နည်းလမ်းများ
Vol. 15 Ch. 215
အားလုံး သိထားသည့်အတိုင်း ခေတ်မီနည်းပညာဖြင့်ပင် တူးဖော်ရေးနှင့် အုတ်ဂူထဲ ဝင်ရောက်ရေးမှာ အရမ်းမလွယ်ပေ။
ထို့ကြောင့် ရှေးသိုက်တူးနည်းများသည်လည်း မျိုးရိုးစဉ်ဆက်သာ လက်ဆင့်ကမ်းလေ့ ရှိပြီး ထိုနည်းလမ်းများမှာ အမှန်ပင် တူးဖော်ရေးလုပ်ငန်းများအတွက် အသုံးဝင်လေ၏။
ဘုရင်များနှင့် စစ်သူကြီးများသည် ကမ္ဘာ့မြေပြင် အနေအထားများအပေါ် မူတည်၍ မြှုပ်နှံလေ့ ရှိသည်။
သိုက်တူးသမားများမှာ ထိုအခြေအနေကို နားလည် လေ့လာထားပြီး ဖြစ်လေ၏။
ထိုအခြေအနေကို ခေတ်မီ နည်းစနစ်များဖြင့်ပင် အစားမထိုးနိုင်ပေ။
နဂါးခေါင်းလှည့်နေရာကြည့်ခြင်းသည် အလွန် နာမည်ကြီးပြီး အဆင့်မြင့်သည့် အရည်အချင်းတစ်ခု ဖြစ်၏။
“အဲ့နည်းကတော့ ကျွန်မလည်း နားမလည်ဘူး။ ဒါပေမဲ့ လင်းချွမ်က ဦးဆောင်ခေါ်သွားပြီး အနီးတစ်ဝိုက်ကို တူးကြည့်ကြတယ်။ ပြီးတော့ မြေသင်းနံ့ရှူပြီး ဆန်းစစ်တယ်။ အဲ့နည်းက…”
ဆရာယောမှ ဝင်ပြော၏။
“မြေသင်းနံ့ရှူခြင်း၊ ဆန်းစစ်ဖော်ထုတ်ခြင်း”
“ဆရာယောလည်း ဒီနည်းကို သိတာလား”
ချင်ရှီရှီ အံ့ဩစွာ ပြန်မေးသည်။
“နည်းနည်းပါ”
ဆရာယော တစ်ချက်ရှုံ့သွားကာ စိတ်ထဲမှ တွေးလိုက်မိသည်။
နားမလည်ဘဲ နေမလား။ ဒါတွေသင်ဖို့ ဘယ်လောက် အိပ်မက်မက်ခဲ့ရလဲ။
ချင်ရှီရှီမှဆက်၍
“အဲ့လိုနဲ့ လင်းချွမ် မြေသင်းနံ့ရှူပြီး နေရာတွေ ထပ်ရွှေ့ရင်း အတိအကျကို တွေ့သွားရော။ ပြီးတော့ အလုပ်သမားတွေခေါ်ပြီး တစ်လွှာချင်း တူးကြတာပေါ့”
“တော်လိုက်တာ”
ဆရာယော လေးစားလာမိသည်။
“ဆရာယော သူ့မှာ နောက်ထပ် အရည်အချင်းတစ်ခု ရှိသေးတယ်”
“နောက်ထပ်လား”
ဆရာယော ပိုအံ့ဩသွား၏။
“ဟုတ်တယ်။ လင်းချွမ် ပြောတဲ့အတိုင်း ကျွန်မတို့ တောင်ဘက်ကနေ မြောက်ဘက်ကို တူးကြရင်း ဂိတ်ပေါက်ဆီ ရောက်သွားရော။ ဒါပေမဲ့ ကျောက်တံခါးကြီး ပိတ်ထားတာ ဖယ်လို့လည်း မရဘူးလေ”
ချင်ရှီရှီ ခဏနားပြီး ဆက်ပြော၏။
“ပြောရရင် အုတ်ဂူထဲဝင်ဖို့ တော်တော်ခက်နေတာပေါ့”
ဆရာယော ခေါင်းငြိမ့်ပြ၍
“အဲ့တာနဲ့ ဘယ်လို ဆက်လုပ်လဲ”
ချင်ရှီရှီ ခဏစဉ်းစားကာ
“ကျွန်မတို့ အဖွဲ့ဘက်ကတော့ ဖြတ်စက်နဲ့ ဖောက်မယ် ပြောတာပေါ့။ ဒါပေမဲ့ လင်းချွမ်က လက်မခံဘူး”
“သူ့မှာ တခြားနည်း ရှိလို့လား”
ဆရာယော မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“ရှိတာပေါ့။ အပေါက် (၂) ခုထဲကို သူ့လက်ချောင်းလေးတွေ ထည့်လိုက်တာ ကျောက်တံခါးလည်း ပွင့်သွားရော”
“လက်ချောင်းနည်းပဲ”
ဆရာယော မျက်လုံးပြူး၍ အသံတုန်သွားသော်လည်း စိတ်တည်ငြိမ်အောင် မနည်း ထိန်းနေသည်။
