လက်တိုနေတယ်
Vol. 14 Ch. 208
မြေအောက်ဘက် (၁၀) မီတာအကျော်တွင် ဟန်ခေတ် ကျောက်အုတ်ဂူကြီး ပေါ်လာသည်။
ကျောက်တံခါးရှေ့၌ ရှန်ချန်းချန်း၊ ချင်ရှီရှီ၊ စုယွီနှင့် ဆရာလုတို့ လင်းချွမ်ကို အာရုံစိုက်၍ ကြည့်နေမိသည်။
လင်းချွမ်မှာ ကျောက်တံခါးအား တောက်လိုက်ပြီး အပေါက်ထဲသို့ အလင်းရောင် ထိုးကြည့်လေသည်။ ထို့နောက်မှ လက်ချောင်းများဖြင့် စမ်းသပ်လိုက်၏။
ဆရာလု မျက်မှောင်ကြုတ်ကာ
“ဒီအပေါက်ထဲမှာ တစ်ခုခု ရှိလား”
စုယွီလည်း သေချာကြည့်ရင်း ရေရွတ်မိလေသည်။
“ကျွန်တော် ရုတ်တရက် တွေးမိသွားတာ ရှိတယ်။ လွန်ခဲ့တဲ့ နှစ်တွေတုန်းက သိုက်တူးသမားတစ်ယောက်နဲ့ တွေ့တော့ သူ ဒီလို လက်ချောင်းနည်းကို ပြောပြဖူးတယ်။ ဒါပေမဲ့ သူကိုယ်တိုင်လည်း မကျွမ်းကျင်လို့ မှန်လားမှားလား မသိလိုက်ရဘူး။ လက်ချောင်းရှည်တွေက ဒီလို သုံးလို့ရတာပဲ”
ဆရာလုမှာ ခေတ်မီကိရိယာများကိုသာ အားကိုးနေခဲ့၍ ထိုသို့ ရိုးရာနည်းကို မသိသည်မှာ မဆန်းလှပေ။
စုယွီ မျက်မှောင်ကြုတ်၍ လင်းချွမ်အား စိုက်ကြည့်ကာ
“လင်း အခုလုပ်နေတဲ့ နည်းက…”
“လက်ချောင်းနည်းပါ”
ရှန်ချန်းချန်းမှ ဝင်ပြောသည်။
ထိုအခါ အားလုံး ရှန်ချန်းချန်းအား နားမလည်နိုင်သလို ဝိုင်းကြည့်နေကြသည်။
ချင်ရှီရှီလည်း အံ့ဩမှင်တက်စွာဖြင့်
“ချန်းချန်းလည်း ဒီနည်းကို နားလည်တာလား”
ရှန်ချန်းချန်း ရယ်မော၍ ခေါင်းယမ်းပြလိုက်ပြီး
“ကျွန်မက နားမလည်ပါဘူး။ အခုပဲ ရှေးဟောင်း သိုက်တူးနည်းတွေ အမြန်ရှာကြည့်ရင်း လင်းချွမ်နည်းနဲ့ တူနေလို့။ လက်ညှိုးနဲ့ လက်ခလယ်ကို အပေါက်လေးတွေထဲထည့်ပြီး ယန္တရားကို စစ်ဆေးရတာလေ။ အဲ့လိုဆိုလည်း ယန္တရားပွင့်သွားနိုင်သေးတယ်။ ဒါပေမဲ့…”
“ဒါပေမဲ့ ဘာဖြစ်လဲ”
ချင်ရှီရှီ ထပ်မေး၏။
ရှန်ချန်းချန်းမှ
“ဒါပေမဲ့ စာထဲမှာ ပြောတာတော့ ဝတ္ထုထဲက အရည်အချင်းတစ်ခုပဲတဲ့”
“ဘာ”
အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
ဝတ္ထုထဲပဲ ရှိတာလား။
အားလုံး လင်းချွမ်ကို ထူးဆန်းစွာ ကြည့်မိပြန်သည်။
ဝတ္ထုထဲကနည်းနဲ့ အုတ်ဂူဖွင့်နေတာလား။ မထူးဆန်းဘူးလား။
သို့သော် လင်းချွမ်၏အပြုအမူမှာကား လက်တွေ့ဆန်လှသည်။
အားလုံး စွံ့အနေကြစဉ် လင်းချွမ်၏ အပေါက်ထဲ ထည့်ထားသော လက်နားမှ ခလုတ်သံ ကြားလိုက်ရ၏။
အုတ်ဂူထဲမှလာသောအသံဖြစ်ကြောင်း ထင်ရှားလှသည်။
ဂျောက် ဂျောက်—
လင်းချွမ် လက်နှစ်ဖက်ဖြင့် ခပ်ဖွဖွ တွန်းလိုက်သောအခါ ကျောက်တံခါးမှ အက်ကွဲကြောင်း ပေါ်လာပြီး တဖြည်းဖြည်း ပွင့်လာသည်။
ကြည့်နေသူများလည်း စိတ်လှုပ်ရှားသွာ၏။
သူတို့မျက်နှာတွင် ပျော်ရွှင်မှုနှင့် အံ့ဩမှုတို့ ရောပွမ်းနေကြသည်။
