ရဲစခန်း လိုက်ခဲ့တော့
Vol. 14 Ch. 210
“ဆရာလု အဲ့လိုတော့ သက်သေလည်း မရှိဘဲ မစွပ်စွဲပါနဲ့”
ချင်ရှီရှီမှ မကျေမနပ် ဝင်ပြော၏။
“ကျွန်တော်က ခန့်မှန်းကြည့်တာပါ”
ဆရာလု ရယ်မော၍ တောင်းပန်လိုက်သည်။
“သူ့ကို အပုပ်ချချင်စိတ် မရှိပါဘူး။ ဒါပေမဲ့ အရမ်းကြီး တော်လွန်းနေတော့ ထူးဆန်းတယ်လေ။ လက်ချောငိးနည်း မပြောနဲ့ဦး။ အုတ်ဂူထဲ ဝင်တာကအစ ကျွန်တော့်ထက်တောင် ကျွမ်းနေသေးတယ်။ စဉ်းစားကြည့်လေ။ ကျွန်တော် အရှေ့မှာ ဘယ်လောက် အတွေ့အကြုံရှိလဲလို့”
“ဆရာလုကလည်း လူတွေက တစ်ယောက်နဲ့တစ်ယောက် မတူကြဘူးလေ။ လင်းချွမ်က သူ့ဝတ္ထုအတွက် လေ့လာရင်း ပညာရထားလို့ပေါ့”
ချင်ရှီရှီ လက်ပိုက်၍ ခပ်အေးအေး ရှင်းပြနေသည်။
ဆရာလုမျက်နှာမှာတော့ ရှက်သလို ဖြစ်သွားသည်။
လူတွေက မတူဘူးတဲ့လား။ မတရားလိုက်တာ။
သူက စာတွေ့ပဲ လေ့လာပြီး ငါ့ကို ငတုံးပုံပေါက်အောင် လုပ်သွားတာလေ။
“ကဲပါ ငြင်းမနေကြနဲ့တော့”
စုယွီမှ ဝင်ဖျန်ဖြေပေးလိုက်သည်။
“ဆရာလု လင်းက အခု ကျွန်တော်တို့ရဲ့ အရေးပါတဲ့ပုဂ္ဂိုလ် ဖြစ်နေပြီ။ နောက်ဆို အဲ့လို သွေးကွဲမယ့်စကားတွေ ထပ်မပြောပါနဲ့”
“ဟုတ်ကဲ့ပါ ဒါရိုက်တာ။ ကျွန်တော်က ခန့်မှန်းကြည့်ရုံပါ။ တခြားစိတ် မရှိပါဘူး”
ဆရာလု စူပုတ်၍ ပြန်ပြော၏။
“သိပါပြီ သိပါပြီ”
စုယွီ ရယ်မောက ချင်ရှီရှီဘက် လှည့်၍
“ရှီရှီ မင်းက ရဲမေရှန်နဲ့ ခင်တယ်ဆိုတော့ လင်းချွမ်အကြောင်း နည်းနည်းထပ်ပြီး တီးခေါက်ကြည့်ပါဦး”
“ဒါရိုက်တာလည်း လင်းချွမ် သိုက်တူးသမား မဟုတ်တာကို မယုံဘူးထင်တယ်”
ချင်ရှီရှီ မျက်မှောင်ကြုတ်၍ ပြော၏။
စုယွီ အမြန် လက်ယမ်းပြကာ
“မဟုတ်တာကွာ။ သူက ကျန်းပြောင်မိတ်ဆက်ပေးထားတဲ့သူပဲ။ ယုံပါတယ်။ မေးခိုင်းတယ်ဆိုတာ ပိုကူညီပေးချင်လို့ပါ”
“ဟုတ်ပါပြီ”
ချင်ရှီရှီ ခေါင်းငြိမ့်ပြလိုက်၏။
“ကောင်းပြီ။ ဒီည သူနဲ့ ချန်းချန်းကို ညစာစားဖို့ ဖိတ်ကြည့်လိုက်မယ်။ ကျွန်မတို့အဖွဲ့အစည်းကိုရော ဘယ်လိုမြင်လဲပေါ့။ ဘယ်လိုလဲ ဒါရိုက်တာ”
“ရတယ်လေ။ မင်းကျွေးမှာပဲကို”
စုယွီ ရယ်မော၍ ပြောလေ၏။
လေတဖြူးဖြူး တိုက်ခတ်၍ သာယာသော ရာသီဥတု ဖြစ်နေသည်။
ဆရာလု နေ့လယ်ကအကြောင်းများ ပြန်စဉ်းစားရင်း လက်ချောင်းနည်းကို လက်တို၍ မသင်နိုင်လျှင်ပင် အခြား မြေသင်းနံ့စမ်းခြင်းနှင့် နဂါးခေါင်းလှည့် ပထဝီအနေအထားတို့ကိုမူ တတ်ကျွမ်းချင်ပါသေးသည်။
ထို့နောက် သူ တောင်ကုန်းပေါ်တက်၍ အနေအထားများအား လေ့လာကြည့်နေသည်။
