← Chapters

ငယ်ဘဝ

Vol. 15 Ch. 211

ငယ်ဘဝ

Vol. 15 Ch. 211

အန်လင်းမြစ်ကမ်း။ 

နေလုံးကြီးသည် ခပ်လှမ်းလှမ်းမှ တောင်တန်းများကြားသို့ ဖြည်းညင်းစွာ ကွယ်ပျောက် နစ်ဝင်သွားပြီး မြစ်ရေမျက်နှာပြင်အား တလက်လက် တောက်ပနေစေသည်။ 

ထိုစဉ် အဖြူရောင်ကားလေးတစ်စီးမှာ မြစ်ကမ်းဘေးနား ထိုးရပ်လာ၏။ 

အထဲတွင် လင်းချွမ်မှာ ကားရှေ့ခန်း၌ ထိုင်နေပြီး ခါးပတ်လေးကိုင်လျက် ကြောက်လန့်နေသလို ရှိသည်။ 

“ရဲမေရှန်က အခု စုံထောက်ဖြစ်နေပြီလား”

“တခြားသူတွေက သိုက်တူးသမားအကြောင်း ဘာညာ ရေးတာက သက်သေမရှိပေမဲ့ ရှင်ရေးလိုက်ရင် အစစ်အတိုင်း မျက်နှာမှာပါ ပေါ်နေတာလေ”

ရှန်ချန်းချန်း ရယ်မော၍ စနောက်သလို ပြော၏။ 

“ဘာကိုလဲ”

လင်းချွမ် နားမလည်နိုင်စွာ ပြန်မေးလေသည်။ 

ရှန်ချန်းချန်းပြုံး၍ လင်းချွမ်ကိုကြည့်ကာ

“အပြစ်ရှိနေသလိုလေ”

လင်းချွမ် ချက်ချင်း ခေါင်းယမ်းကာ ငြင်းလေ၏။ 

“ရဲမေရှန် သက်သေလည်းမရှိဘဲ အဲ့လိုဖမ်းလို့ မရဘူးလေ”

“ရှင့်မှာ နာမည်ပြောင်အသစ်တောင် ရှိနေသလိုပဲ”

သူ ခဏရပ်နေပြီးမှ

“ဥပဒေမဲ့လေ”

“အယူခံဝင်ပါတယ်”

လင်းချွမ်လည်း ရယ်မော၍ ပြန်ပြောလေ၏။ 

ရှန်ချန်းချန်းမှာ လန်းဆန်းသော ပန်းပွင့်လေးကဲ့သို့ ပြုံးရွှင်လျက်

“ညကျရင် လာမှာလား။ ကျွန်မက ရှီရှီ့ကို နေရာယူဖို့တောင် ပြောပြီးပြီ”

“ဒါဆိုလည်း သွားကြတာပေါ့”

လင်းချွမ် သဘောတူလိုက်၏။ 

မကြာမီ ရှန်ချန်းချန်း ကားကိုကွေ့၍ ကျန်းပင်လမ်းမပေါ်တက်ကာ နီယွန်မီးရောင်များ အောက်မှ ချင်းရှုရပ်ကွက်ဆီသို့ မောင်းနှင်လာခဲ့၏။ 

ချင်းရှုရပ်ကွက်မှ ‘နွေဦးလမင်း’ ဟူသော စားသောက်ဆိုင်မှာ ရှေးအငွေ့အသက်များနှင့် ဆွဲဆောင်မှု ရှိနေလေသည်။ 

ရေလှိုင်းသံနှင့် ဂီတသံ ရောစပ်ကာ သစ်သားပုလွေ၏ ပံ့ပိုးမှုဖြင့် ရှေးခေတ် ရောက်ရှိသွားသလို ခံစားရစေသည်။ 

ချင်ရှီရှီ လင်းချွမ်တို့ကို ထိုစားသောက်ဆိုင်၌ ချိန်းထားလေသည်။ 

ဆိုင်သို့ရောက်သောအခါ (၃) ဦးသား ဒုတိယထပ် ပြတင်းပေါက်နားရှိခုံတွင် ထိုင်လိုက်ကြသည်။ 

ထိုနေရာမှကြည့်လျှင် အောက်ထပ်ရှိ လမ်းဘေးဈေးသည်များ၊ ကားအကောင်းစားများ၊ ရိုးရာမုန့်များ စသဖြင့် အားလုံးကို စိတ်ဝင်စားဖွယ် တွေ့ရလေသည်။ 