“လက်ချောင်းနည်းက အဲ့လောက် အင်အားကြီးတာလား”
ချင်ရှီရှီ သူ့အမူအရာကြောင့ ပြန်မေးလိုက်မိ၏။
“အင်အားကြီးတာပေါ့”
ဆရာယော စိတ်ငြိမ်သွား၍ ခပ်အေးအေး ပြန်ဖြေသည်။
နဂါးခေါင်းလှည့် နေရာကြည့်ခြင်းနှင့် မြေသင်းနံ့ရှူခြင်းတို့မှာ အတွေ့အကြုံနှင့် လေ့ကျင့်မှုအရ တိုးတက်နိုင်သော်လည်း ထိုလက်ချောင်းနည်းသည် အလွန်ခက်ခဲ၍ သိုက်တူးသမားတိုင်းပင် မတတ်မြောက်ချေ။
လက်ချောင်း အရှည်၊ အင်အား၊ လှုပ်ရှားမှုအားလုံး ကိုက်ညီမှ ဖြစ်နိုင်ပါသည်။
ဆရာယော ချင်ရှီရှီစကား နားထောင်ရင်း မျက်လုံးထဲ မြင်လာမိသည်။
“ရှီရှီ မင်းမိတ်ဆွေက တော်တော် ထူးခြားတာပဲ”
ဆရာယော သက်ပြင်းချကာ မှတ်ချက်ပေးမိ၏။
“ကျွန်မလည်း အစက အဲ့လောက် မသိပါဘူး”
ချင်ရှီရှီ ပြုံး၍ ပြောလိုက်သည်။
“အဲ့လူ ကျွန်တော်တို့အဖွဲ့ထဲ လာဖို့်များ စိတ်ဝင်စားသေးလား”
ဆရာယော မနေနိုင်တော့ဘဲ ကမ်းလှမ်းမိ၏။
ချင်ရှီရှီ မျက်နှာလေးပျက်၍
“ကျွန်မ မနေ့ညကပဲ သူ့ကို ညစာဖိတ်ကျွေးပြီး အဲ့အကြောင်း ပြောသေးတယ်။ သူက အခု စီးပွါးရေးပဲ အဓိက လုပ်နေပြီး ရှေးဟောင်းပစ္စည်းဆိုင်လည်း ဖွင့်ထားတယ်တဲ့”
“ရှေးဟောင်းပစ္စည်းဆိုင်လား”
“ဟုတ်ပါတယ်”
“နှမျောစရာပဲ။ သူသာ လာရင် အဖွဲ့ (၉) ရဲ့ ဒုခေါင်းဆောင် ရှိလာမှာကို”
“ဒုခေါင်းဆောင်လား”
ချင်ရှီရှီ အံ့ဩသွား၏။
ဆရာယော ရယ်မော၍ ခေါင်းယမ်းကာ
“ကျွန်တော်က ဒုခေါင်းဆောင်လေ။ သူ့ကို ခေါင်းဆောင်နေရာ ပေးရမှာမို့လို့”
ချင်ရှီရှီလည်း ရယ်မောလိုက်မိသည်။
ဟူး…
သူ လင်းချွမ်တစ်ယောက် လေးစားစရာကောင်းမှန်း သိသော်လည်း ဤမျှအထိတော့ မတွေးမိခဲ့ပေ။
ထိုသို့သာသိလျှင် အန်လင်း၌ ခဏဆက်နေကာ ပညာဆက်သင်ခဲ့ပါသည်။
သို့သော် လင်းချွမ်မှာ အပျော်ဝါသနာမျှသာ သဘောထားလေ၏။
“ဒါနဲ့ ရှီရှီပြောတာလေ။ လင်းချွမ်က ဝတ္ထုလည်း ရေးတယ်ဆိုတော့ ဘာစာအုပ်လဲ”
“အခုထိတော့ မထုတ်ရသေးဘူး ထင်တယ်”
“အဲ့လိုကိုး”
ဆရာယောမှ ဆက်၍
“ရှီရှီ ကျွန်တော်တို့ အဖွဲ့ (၉) ရဲ့ အစီအစဉ်အရ ဇူလိုင် (၃) ရက်ဆို ချီလူနယ်ကို သွားကြမှာလေ။ အဲ့တာ လင်းရီဘက်က ဝင်ပြီး ထိုက်ရိတောင်တန်းကို ဖြတ်ရမယ်။ ပြီးမှ မြေပုံပေါ် အမှတ်ချပြီး ချင်ခေတ်အစောပိုင်း အုတ်ဂူတွေ ရှာကြမှာ။ ဒီ (၂) ရက်အတွင်း သေချာ စီစဉ်ထားလိုက်တော့နော်”
“ဟုတ်ကဲ့ပါ”
“ကောင်းပြီ။ ရှီရှီလည်း အခုမှ ရောက်တာဆိုတော့ တခြားဝန်ထမ်းလေးကနေ အဖွဲ့အခြေအနေ၊ အလုပ်တွေနဲ့ ရင်းနှီးအောင် ကူညီပေးပါလိမ့်မယ်။ ကျွန်တော်တို့အဖွဲ့က တစ်ယောက်တည်း ပစ်မထားပါဘူး”
ဆရာယော ပြုံး၍ ပြောလိုက်၏။