လက်ချောင်းနည်းပညာ
Vol. 14 Ch. 207
ဒါရိုက်တာစုယွီ အံ့ဩသွားပြီး
“ပြောရရင် ကျောက်ဂိတ်တံခါးကို ပိတ်ထားရင် အမြန်ဆုံး နည်းလမ်းကတော့ ဖြတ်စက်သုံးတာ ဒါမှမဟုတ် ဖောက်စက်နဲ့ အပေါက်လုပ်ရမှာပဲလေ”
လင်းချွမ် ချင်ရှီရှီကို နားမလည်နိုင်စွာ လှည့်ကြည့်၏။
ချင်ရှီရှီလည်း ခေါင်းငြိမ့်ပြလေသည်။
သူ သမိုင်းဝင်ပစ္စည်းထိန်းသိမ်းရေးမေဂျာကို တက္ကသိုလ်၌ သင်ကြားထားပြီး အုတ်ဂူများ၏ ပုံပန်းသွင်ပြင်၊ ယဉ်ကျေးမှုအမွေအနှစ်၊ ပထဝီဝင် ဗဟုသုတ၊ သမိုင်းနောက်ခံများ၊ ဆက်သွယ်ဖော်ထုတ်မှုများကို အတော် နားလည်ထားပါသည်။
ကျွမ်းကျင်အရည်အချင်းများအတွက်မူ ပြတိုက်များသို့ သွားရောက်လေ့လာခြင်း၊ နာမည်ကြီး အုတ်ဂူနေရာများကို ကြည့်ရှုခြင်းဖြင့် သင်ယူရ၏။
ဘွဲ့ရပြီးသောအခါတွင်မူ အန်လင်းမြို့သမိုင်းဝင်ယဉ်ကျေးမှု ရှာဖွေရေးအဖွဲ့ အားလုံး ထိုအရည်အချင်းများ တတ်မြောက်နေမည်ဟု အာမ,မခံနိုင်ပေ။
လူတိုင်း အလွယ်နည်းဖြင့် စက်ကိရိယာများကိုသာ အားကိုးပြီး ထိုနည်းလမ်းအား မှန်ကန်သည်ဟု ယုံကြည်နေကြ၏။
လင်းချွမ် သိခဲ့၊ သင်ခဲ့ရသော နည်းများမှာမူ ချင်ရှီရှီတို့အတွက် အင်တာနက်ပေါ်၌သာ တွေ့ဖူးလေသည်။
ထို့ကြောင့် လင်းချွမ်ကို ပိုထူးဆန်းစွာ ကြည့်နေကြသည်။
သူတို့အမြင်တွင် လင်းချွမ်သည် ဓားပျံပေါ်မှ တာအိုဘုန်းကြီးနှင့် တူနေ၏။
ထို့ကြောင့် ကမ္ဘာအသစ်သို့ ရောက်သွားသလို ရုတ်တရက် ခံစားရလေသည်။
လင်းချွမ်လည်း သူတို့အမူအရာများကြောင့် အလွန် အံ့ဩနေသည်။
သူတို့တွေ တူးဖော်ရေးအဖွဲ့ရော ဟုတ်ရဲ့လား။
ဟူး—
လင်းချွမ် သက်ပြင်းချ၍ ခေါင်းယမ်းကာ
“အမှန်တော့ ဖြတ်စက်သုံးတာက အဆိုးကြီးတော့ မဟုတ်ပါဘူး”
ဆရာလု သူ့စကားကြောင့် ကျေနပ်စွာ ခေါင်းငြိမ့်ပြသည်။ ထို့နောက် လင်းချွမ်ကို ကြည့်ကာ
“ကောင်လေး ငါလုပ်တာကို သေချာကြည့်ထားနော်”
ထိုသို့ပြောကာ ဖြတ်စက်ဖြင့် ကျောက်တံခါးရှေ့ ထွက်သွား၏။
“ဆရာလု ခဏလေးပါ”
လင်းချွမ် လှမ်းတားလိုက်သည်။
“အဲ့လို လက်လွတ်စပယ် ဖြတ်လိုက်ရင် စက်ယန္တရားတွေကြောင့် ထိခိုက်နိုင်တယ် မဟုတ်ဘူးလား”
“စက်ယန္တရားလား”
ဆရာလု အံ့ဩသွားကာ မဲ့ပြုံးပြုံးလိုက်ပြီး
“ဘာယန္တရားလဲ။ အနောက်ပိုင်းဟန်ခေတ်ကနေ အခုထိ နှစ်ပေါင်း (၂၀၀၀) ကျော်သွားပြီ။ ယန္တရားတွေ ရှိရင်လည်း ပျက်စီးလောက်ရောပေါ့။ ဘာမှ စိုးရိမ်စရာ မရှိပါဘူး”
“တကယ်ကြီး အဲ့လိုတွေးတာလား”
လင်းချွမ် ရှုံ့မဲ့သွား၏။
“ကျွန်တော် အုတ်ဂူတွေရဲ့ ကျောက်တံခါးတွေ အများကြီး ဖွင့်ဖူးပါတယ်။ အေးဆေးပါ”
ဆရာလု ခပ်အေးအေးနှင့် ရင်းရင်းနှီးနှီး ပြောလေသည်။
“အတိအကျဆိုရင် ဘယ်နှစ်ခုလောက် ဖွင့်ဖူးလဲ”
လင်းချွမ်မှ မေးလိုက်သည်။
“၁၊ ၂၊ ၃…”
ဆရာလု လက်ချောင်းများ လှုပ်ရှား၍ ရေတွက်နေသည်။