“ဆရာလင်း ဘာစားမလဲ”

ချင်ရှီရှီသည် တီရှပ်အဖြူနှင့် ဂျင်းဘောင်းဘီ ဝတ်ဆင်ထားပြီး ရှန်ချန်းချန်းကဲ့သို့ပင် နုငယ်ချိုသာသော အသွင်အပြင်မျိုး ခံစားရ၏။ 

နှစ်ဦးလုံး (၂၅) နှစ်ဝန်းကျင်မျှသာဖြစ်ပြီး နှင်းကဲ့သို့ ဖြူဖွေးသော အသားအရည်နှင့် တင်းရင်းသော မျက်နှာတို့ကြောင့် နွေဦးပန်းပွင့်များကဲ့သို့ လန်းဆန်းနေကြသည်။ 

ထို့ကြောင့်လည်း ဆိုင်ထဲဝင်လာသည်နှင့် လူအချို့၏ အာရုံစိုက်ခြင်းကို ခံရလေသည်။ 

လင်းချွမ်ပင် ထိုအနေအထားကို အတော်လေး ကျင့်သားရကာ ချင်ရှီရှီထံမှ မီနူးကဒ်ယူလိုက်ရင်း

“ဒါဆို အားမနာတော့ဘူးနော်”

“မနာပါနဲ့။ ဒီညစာက အဖွဲ့အစည်းက ကျွေးတာပါ”

ချင်ရှီရှီ ညစာရည်ရွယ်ချက်ကို အမှန်အတိုင်း ပြောလိုက်သည်။ 

“ဒါဆို ပိုပိုသာသာ မှာမှပဲ”

လင်းချွမ်ရယ်မော၍ ထပ်ပြော၏။ 

သူ ယနေ့ အုတ်ဂူတူးဖော်မှုတွင် ဦးဆောင် ကူညီခဲ့သောကြောင့် ဤမျှ ညစာကျွေးခြင်းမှာ ပုံမှန်ပင်။ 

“လင်းချွမ် ကျွန်မကတော့ ရှင့်ကိုမှီပြီး စားရတာပေါ့”

ရှန်ချန်းချန်း ရယ်မော၍ ပြောလိုက်၏။ 

“ရပါတယ် ရဲမေရှန်ရယ်”

တစ်ဝိုင်းလုံး ရယ်မောသံများ ညံသွားလေသည်။ 

ချင်ရှီရှီ လင်းချွမ်အတွက် လက်ဖက်ရည် ငှဲ့ပေးရင်း 

“ဆရာလင်း ကျွန်မ တစ်ခုလောက် မေးစရာရှိတယ်။ အဆင်ပြေမှ ဖြေပါနော်”

“မေးပါ”

လင်းချွမ် လက်ဖက်ရည်ခွက်ယူရင်း ပြောသည်။ 

“ဒီနေ့ ရှင် အုတ်ဂူရှာတာရော၊ တူးဖော်တာရော အရမ်းထူးချွန်တာတွေ့တော့ အံ့ဩနေရတာလေ။ အဲ့တာတွေ ဘယ်ကများ သင်ခဲ့တာလဲ”

ချင်ရှီရှီအသံမှာ နူးညံ့၍ စိတ်ဝင်စားမှု အပြည့်ဖြစ်နေသည်။ 

သူ လာရာလမ်းတစ်လျှောက်လုံး ထိုပညာများအကြောင်း ရှာဖွေကြည့်သော်လည်း အသေးစိတ်ဖော်ပြထားခြင်း မရှိပေ။ 

ထူးထူးခြားခြား တွေ့ရသည်မှာတော့ ထိုအရည်အချင်းများမှာ ဂိုဏ်းအလိုက် လက်ဆင့်ကမ်းခြင်းဟူ၍ ဖြစ်သည်။ 

ပြောရလျှင် တစ်စုံတစ်ဦး သေချာသင်​ပေးမှ တတ်မြောက်နိုင်လေသည်။ 

“အင်း အဲ့တာက…”

လင်းချွမ် မျက်ခုံးလေးပင့်လျက် တွေဝေနေ၏။ 

“ရှီရှီ သူ ဘယ်လိုတတ်လာလဲ ကျွန်မသိတယ်”