ထိခိုက်ပျက်စီးမှုမရှိဘဲ ကျောက်တံခါး ပွင့်လာ၍ ပျော်ရွှင်ရပြီး လက်ချောင်းနည်း တကယ် အသုံးဝင်သောကြောင့် အံ့ဩရပါသည်။
ဆရာလု၏ အမူအရာမှာတော့ အလွန်ထူးခြားနေ၏။
သူ့လက်ထဲမှ စက်ကိရိယာကို ငုံ့ကြည့်ရင်း အရင်က အသုံးပြုခဲ့ပုံများအား ပြန်မြင်ယောင်လာသည်။
သို့သော် ယခုတော့ လင်းချွမ်မှာ လက်ချောင်းများဖြင့် ပေါ့ပေါ့ပါးပါး ကျောက်တံခါးကို ဖွင့်ပြသွားသည်။
သူ့ကိုယ်သူလည်း အလွန်ညံ့ခဲ့ကြောင်း ခံစားမိ၏။
လက်ချောင်းနည်းက မိုက်သားပဲ။
ထို့နောက် ထိုပညာသင်ရန် စိတ်ဝင်စားသွားသည်။
လက်ချောင်းနည်းမှာ ဖြတ်စက်သုံးခြင်းထက် အဆင်ပြေလေသည်။
သူ ခုနကအကြောင်း ပြန်တွေးမိလိုက်သည်။
လင်းချွမ်မှာ တောင်တန်းကိုကြည့်ပြီး မြေသင်းနံ့ရှူ၍ အုတ်ဂူရှိရာမြေကို ချက်ချင်း လက်ညှိုးထိုးပြခဲ့ပါသည်။
“ဒါတော့ နည်းနည်း ကြွားလွန်းတာပါ”
ဆရာလု မနာလိုသွား၏။
ကြွားဝါခြင်းကို မည်သူက သည်းခံနိုင်မည်နည်း။
“ဆရာလု လာမကြည့်တော့ဘူးလား”
လင်းချွမ် အတွေးလွန်နေသော ဆရာလုအား လှမ်းပြောသည်။
“ကြည့်မယ် ကြည့်မယ် လာပြီ”
သူ ချက်ချင်း ကျောက်ဖြတ်စက်အား ဘေးချ၍ ညာဘက်လက်မြှောက်ကာ ရောက်လာသည်။
ကျောက်တံခါးအနားတွင်ရပ်ရင်း ဆရာလု အပေါက်လေးများအား စမ်းသပ်ချင်စိတ် ပေါ်လာသည်။
လင်းချွမ် သူ့လက်ကို အမြန်လှမ်းဆွဲ၍
“ဆရာလု သေချင်လို့လား”
“ယန္တရားက ပျက်သွားပြီ မဟုတ်ဘူးလား”
ဆရာလု နားမလည်နိုင်စွာ ပြန်မေးသည်။
“တံခါးပဲ ဖွင့်ရသေးတာလေ။ အထဲက ယန္တရားတွေ အလုပ်လုပ်နေတုန်းပဲ။ တစ်ခုခု မှားသွားနိုင်တယ်”
လင်းချွမ် မျက်နှာပျက်လျက် ဆုံးမနေသည်။
ဘယ်လိုလုပ် ပညာရှင် ဖြစ်လာတာလဲ။
အုတ်ဂူယန္တရားတွေကို ပေါ့သေးသေး မှတ်နေတာလား။
ဒါမှမဟုတ် သူ စာတွေ့ပဲ ရတာလား။
ဆရာလု အသိစိတ်အမြန်ကပ်ပြီးနောက်
“အစ်ကိုလင်းပြောတာ မှန်တယ်”
“ကဲ ကျွန်တော် အရင်ဝင်မယ်နော်”
လင်းချွမ်မှ ပြောလိုက်သည်။
“အစ်ကိုလင်း ခဏ”
ဆရာလု လှမ်းခေါ်၏။
“ဘာလို့လဲ”
“ကျွန်တော့်ကို ခုနက လက်ချောင်းနည်းလေး သင်ပေးပါလားဟင်။ ကျွန်တော်လည်း တတ်ချင်လို့”
ဆရာလု စိတ်အားထက်သန်စွာ ပြော၏။
“ခင်ဗျားလက်တွေ ပြပါဦး”
“နှစ်ဖက်စလုံးလား”
“ဟုတ်တယ်”
ဆရာလု လင်းချွမ်ရှေ့တွင် လက်နှစ်ဖက် ထောင်ပြလိုက်သည်။
လင်းချွမ် သူ့လက်နှင့် နှိုင်းယှဉ်ကြည့်မိ၏။
လင်းချွမ်လက်ချောင်းများမှာ အနည်းငယ် ပိုရှည်လေသည်။
လင်းချွမ် ခေါင်းယမ်းကာ ဖြတ်စက်အား လက်ညှိုးထိုး၍
“ခင်ဗျားလက်ချောင်းတွေက အရမ်းတိုတယ်။ ဖြတ်စက်သာ သုံးလိုက်ပါ”
“ဪ”
ဆရာလု ရှက်သွားပြီး ဖြတ်စက်ကိုသာ ပြန်ကိုင်ထားမိလေသည်။