ၏။ 

လင်းချွမ် အပင်ငယ်တစ်ခုအနောက်တွင်ရပ်ကာ (၁) ကီလိုမီတာခန့်ဝေးသော တစ်နေရာသို့ လက်ညှိုးထိုးပြလိုက်သည်။ 

“အုတ်ဂူက ဟိုနေရာမှာ ရှိလောက်မယ်”

“အဲ့တာ ရှင် ဘယ်လိုသိလဲ”

ရှန်ချန်းချန်း အံ့ဩစွာ ထပ်မေးမိသည်။ 

“နဂါးကိုကြည့်ပြီး ရွှေတောင်အမြင့် ဆုံးဖြတ်သလိုပဲ။ တောင်အခြေအနေကိုကြည့်ရင် အန္တရာယ်ဂိတ် (၈) ပေါက် ပြန်ရှိလိမ့်မယ်။ ဂိတ်တွေကတော့ အဋ္ဌဂံအတိအကျပေါ့”

“အပြောကတော့ ချောနေတာပဲ”

“ကျွန်တော်လည်း မသေချာသေးဘူးဆိုတော့ သွားဆင်းကြည့်ရမှာပေါ့”

လင်းချွမ် ပြုံးလျက်

“သွားရအောင်။ ဒီမှာ နေအရမ်းပူတယ်။ ချွေးထွက်လွန်ပြီး သေကုန်တော့မယ်”

“ဟုတ်ပါပြီ”

ရှန်ချန်းချန်း ချွေးစလေးများသုတ်ကာ လင်းချွမ်နောက် ဆင်းလိုက်သွား၏။ 

“ပြန်လာကြပြီပဲ။ တစ်ခုခု တွေ့ခဲ့လား”

ချင်ရှီရှီမှ ပြုံး၍ မေးလိုက်သည်။ 

“တွေ့ပြီထင်တာပဲ”

ရှန်ချန်းချန်း သူ့အနားသို့ ခပ်တိုးတိုး ကပ်ပြော၏။ 

“ဘာကို တွေ့တာလဲ”

လင်းချွမ် လက်ညှိုးထိုးပြကာ

“ဟိုနားမှာ အုတ်ဂူရှိလိမ့်မယ်”

ဟင်။ 

ချင်ရှီရှီ မျက်မှောင်ကြုတ်၍ မှင်တက်သွားသည်။ 

ရှန်ချန်းချန်း လက်ယမ်း၍

“ရှီရှီ ကျွန်မကို မကြည့်နဲ့။ လင်းချွမ် ဘာတွေတွေးနေလဲ ကျွန်မလည်း မသိဘူး”

“ဒီအတိုင်း မှီငြမ်းကြည့်ရမှာပေါ့”

လင်းချွမ် ရယ်မော၍ ပြန်ပြောသည်။ 

သူ ဘယ်လိုသိတာလဲ။ 

ကြွားလွန်းနေတာ မဟုတ်ဘူးလား။ 

သို့သော် လင်းချွမ်မှ ပြောနေ၍ ဒါရိုက်တာကိုတော့ တင်ပြရလိမ့်မည်။ 

စုယွီမှာ အခြားတစ်ဖက်တွင် သမိုင်းဝင်ပစ္စည်း ထိန်းသိမ်းရေး ပညာရှင်တစ်ဦးနှင့် စကားပြောနေသည်။ 

“ဒါရိုက်တာ လင်းချွမ်ကပြောတယ်။ အုတ်ဂူနေရာ ရှာတွေ့ပြီတဲ့”

ချင်ရှီရှီ ရွှံ့တောကြားမှ ပြေးလာ၍ လည်ရှည်ဖိနပ်လေး ပေကျံသွားသည်။ 

“ဘယ်လို”

စုယွီ မျက်မှောင်ကြုတ်ကာ လင်းချွမ်အား လှမ်းကြည့်လိုက်သည်။ 

“ဟုတ်ပါတယ်”

“ဒါရိုက်တာကျန်း မိတ်ဆက်ပေးတုန်းကတော့ အုတ်ဂူနေရာ ရှာနိုင်တဲ့အထိ မပြောထားပါဘူး”

ကျန်းပြောင်ကို ပြောခြင်း ဖြစ်သည်။  

ထိုစဉ် ပညာရှင် ဆရာလုမှ 

“ဒါရိုက်တာ လင်းချွမ်က အုတ်ဂူနေရာ ရှာတွေ့တာလား။ သူက ဘယ်သူလဲ”

“လူငယ်လေးပါ။ အရည်အချင်းတော့ ရှိတယ်။ အမှုတွေလည်း ဝင်ရှင်းဖူးတယ်”

