Chapters

ရှင်းလင်းချက်

Vol. 14 Ch. 197

ရှင်းလင်းချက်

Vol. 14 Ch. 197

ညနေစောင်းအချိန် ရောက်လာလေပြီ။ 

နေဝင်ချိန်အလင်းရောင်မှာ တောက်ပနေပြီး လမ်းတစ်လျှောက် နီယွန်မီးများလည်း စတင် ထွန်းလင်းလာကြသည်။ 

နူးညံ့သော လေညင်းမှာလည်း မွှေးပျံ့သည့် ပန်းရနံ့များအား သယ်ဆောင်၍ ရှေးခေတ် အပြင်အဆင်နှင့် လမင်းသာ စားသောက်ဆိုင်ခြံဝန်းထဲအထိ ရောက်ရှိလာ၏။ 

“ယုယွီ ကျွန်တော် မနက်ဖြန် အန်လင်း ပြန်တော့မယ်”

လင်းချွမ် ခပ်အေးအေး ပြောလိုက်သည်။ 

“နည်းနည်းလောက် ထပ်နေတာမဟုတ်ဘူး”

ယုယွီ အံ့ဩသွားပုံဖြင့် စိုက်ကြည့်ရင်း ပြောလေသည်။ 

“ကျွန်တော် အန်လင်းမှာ အလုပ်လေးတွေ ရှိသေးလို့ပါ”

လင်းချွမ် လက်ယမ်းကာ ပြောသည်။ 

စတူဒီယို ၇၂၀၊ ရွှေတုံး ရှေးဟောင်းပစ္စည်းဆိုင်တို့ကို ကျန်းတစ်ယောက်တည်း ဦးစီးနေရသည်မှာ အတော်ကြာသွားလေပြီ။ 

ယုယွီမျက်ဝန်းများ ဝမ်းနည်းရိပ်သန်းသွားသော်လည်း ချက်ချင်း စိတ်ထိန်း၍ ပြုံးကာ

“ကျွန်မ ခေါ်သွားချင်တဲ့နေရာတွေ အများကြီး ရှိသေးတယ်။ ဒါပေမဲ့ ဒီလို ကိစ္စကြီး ဖြစ်သွားတာနဲ့ အားလုံး ပျက်စီးကုန်တာပဲနော်”

သူ လင်းချွမ် လာလည်မည်ကို ကြားတည်းက ခရီးများ ထွက်ရန် စီစဉ်ကာ ရုံး၌ပင် ခွင့်ယူထားပြီး ဖြစ်၏။ 

သူ လင်းချွမ်နှင့် အချိန်ကောင်းများ ဖြတ်သန်းရန် တွေးထားလေသည်။ 

မည်သူက ယခုလိုအခြေအနေ ကြုံရမည်ဟု ထင်မည်နည်း။ 

ရှေးဟောင်းပစ္စည်းအမှုနှင့်ပင် အချိန်များစွာ ကုန်သွားလေပြီ။ 

“နောက်တော့ ကြုံဦးမှာပါ”

လင်းချွမ်ပြုံး၍ ပြောလိုက်သည်။ 

ယုယွီ အရည်လဲ့နေသော မျက်ဝန်းလေးဖြင့် ငေးရင်း ပါးပြင်ပေါ်မှ ဆံချည်မျှင်များအား ဘေးသို့ သပ်လိုက်၏။ 

“ကောင်းပါပြီ။ နောက်တစ်ခါတော့ အချိန်ကောင်းလေး ကုန်ဆုံးကြတာပေါ့”

“ဟုတ်ပြီဗျာ”

ထိုစဉ် နှစ်ဦးလုံးထံမှ ဖုန်းမြည်လာ၏။ 

မိုတုရဲစခန်းမှ လက်ရှိအမှုနှင့် ပတ်သက်သော ပုံတစ်ပုံ ပို့လိုက်ခြင်း ဖြစ်သည်။ 

ယုယွီ တစ်ချက်ကြည့်ကာ ပြုံးသွားပြီး

“လင်းချွမ် ရှင် စာဖတ်သူအဖွဲ့ထဲမှာ ရှင်းပြရဦးမှာမလား”

“ဒီထုတ်ပြန်ချက်နဲ့ဆိုရင် ရှင်းပြဖို့ တော်တော် လွယ်သွားပါပြီ”

လင်းချွမ် ရယ်မော၍ သဘောကျစွာ ပြော၏။ 

ထို့နောက် စာဖတ်သူအဖွဲ့ထဲဝင်၍ လက်ချောင်းများ တလှုပ်လှုပ်ဖြင့် စာရိုက်လေသည်။ 

“အားလုံးပဲ ကျွန်တော် ပြန်လာပြီနော် ဟားဟား”

