သိုက်တူးမှတ်တမ်း
Vol. 15 Ch. 213
“ချီလူနယ်က မြေတွေက ယေဘုယျအနေနဲ့ဆိုရင် မြေညို၊ ဂျင်းပါတဲ့ သဲနက်မြေ၊ ဆလိုင်းမြေတို့ပေါ့။ တက္ကသိုလ်မှာလည်း သင်ခဲ့ရမှာပါ”
လင်းချွမ်မှ ရှင်းပြ၏။
ချင်ရှီရှီ ခေါင်းငြိမ့်ပြလေသည်။
လင်းချွမ်ဆက်၍
“ကျွန်တော် အုတ်ဂူအသေးကိုတော့ မပြောတော့ပါဘူး။ အကြီးပဲ ပြောပြမယ်”
“ဟုတ်ကဲ့”
ချင်ရှီရှီ စားပွဲထိုးလေးထံမှ ဘောပင်နှင့် စာရွက် ငှါးကာ ရေးမှတ်ရန် ပြင်လိုက်သည်။
လင်းချွမ် လက်ဖက်ရည်တစ်ငုံသောက်ကာ
“ချီလူနယ်က အုတ်ဂူကြီးတွေက အများအားဖြင့် မြေအောက်နန်းတော်တွေမှာ ရှိတတ်တယ်။ ရာထူးအမြင့်ပိုင်းတွေ အတွက်ပေါ့။ ဒီတော့ မြေကြီးနဲ့ တိုက်ရိုက်ထိမနေတဲ့ နည်းကို အတုယူပြီး သုံးထားတယ်။ အဲ့တာကြောင့် တချို့တွေလည်း ဖယောင်းနဲ့ပိတ်ပြီး အင်အားပြင်း အက်စစ်ရည်နဲ့ သိုက်တူးသမားတွေရန်က ထပ်ကာကွယ်ထားတာပေါ့။ အဲ့တော့ စဉ်းစားစရာ (၂) ချက် ရှိတယ်”
“ဘာတွေလဲဟင်”
ချင်ရှီရှီ ရေးလက်စမှ မော့ကြည့်၍ မေး၏။
“တစ်ခုက ဖယောင်းလွှာ ပျက်စီးသွားရင် ဘာဖြစ်မလဲပေါ့။ ဖယောင်းလွှာ မရှိတော့ရင် အက်စစ်ပြင်းတွေလည်း ယိုစိမ့်ကျလာပြီး မြေကြီးနဲ့ ဓာတ်ပြုတဲ့အခါ မြေကြီး အရည်အသွေးကို ပြောင်းလဲစေတယ်”
လင်းချွမ် ခပ်အေးအေး ရှင်းပြကာ ချင်ရှီရှီလည်း အနည်းငယ်မှ လွတ်မသွားနိုင်အောင် အသည်းအသန် လိုက်ရေးနေသည်။
တစ်ဖက်တွင် ရှန်ချန်းချန်းကတော့ သူတို့နှစ်ဦးကို နားမလည်နိုင်စွာ ကြည့်နေ၏။
ညစာစားပွဲမှ စာသင်ခန်းအဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွားသည်။
တစ်ဦးက သင်ကြား၍ တစ်ဦးကလည်း ကောင်းကောင်း နားထောင်နေသည်။
သို့သော် ရှန်ချန်းချန်း နားမလည်နိုင်သည်ကို မဆိုထားနှင့်။ ချင်ရှီရှီပင် တစ်ဝက်မျှသာ နားလည်လေသည်။ အကုန် ချရေးထားပြီး နောက်မှ အေးဆေး ပြန်လေ့လာရမည် ဖြစ်သည်။
“ဒါက ချီလူနယ်အကြောင်း”
လင်းချွမ် စကားဆုံးသောအခါ လက်ဖက်ရည်တစ်ကျိုက် ထပ်သောက်လိုက်၏။