ဆရာလုမျက်နှာ အန်းသွားပြီး

“သမိုင်းဝင်ပစ္စည်း တူးဖော်တာက အမှုဖြေရှင်းတာနဲ့မှ မတူတာ”

“ကျွန်တော်လည်း သိသလောက် ပြောပြတာပါ”

စုယွီမှဆက်၍ 

“ခင်ဗျားကိုယ်တိုင် ရှာတာရော တွေ့ထားလား”

“အခုထိတော့ မတွေ့သေးဘူး။ မကြာခင် ဖြစ်လာမှာပါ”

“မကြာခင်က ဘယ်တော့လဲ”

“(၃) ရက်အတွင်းလောက်ပါ”

“ကြာလွန်းနေတာပဲ။ ကျွန်တော် ဖိအားဒဏ် မခံနိုင်တော့ဘူး”

စုယွီ သက်ပြင်းချ၍ ပြောလိုက်၏။ 

သူ တစ်ယောက်တည်း ခေါင်းဆောင်ဖြစ်၍ အားလုံးကို တာဝန်ယူနေရလေသည်။ 

လုပ်ငန်းစဉ်မှာလည်း ထင်ထားသည်ထက် ပိုကြာနေ၏။ 

“ကျွန်တော်တို့ လက်ရှိကိရိယာတွေနဲ့ကတော့ (၃) ရက်ဆိုတာ အစောဆုံးပါပဲ”

“ဒီလိုလုပ်။ လင်းချွမ်ပြောတဲ့နေရာကို အရင်စစ်ကြည့်ထားလိုက်မယ်။ ဒီက လုပ်ငန်းစဉ်ကိုလည်း ထိခိုက်တာမှ မဟုတ်တာ”

ချင်ရှီရှီမှ ဝင်ပြောသည်။ 

“ကောင်းပြီလေ။ လင်းချွမ်ပြောတာ မှန်မမှန် စစ်ဆေးကြတာပေါ့”

စုယွီ သဘောတူလိုက်၍။ 

ထို့နောက် လင်းချွမ်ထံသို့ ထွက်လာခဲ့ကြသည်။ 

“လင်းရေ ရှီရှီစီက ကြားလို့လေ။ အုတ်ဂူနေရာ တွေ့ပြီဆို”

လင်းချွမ်ပြုံးလျက်

“ကျွန်တော် တောင်အနေအထားတွေကို ကြည့်ပြီး ခန့်မှန်းတာတော့ အဲ့နေရာပဲ”

“ယုံကြည်ချက်ရှိလား”

လင်းချွမ်ဘက်မှ မသေချာလျှင်ပင် သူ စစ်ဆေးကြည့်ချင်ပါသည်။ 

လင်းချွမ် ခဏစဉ်းစား၍ ပြုံးကာ

“(၉၀) ရာခိုင်နှုန်းလောက်ပေါ့”

“ဒီလောက်ဆို ယုံကြည်ချက် ရှိတာပဲ”

စုယွီ ရေရွတ်လိုက်၏။  

ဆရာလုကတော့ လင်းချွမ်၏ နုငယ်သောမျက်နှာကို ကြည့်ကာ မယုံကြည်နိုင်ပေ။ 

လူငယ်တွေက တဇွတ်ထိုးဆန်တာပဲ။ 

သို့သော် သူ ပြန်ငြင်းရန် အကြောင်းပြချက် ရှာမတွေ့ချေ။ 

သူကိုယ်တိုင်လည်း အုတ်ဂူနေရာ ရှာမတွေ့သေးသောကြောင့် ဖြစ်၏။ 

နေ့လယ်၌။ 

လင်းချွမ်တို့အုပ်စု ထိုနေရာကိုတွေ့ကာ အနေအထား ကြည့်နေကြသည်။ 

အန်လင်းမြို့ တံတားနား ဖြစ်လေ၏။ 

“ဒီနေရာလား”

ဆရာလု မကျေမနပ် မေးလိုက်သည်။ 

ရာသီဥတုမှာ အလွန်ပူသောကြောင့် အားလုံး ချွေးများ ရွှဲနစ်နေကြသည်။ 

သို့သော် စုယွီ ဘာမှမညွှန်ကြားသေး၍ မညည်းရဲပေ။ 

လင်းချွမ် လေပူများ အားရပါးရ ရှူရှိုက်ကာ ပေါက်ပြားကိုင်၍ ရှေ့တိုးသွား၏။ 

ထို့နောက် ပေါက်ပြားဖြင့် တူးချလိုက်သည်။ 

အပေါ်ယံမြေမှာ ခြောက်သွေ့နေပြီး လက်ညှိုးတစ်ဝက်ခန့် နစ်သွား၏။ 

လင်းချွမ် ငုတ်တုတ်ထိုင်ကာ အထဲမှ စိုစွတ်သော မြေအား လက်တစ်ဆုပ်ယူ၍ နှာခေါင်းဖြင့် နမ်းကြည့်လိုက်၏။ 