လင်းချွမ်သည် အဖွဲ့ထဲ၌ နာမည်ကြီးပြီးသားဖြစ်ကာ ပရိသတ်များ ချက်ချင်း လှုပ်ရှားလာကြသည်။ 

[မစ္စတာလင်း နောက်ဆုံးတော့ ပေါ်လာပြီပဲ]

[မစ္စတာလင်း ကျွန်တော် အထင်လွဲသွားမိတယ်။ ခင်ဗျား အတုလို့ပြောတုန်းက မယုံနိုင်ခဲ့ဘူး]

[ဟုတ်တယ်။ ငါလည်း အဲ့ဗီဒီယို တွေ့တယ်။ အဲ့မှာ ပြန် share လိုက်ပေမဲ့ ပျောက်သွားတယ်နော်]

[တကယ် ထူးဆန်းတာပဲ]

[အတုအစစ်က အရေးကြီးလို့လား။ မစ္စတာလင်း ရဲစခန်းရောက်သွားလားပဲ သိချင်တာ]

[ခင်ဗျား အခုထိ စခန်းမှာလား]

[အစ်ကို နောက်ဝတ္ထု ရေးပါဦး။ စွမ်းရည်လေးတွေ သင်ချင်လို့]

[အစ်ကို့ဝတ္ထုသာ မရှိရင် ဘယ်လို ထမင်းစားရမလဲတောင် မသိဘူး]

[ရဲစခန်းမှာလည်း ဝတ္ထုဆက်ရေးလို့ ရတာပဲ]

[ရပါတယ်။ ကျွန်တော် စောင့်ပါမယ်]

[…]

“အဲ့တာ အားလုံး ရှင့်ရဲ့ အမာခံပရိသတ်တွေပဲ”

ယုယွီ ပြုံးရွှင်၍ ပြောလိုက်၏။ 

“ဟုတ်ပါ့ဗျာ”

လင်းချွမ်လည်း ပြုံးနေမိသည်။ 

သူ့အဖွဲ့ထဲတွင် ပရိသတ်ထောင်ချီ၍ ရှိနေပြီး အားလုံး subscribe လုပ်ထားကြလေသည်။ 

သူ စကားအကောင်းပြောရန် ရောက်လာသော်လည်း ထိုကွမ်းမန့်များအားကြည့်၍ စွံ့အနေ၏။ 

ထို့နောက် ခဏစဉ်းစားကာ မိုတုရဲစခန်းမှ ပို့လာသော ပုံအား ပြန်ပို့ပေးလိုက်သည်။ 

“အားလုံးပဲ ကျွန်တော် စိတ်ပျက်မိတယ်”

ဓာတ်ပုံထဲတွင်မူ အပြာရောင်နောက်ခံနှင့် စာလုံးအဖြူများ ရေးထားသည်။ 

ထိုဓာတ်ပုံကိုတွေ့သည်နှင့် အုတ်အော်သောင်းနင်း ဖြစ်သွားကြပြန်၏။ 

အကြောင်းအရာမှာ 

‘လက်ရှိတွင် ကျွန်တော်တို့အဖွဲ့အစည်းမှ စစ်ဆေးမှုအရ နိုင်ငံ့ရတနာ ချင်မင်းဆက် နံရံပါး ပန်းအိုး ပျက်စီးမှုကို အောက်ပါအတိုင်း ထုတ်ပြန်လိုက်သည်’

‘အမှုတွင် လင်းချွမ် မတော်တဆ ဖျက်ဆီးမိသော ပန်းအိုးသည် အတုဖြစ်ကြောင်း သက်သေပြနိုင်ပြီး ယဉ်ကျေးမှုအဖွဲ့အစည်းမှ မှန်ကန်ကြောင်း ထောက်ခံပေးလိုက်ပါသည်’

‘ထို့နောက် ဇွန်လ (၁၉) ရက်တွင် ကျွန်တော်တို့ အဖွဲ့အစည်းမှ မြန်ဆန်စွာ စစ်ဆေး အတည်ပြုကာ ဟုရှူနှင့် ကောင်းချင်လင်းတို့အား ဖမ်းဆီးနိုင်ခဲ့ပြီး အပြစ်များ ဝန်ခံသောကြောင့် အဖြစ်မှန်အားလုံး ပေါ်ပေါက်လာခဲ့သည်’

‘…’

အဖွဲ့ထဲမှ ပရိသတ်များ ထိုစာကို ဂရုတစိုက်ဖတ်ရင်း အံ့ဩမှင်တက်နေကြသည်။ 

စာများမှာ အလွန်ရှည်နေသော်လည်း နားလည်ရန် မခက်လှပါ။ 

ထို့နောက် အားလုံး ငြိမ်မနေနိုင်ကြတော့ပေ။