သူ အာအလွန်ခြောက်သွားလေသည်။
ချင်ရှီရှီမှာတော့ စာရွက်ထဲရှိ အချက်အလက်များကို ကြည့်ကာ ကျေနပ်စွာ ပြုံး၍
“ကျေးဇူးတင်ပါတယ် ဆရာလင်း”
ထိုစဉ် ရှန်ချန်းချန်း ချင်ရှီရှီအနား ကပ်၍ ရယ်မောကာ
“ငါပြောမယ်။ လင်းချွမ်ဆီက ပညာသင်ဖို့ နောက်တစ်နည်း ရှိသေးတယ်”
“ဘာနည်းလဲ”
ချင်ရှီရှီ အံ့ဩသွား၏။
“လင်းချွမ်ရဲ့ဝတ္ထုတွေ ဖတ်လေ”
ရှန်ချန်းချန်း ရယ်မောကာ
“သူ့မှာ နာမည်ပြောင် ရှိပြီးသား။ အင်တာနက်ဆရာတဲ့။ တချို့ဆို သူ့စာအုပ်တွေပဲ ဖတ်ရင်း ဖဲခိုးတတ်၊ သော့ပြင်တတ်သွားကြတာ”
ချင်ရှီရှီ အလွန်အံ့ဩနေမိသည်။
လင်းချွမ်ကတော့ ရှက်ရမ်းယမ်းကာ ရယ်နေ၏။
ရှန်ချန်းချန်း ခပ်တိုးတိုးဖြင့်
“အဲ့တာကြောင့် ငါ သူ့ကို (၂) ခေါက်တောင် ဖမ်းမိသွားတာလေ”
ချင်ရှီရှီ မျက်လုံးလေးပြူးလျက် နားထောင်နေ၏။
“အဟမ်း ဟင်းတွေ အေးကုန်တော့မယ်။ စားကြရအောင်လေ”
လင်းချွမ် နေရခက်လာသောကြောင့် ထပြောလိုက်လေသည်။
…
နောက်ရက်များ၌။
လင်းချွမ် ရှေးဟောင်းပစ္စည်းဆိုင်နှင့် နည်းပညာ ကုမ္ပဏီ၊ သမိုင်းဝင်ယဉ်ကျေးမှု ထိန်းသိမ်းရေးနှင့် ရှာဖွေရေး အဖွဲ့အစည်း၊ ဟန်ခေတ် အုတ်ဂူတို့ကို သွားလိုက်ပြန်လိုက်ဖြင့် အလုပ်ရှုပ်နေခဲ့၏။
ဇူလိုင် (၁) ရက်တွင်မူ။
အန်လင်းမြို့ အပြင်ဘက်။
ဆောက်လုပ်ရေးဆိုဒ်အနီး တွေ့ရသော အုတ်ဂူကြီးမှာ လူနေရပ်ကွက်နှင့် အလွန်နီးစပ်နေ၏။
လင်းချွမ်၏ စစ်ဆေးမှုအရ ဟန်ခေတ် အနောက်ပိုင်းမှ ပြီးပြည့်စုံသော အုတ်ဂူကြီးဖြစ်ပြီး အရေးကြီး သမိုင်းဝင်ပစ္စည်းများ ပါနိုင်သည်။
ထို့ကြောင့် ဟန်မြစ်အပိုင်းရှိ သမိုင်းဝင်ယဉ်ကျေးမှု တူးဖော်ရေးအဖွဲ့များကြားတွင် အလွန် ရိုက်ခတ်သွားလေ၏။
လင်းချွမ်ကတော့ နေ့ကောင်းရက်မြတ်ရွေးကာ သူ့စာအုပ်အသစ်ကို ထုတ်ရန် စီစဉ်နေသည်။
“သိုက်တူးမှတ်တမ်း”
“ယုယွီ ကျွန်တော် စာအုပ်အသစ် ထုတ်တော့မယ်”
လင်းချွမ် လင်ကျန်းအိမ်ရာအခန်းထဲတွင် ခပ်အေးအေး ထိုင်လျက် အန်လင်းမြစ်အလှကို ငေးရင်း စာပို့လိုက်သည်။