အနံ့မှာ နူးညံ့လွန်း၍ တော်ရုံလူ သတိထားမိမည် မဟုတ်ပေ။ 

ဘေးလူများမှာ နားမလည်နိုင်စွာ ကြည့်နေကြသည်။ 

“လင်းချွမ် မြေကြီးဓာတ်ကို ခံစားနေတာလား”

“အဲ့တာကို သိတာလား”

လင်းချွမ် ပြန်မေးလိုက်၏။ 

“ကြားဖူးရုံပါ။ နားတော့မလည်ဘူး”

ချင်ရှီရှီ ခေါင်းယမ်းပြသည်။ 

လင်းချွမ်ပြုံး၍

“ဒီနည်းက ခွေးနှာခေါင်းလို့ ခေါ်တာပေါ့။ မြေဓာတ်ကို အနံ့ခံရင်း ရှာနိုင်တယ်လေ”

“အဲ့တာကို စိတ်ကူးယဉ်ပြီး ပြောနေတယ်ပဲ ထင်ထားတာ”

“အဲ့တော့ အောက်မှာ အုတ်ဂူရှိတာလား”

ဆရာလု ထပ်မေး၏။ 

လင်းချွမ်ပြုံးကာ

“ဆရာလာပြီး နမ်းကြည့်ပါလား”

ဆရာလု ခေါင်းယမ်းကာ စိတ်ပျက်သလိုဖြင့်

“ကျွန်တော်က သိပ္ပံနည်းကျပဲ ယုံကြည်တယ်။ အဲ့လိုသာ သိနိုင်ရင် ကိရိယာတွေတောင် ယူမလာတော့ဘူးလေ”

“ကျွန်တော့်နည်းကလည်း အသုံးတော့ ဝင်ပါတယ်”

လင်းချွမ် ရယ်မော၍ ပြောလိုက်ပြီး နောက်ခပ်လှမ်းလှမ်းသို့ လျှောက်ကာ ပေါက်ပြားဖြင့် ထပ်တူးလိုက်သည်။ 

ထို့နောက် မြေကြီးနစ်သွားသည့် အမြင့်အား လက်ညှိုးဖြင့် တိုင်းကြည့်နေသည်။ 

“အဲ့တာကရော ဘာနည်းလဲဟင်”

ချင်ရှီရှီ လှမ်းမေး၏။ 

“ဒီ (၂) နေရာလုံးက နေရောင်ခြည်ကျပုံ၊ ပထဝီအနေအထား၊ မြေကြီးအမျိုးအစား အကုန်တူနေတယ်လေ။ ဒါပေမဲ့ အလွှာတွေရဲ့ အထူပဲ မတူတာ”

“အဲ့တာ ဘာလို့လဲ”

“နေရာတွေရဲ့အောက်က ရေဓာတ် မတူလို့ပေါ့”

“သိပြီ။ အုတ်ဂူတွေမှာ အစိုဓာတ် ကာကွယ်အောင်  ထည့်ဆောက်ကြမှာပဲ။ ကျွန်မတို့ တောင်ပိုင်း မြေကြီးတွေကျတော့ အစိုဓာတ် များတယ်။ ဒီတော့ အောက်ဘက်မှာ တားထားရင် အပေါ်နားပဲ ပိုစိုနေမှာပဲ”

“မင်းအရည်အချင်းက မဆိုးဘူးပဲ”

လင်းချွမ် လက်မထောင်ပြ၏။ 

ချင်ရှီရှီတစ်ယောက် စာရသော ကျောင်းသားကို ဆရာ ချီးကျူးလိုက်သကဲ့သို့ ကျေနပ်သွားသည်။ 

စုယွီမှာတော့ မျက်မှောင်ကြုတ်၍ အာရုံစိုက်နေ၏။ 

လင်းချွမ်နည်းလမ်းများမှာ စိတ်ဝင်စားစရာတော့ ကောင်းလေသည်။ 

ဒီကောင်လေးက တကယ် တစ်ခုခုပဲ။ 

ဆရာလုလည်း အရမ်းအတိုက်အခံ မလုပ်ခဲ့မိ၍ တော်သေးသည်ဟု တွေးနေမိလေ၏။ 

All Chapters