ထိုစဉ် ရှန်ချန်းချန်းမှ ဝင်ပြောလေသည်။ 

“ဘယ်လိုလဲ”

“သူ့ဝတ္ထုတွေအတွက် သူကိုယ်တိုင်ရှာပြီး လေ့လာတာလေ”

ရှန်ချန်းချန်း သူ့အကြောင်း ကောင်းကောင်း သိနေ၍ အဖြေကို ကြိုခန့်မှန်းနိုင်ပါသည်။ 

ချင်ရှီရှီ လင်းချွမ်အား အံ့ဩစွာကြည့်၍

“ဆရာလင်း တကယ် အဲ့လိုလား”

“အာ အမှန်တော့ ချန်းချန်းပြောတာ တစ်ဝက် မှန်ပါတယ်”

လင်းချွမ် ဇာတ်လမ်းအမြန်ဆင်ပြီးနောက်

“ကျွန်တော် သိတာ ဘာမှမဟုတ်သေးပါဘူး။ ပြောရရင် ဒီလိုတတ်လာတာက ကျွန်တော် ခပ်ငယ်ငယ် မွေးရပ်မြေမှာ နေတုန်းက လူစိမ်းတွေ အနားက တောင်ပေါ် တက်တက်သွားတာ ခဏခဏ တွေ့တယ်။ ကျွန်တော်တို့အိမ်ကလည်း ဆင်းရဲတော့ တောင်ပေါ်မှာ အိမ်အတွက် ထင်းသွားသွားခုတ်ရတယ်လေ”

သူ ခဏနားကာ ရေတစ်ခွက် ယူသောက်လိုက်သည်။ 

ချင်ရှီရှီ နားထောင်နေရင်း ရေပြန်ဖြည့်ပေးလိုက်၏။ 

လင်းချွမ် ကျေးဇူးတင်သလို ခေါင်းငြိမ့်ပြကာ ဆက်၍

“တစ်နေ့တော့ ကျွန်တော် ထင်းခုတ်ဖို့ဆိုပြီး တောင်ပေါ်ကို တစ်ယောက်တည်း ထွက်လာတာပေါ့။ အသက် (၁၀) နှစ်လောက်ပဲ ရှိဦးမယ်။ ရာသီဥတုကြီးက မှုန်မှိုင်းပြီး မိုးတွေလည်း သည်းနေတာလေ။ အဲ့လိုနဲ့ တောင်ပေါ်မှာ လမ်းပျောက်နေတုန်း လူစိမ်းအုပ်စုနဲ့ တွေ့တာပေါ့။ အဲ့ထဲက ကျွန်တော် ကောင်းကောင်း မှတ်မိနေသေးတဲ့ ဦးလေးဖန်ဆိုတာက ကျွန်တော့်ကို မိုးခိုခွင့်ပေးပြီး ရေစက်ပါလို့ တွေ့ရကြောင်း ပြောတယ်”

“ကျွန်တော်လည်း ဦးလေးဖန်ကို တောင်ပေါ်မှာ ဘာလုပ်နေတာလဲ မေးတာပေါ့။ သူပြောတာ တောင်ထဲမှာ ရတနာတွေ ရှိတယ်တဲ့။ စိတ်ဝင်စားရင် သူ နည်းလမ်းတွေ သင်ပေးမယ်ပေါ့။ ကျွန်တော်လည်း ဆင်းရဲတဲ့ဘဝက လွတ်ချင်တော့ သင်လိုက်တယ်လေ။ ဒါပေမဲ့ နောက်မှ သူတို့က သိုက်တူးသမားတွေဆိုတာ နားလည်သွားတာ”

“အဲ့နေ့နောက်ပိုင်းမှာ ဦးလေးဖန်လည်း ရွာမှာပဲ နေတော့ မိဘတွေမသိအောင် ပညာသွားသွား ခိုးသင်ရတယ်လေ။ တောင်ပေါ်ကိုလည်း အမြဲခေါ်သွားပြီး လက်တွေ့သင်ပေးတယ်။ နောက်တော့…”

လင်းချွမ် အတိတ်ကို ပြန်လွမ်းဆွေးသလိုဖြင့် ရပ်သွား၏။ 

ချင်ရှီရှီမှာ ဆန့်တငင်ငင် ဖြစ်သွား၍ အားမလိုအားမရဖြင့်

“နောက်တော့ရော ဘာဆက်ဖြစ်လဲ” 

All Chapters