သို့သော် အချိန်အတော်ကြာအောင် ကြည့်နေပြီးသည်အထိ မထူးခြားဖြစ်နေ၏။
ချင်ရှီရှီပြောသည့်စကား မှန်လေသည်။
“ဒါတွေက သာမာန်တောင်တွေမို့လို့ ဘာမှမထူးတာများလား”
ဆရာလု မျက်မှောင်ကြုတ်ကာ သက်ပြင်းချ၍
“ထားပါတော့။ မြေသင်းနံ့ ရှူကြည့်တာပေါ့။ ငါ့နှာခေါင်းက ကောင်းပါတယ်”
ထို့နောက် အချိန်မဆွဲတော့ဘဲ မြေကြီးတစ်ဆုပ်ယူကာ နမ်းကြည့်လိုက်သည်။
ထူးဆန်းသောရနံ့ဟူ၍ မရပေ။
သူ အခြားနေရာမှ မြေများကို ထပ်ရှူကြည့်သော်လည်း မထူးခြားပေ။
ထို့နောက် ရုတ်တရက် ရှုံ့မဲ့သွားပြီး
“ဘယ်မျိုးမစစ်လေးက သေးပေါက်ထားတာတုန်း”
သူ မြစ်ကမ်းဘေးထိုင်ကာ လတ်ဆတ်သောလေအား ရှူရှိုက်ရင်း စိတ်တည်ငြိမ်သွားမှ ရေရွတ်လိုက်မိသည်။
“သူ့ဆီက သင်မှပဲ ဖြစ်မယ်နဲ့တူတယ်”
…
နေရောင်ခြည် ပျောက်ကွယ်လုနီးပါးဖြစ်ပြီး ငှက်ကလေးများ၏ အသံတစာစာကိုသာ ကြားရသည်။
မြစ်ကမ်းဘေး လမ်းတစ်နေရတွငိ အဖြူရောင်ကားလေးတစ်စီး ထိုးရပ်လာသည်။
“လင်းချွမ် ဒီည ညစာစားပွဲရှိတယ်။ သွားမှာလား”
ရှန်ချန်းချန်းမှ မေးလိုက်သည်။
“မင်းကျွေးမှာလား”
“မဟုတ်ပါဘူး။ ဒီလိုနတ်ဘုရားကို ကျွန်မ မကျွေးနိုင်ပါဘူး”
လင်းချွမ် ရယ်မော၍
“ဒါဆို ဘယ်သူကျွေးမှာလဲ”
“ရှီရှီလေ”
“သူလား။ ဘာလို့လဲ ရုတ်တရက်ကြီးပါလား”
လင်းချွမ် အံ့ဩနေမိသည်။
“ရှင်က အရမ်းတော်လွန်းနေတာကိုး။ သူများတွေ သတိထားမိကုန်ပြီလေ”
ရှန်ချန်းချန်း စနောက်လိုက်၏။
“အဲ့တာ ကျွန်တော့်အပြစ်လား”
လင်းချွမ် ရယ်မော၍ ပြောသည်။
“ဒါဆို ကျွန်မအပြစ်လား”
“မင်းအပြစ်တော့ မဟုတ်ပါဘူး။ ချန်းချန်းကြောင့်သာ မဟုတ်ရင် ကျွန်တော်လည်း အုတ်ဂူထဲ လေ့လာခွင့်ရမှာ မဟုတ်ဘူး”
“ဒါဆို ဒါရိုက်တာကျန်းကိုပဲ အပြစ်တင်ရတော့မှာပေါ့။ သူ မိတ်ဆက်ပေးတာလေ။ နေပါဦး။ ရှင့်အပြစ်ပါ။ ဘာလို့ အဲ့လောက် တော်တတ်နေရတာလဲ”
“အဟမ်း ဝတ္ထုရေးဖို့ လိုအပ်တယ်လေ”
ရှန်ချန်းချန်း ပြုံးလျက်
“ရှင့်ဝတ္ထုအသစ် ထွက်လာတော့မှာလား”
“မကြာခင်ပေါ့”
“စာအုပ်နာမည်ကရော”
“အာ…”
လင်းချွမ် နေရခက်စွာဖြင့်
“ထွက်တော့မှ ပြောလိုက်ရင်ရော”
“ပြောပြပါ။ အမာခံပရိသတ်အနေနဲ့ ဝတ္ထုနာမည်လေးတောင် ကြိုသိခွင့်မရှိဘူးလား”
“ဟုတ်ပါပြီ။ သိခွင့်ရှိပါတယ်”
“ဒါဆို ပြောလေ”
“အာ အဲ့တာက ‘သိုက်တူးမှတ်တမ်း’ တဲ့”
“ဘာ”
ရှန်ချန်းချန်း မျက်လုံးလေး ဝိုင်းလျက်
“လင်းချွမ် ဒီည ညစာစားပွဲ မသွားဘဲ ရဲစခန်းပဲလိုက်ခဲ့တော့။ ကျွန်မကို အစအဆုံး သေချာ ရှင်းပြ”