“၄၊ ၅ အားလုံးပေါင်း (၅) ခု”
လင်းချွမ်မှ
“ဆရာလုရဲ့ ဘိုးဘေးတွေက တကယ် စောင့်ရှောက်ကြတာပဲ”
“ဘာကို ပြောချင်တာလဲ”
သူ မျက်မှောင်ကြုတ်ကာ ပြန်မေး၏။
“ဒီတစ်ခါ အိမ်ပြန်ရင် ဘိုးဘေးတွေကို အမွှေးတိုင်လေး သေချာထွန်းပြီး ကန်တော့လိုက်ဦး”
လင်းချွမ်ပြုံး၍ လက်ညှိုးထိုးပြကာ
“ဆရာလု ကျောက်တံခါးဘေးမှာ အပေါက်လေးတွေ တန်းစီနေတာ တွေ့လား”
ဆရာလု ကြည့်၍ ခေါင်းငြိမ့်ကာ
“တွေ့တယ်လေ ဘာလို့လဲ”
စုယွီ၊ ချင်ရှီရှီနှင့် ရှန်ချန်းချန်းတို့လည်း လိုက်ကြည့်နေမိသည်။
လင်းချွမ်ပြုံး၍
“ဒီဖြတ်စက်ကိုသုံးရင်း နည်းနည်းလေး သတိလက်လွတ်ဖြစ်တာနဲ့ အဲ့အပေါက်တွေကနေ မြှားတွေထွက်လာပြီး အကုန် တုတ်ထိုးဖြစ်ကုန်မှာနော်”
ဆရာလု အမူအရာပြောင်းသွားပြီး ကြောက်လန့်တကြားဖြင့်
“မဖြစ်နိုင်တာ”
“ဘာလို့ မဖြစ်နိုင်ရမှာလဲ”
လင်းချွမ် ပြန်ပြော၏။
“ဒါပေမဲ့ အချိန်တွေ ဒီလောက်ကြာနေပြီကို။ ယန္တရားတွေလည်း ဆွေးသွားလောက်ပြီ မဟုတ်ဘူးလား”
သူ မယုံနိုင်စွာ ထပ်မေး၏။
“အဲ့လိုတွေးရင် ကျွန်တော်တို့ ဘိုးဘေးတွေရော အဲ့လိုပဲလား”
လင်းချွမ်စကားကြောင့် သူ ဘာမှ ပြန်မပြောနိုင် ဖြစ်နေသည်။
လင်းချွမ် ရယ်မောလျက်
“ဒါက အုတ်ဂူပါပဲ။ လူသတ်ထောင်ချောက်တော့ မဟုတ်ပါဘူး”
ဆရာလုမှ
“ဒါပေမဲ့ ကျောက်တံခါးကို ဘယ်လိုဖွင့်ရမှာလဲ”
“ကျွန်တော် စမ်းကြည့်လိုက်မယ်”
လင်းချွမ် ပြောပြောဆိုဆိုနှင့် မြေနေရာများအား စစ်ဆေးကာ လက်တစ်ဖဝါးစာ ကျောက်တုံးတစ်ခုအား အရင် လွှင့်ပစ်လိုက်သည်။
ခဲပစ်၍ လမ်းမေးခြင်းအယူ ဖြစ်၏။
အချိန်တိုင်း ဂရုစိုက်နေရန်မှာ ဦးစားပေးကိစ္စ ဖြစ်ပါသည်။
ကံကောင်းစွာဖြင့် အားလုံး စိုက်ကြည့်နေသည့်အောက်တွင် ကျောက်ခဲလေးမှာ ကျောက်တံခါးကြီးရှေ့သို့ တလိမ့်လိမ့် ရွေ့သွားတော့၏။
ထိုအခါမှ လင်းချွမ် ရှေ့တိုးသွားသည်။
ပြီးနောက် ကျောက်တံခါးကို ခေါက်လိုက်ပြီး အသံအား စစ်ဆေးလိုက်သည်။
သို့သော် အထဲမှ ပဲ့တင်သံကဲ့သို့ ကြားရပြီး ကျောက်တံခါးမှာ လုံးဝ အစိုင်အခဲကြီး မဟုတ်ပေ။
လင်းချွမ် ကျောက်တံခါးအား အနီးကပ်ကြည့်ရင်း ရင်းနှီးလာသလို ခံစားရသည်။
သူ ပုံရိပ်ယောင်လောကတွင် ကြုံခဲ့သော ယန္တရားနှင့် အလွန်တူ၏။
“စနစ်က အပျင်းထူပြီး အပြင်မှာ ရှိပြီးသားအတိုင်း လိုက်လုပ်ထားတာလား”
လင်းချွမ် ရေရွတ်မိ၏။
ထို့နောက် ကျားဖြူပါးစပ်နားမှ အပေါက် (၂) ခုသို့ အလင်းရောင် ထိုးကြည့်လိုက်ရာ ယန္တရား၏ မှန်ဘီလူးခုံးဘက်ကို တွေ့ရလေသည်။
ဟင်။
ထိုအခြေအနေမှာလည်း ပုံရိပ်ယောင်လောကထဲကအတိုင်း ဖြစ်လေ၏။
လင်းချွမ် ထိုခံစားချက်ကို မမေ့ပါ။
ထို့နောက် ယုံကြည်ချက်အပြည့်ဖြင့် အပေါက်ငယ်များထဲသို့ လက်ညှိုးများ ထည့်၍ တစ်ဖက်ဖိအားကို ခံစားကြည့်လိုက်သည်။
လက်ချောင်း နည်းပညာ။