“စာအုပ်အစစ်က အဲ့လောက် မြန်တာလား”
ယုယွီ ရုတ်တရက်ကြားရသော သတင်းကြောင့် အံ့ဩသွားလေသည်။
“ဒီတစ်ခါက နည်းနည်းမတူဘူး။ အတွဲနဲ့ ထုတ်မှာ”
လင်းချွမ် ထပ်ပြောလိုက်၏။
“အတွဲလိုက် ထုတ်ချင်တာက ရပါတယ်။ ဒါနဲ့ ဘာအကြောင်းလဲ”
ယုယွီ စိတ်ဝင်တစား မေး၏။
လင်းချွမ် ပြုံး၍
“သိုက်တူးတဲ့အကြောင်းပါ”
သိုက်တူးတာလား။
ယုယွီ သက်ပြင်းချ၍
“ဒါက တကယ် ထူးခြားပြီး ပညာသားပါတဲ့ အလုပ်မျိုးပဲ”
“ယုယွီက စိုးရိမ်နေပြန်ပြီ ထင်တယ်”
လင်းချွမ် ပြန်ပြောလိုက်သည်။
“သိုက်တူးတဲ့အကြောင်းက နာမည်ကြီးနေတာပဲ။ ကိစ္စတော့ မရှိပါဘူး။ ဒါပေမဲ့ တိုက်ဆိုင်တာက ဒီအကြောင်းရေးတဲ့ နောက် (၂) ယောက်တောင် ရှိသေးတယ်။ ဘယ်သူလို့ ထင်လဲ”
“ဟန်တန်ပဲလား”
“ဟုတ်တယ်။ သူ ရှင့်ကို တမင် ရှောင်နေတာလို့ ကြားတာပဲ။ ရှင် ရှေးဟောင်းပစ္စည်းအကြောင်း ရေးတယ်ဆိုလို့ သူက လွှဲရေးတာ။ ဒါပေမဲ့ ထပ်တိုက်နေပြန်ပြီ ဟားဟား”
ယုယွီ ရှင်းပြလိုက်၏။
“တိုက်ဆိုင်တာပဲ။ နောက်တစ်ယောက်ကရော”
“နောက်တစ်ယောက်က ဆရာယောတဲ့။ အမျိုးသား သမိုင်းဝင် ယဉ်ကျေးမှု ထိန်းသိမ်းရေး အဖွဲ့ကပဲ။ သူ့စာအုပ်ကတော့ ထွက်ပြီးသား။ ‘ရှေးဟောင်းလေပြေ’ တဲ့။ ရှင့်လိုပဲ အတွဲနဲ့ ထွက်နေတာ”
“ဆရာယောတဲ့လား”
လင်းချွမ် အံ့ဩသွား၏။
“ဟုတ်တယ်။ ထွက်တာ ရက်ပိုင်းလောက်ပဲ ရှိသေးတယ်။ ဖတ်ရှုသူ ရာကျော်နေပြီ”
လင်းချွမ် မျက်နှာပျက်သွားသည်။
သို့သော် အံကြိတ်၍ ယှဉ်ပြိုင်ရပေမည်။
ဟင်။
သူ ရုတ်တရက် ချင်ရှီရှီအား သတိရသွား၏။
သူလည်း အဲ့အဖွဲ့ကို ပြောင်းမှာပဲ။ သိနေမလား။
သို့သော် နိုင်ငံတော်အဆင့်တွင် အဖွဲ့ခွဲများစွာ ရှိပါသည်။ ထို့ကြောင့် တူနေမည်ဟု မည်သူမျှ မပြောနိုင်ချေ။
ဤသို့ဖြင့် လင်းချွမ် စာချုပ်ချုပ်ကာ ဝတ္ထုလည်း ချက်ချင်း ထွက်လာ၏။
ထိုအခါ အမာခံပရိသတ်များမှ အချက်ပေးသံ ရပြီး ဝင်ကြည့်ကြလေသည်။
ထိုထဲတွင် ချင်ရှီရှီလည်း ပါဝင်၏။
“သိုက်တူးမှတ်တမ်း”