ယုံကြည်မှု ပျက်စီးလိမ့်မယ်
Vol. 15 Ch. 216
“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဆရာယော”
ချင်ရှီရှီ ပြုံး၍ ပြောလိုက်၏။
ထို့နောက် ဝန်ထမ်းလေး၏ လမ်းညွှန်မှုဖြင့် ချင်ရှီရှီ လုပ်ငန်းခွင်အသစ်နှင့် အသားကျအောင် ကြိုးစားလေသည်။
ဆရာယော ပြောပုံအရ သူ ကွင်းဆင်းကြည့်ရှု၍ စာရင်းပြုလုပ်ရမည် ဖြစ်၏။ သူ ထိုအပိုင်းနှင့်လည်း ရင်းနှီးပြီး ဖြစ်သောကြောင့် အဆင်ပြေပါသည်။
လင်းချွမ်ထံမှ မြေသင်းနံ့ရှူခြင်းကဲ့သို့ ပညာအပြင် အုတ်ဂူများ၏ အနေအထား၊ ရာသီဥတုနှင့် မြေထု အခြေအနေတို့ကိုလည်း သင်ယူခဲ့သေး၏။
အလွန် ပြီးပြည့်စုံလှပါသည်။
ချင်ရှီရှီ သူ့အကြောင်း မတွေးဘဲ မနေနိုင်အောင် ဖြစ်နေရ၏။
လွန်ခဲ့သောတစ်ပတ်ကမှ တွေ့ခဲ့သော ထိုလူမှာ လေးစားစာအဖြစ် စွဲထင်နေသည်။
ချင်ရှီရှီသည် သမိုင်းဝင်ယဉ်ကျေးမှု ထိန်းသိမ်းရေးအဖွဲ့တွင် အလုပ်လုပ်နေသည့်အလျောက် ထိုပညာကိုလည်း အလွန်ရူးသွပ်၏။
ထိုအချိန်တွင် အရည်အချင်းရှိသော လင်းချွမ်ကိုတွေ့ကာ အလွန် အံ့ဩမှင်တက်ရလေသည်။
သူတင်မကသေး။ နိုင်ငံတော်အဆင့် အဖွဲ့၏ခေါင်းဆောင် ဆရာယောကိုယ်တိုင်ပင် ချက်ချင်း အလုပ်ခန့်ချင်စိတ် ပေါ်စေပါသည်။
တစ်မနက်လုံး ချင်ရှီရှီ ချီလူနယ်နှင့် ပတ်သက်သော စာရင်းများမှတ်ကာ အလုပ်ရှုပ်နေ၏။
တစ်ချိန်တည်းတွင် သူ့သီးသန့်မှတ်စု၌လည်း ရေးမှတ်နေသည်။
ဤသို့ဖြင့် အလုပ်ဆင်းချိန်သို့ ရောက်လာလေသည်။
ဟူး…
ချင်ရှီရှီ ရုံးခန်းထဲမှ ထွက်လာပြီး အကြောဆန့်လိုက်၏။
တောက်ပသော နေရောင်ခြည်မှာ သစ်ရွက်စိမ်းများကြားမှ ထိုးဖောက်၍ သူ့ပါးပြင်ပေါ်သို့ နွေးထွေးစွာ ကျရောက်လာသည်။
သူ့မျက်နှာလှလှလေးမှာ ပြုံးယောင်ယောင် ဖြစ်နေပြီး အရိပ်ကျနေပုံကြောင့် အချိုးအစားများ ပိုထင်ရှားနေသည်။
ပန်းပွင့်အဆင်ဂါဝန်လေးမှာ လေတိုက်တိုင်း တလွင့်လွင့် ဝဲခါ၍ နုငယ်သောအသွင်အပြင်ကို ပိုခံစားရလေသည်။
ချင်ရှီရှီ ကျောပိုးအိတ်လေးလွယ်လျက် ရုံးအဆောင်မှ ထွက်လာပြီး အဖွဲ့ (၉) အတွက် ထားရှိသော အဆောင်သို့ ရောက်လာကာ ဆိုဖာလေးပေါ်တွင် ကွေးအိပ်လိုက်သည်။
“ချန်းချန်းရေ ငါ အဖွဲ့ (၉) ထဲ ရောက်နေပြီနော်”
သူ့ရုံးနေရာနှင့်အတူ စာပို့လိုက်၏။
“ကောင်းတာပေါ့။ နိုင်ငံတော်အဆင့်မှာ လုပ်ရတဲ့ ပထမဆုံးရက်ရော ဘယ်လိုခံစားရလဲ”
ရှန်ချန်းချန်းထံမှ စာချက်ချင်း ရောက်လာသည်။
“အခုထိတော့ အားလုံး အဆင်ပြေပါတယ်။ (၃) ရက်နေ့ကို ချီလူနယ် သွားကြမှာ။ အဲ့မှာတော့ နည်းနည်း ပင်ပန်းလိမ့်မယ်”
ချင်ရှီရှီ ပြုံး၍ ပြောလိုက်၏။
“သွားတာလာတာ ဂရုစိုက်ဦး။ မသိတဲ့နေရာမှာဆိုတော့ နေမကောင်းလည်း မဖြစ်စေနဲ့”
“အဲ့တာအတွက်တော့ စိတ်မပူပါနဲ့။ ဒါနဲ့ ချန်းချန်း ငါ စိတ်ဝင်စားစရာတစ်ခု ပြောစရာရှိတယ်”
“ဘာများလဲ။ ပြောလေ”
ရှန်ချန်းချန်းလည်း စိတ်ဝင်စားသွား၏။
“ငါတို့ အဖွဲ့ (၉) က ခေါင်းဆောင်လည်း ဝတ္ထုရေးတယ်တယ်တဲ့”
“သမိုင်းဝင်ယဉ်ကျေးမှု အကြောင်းလား”
“ဟုတ်တယ်။ လင်းချွမ်လိုပဲ။ တိုက်ဆိုင်လိုက်တာနော်”
ချင်ရှီရှီ ပြုံးရွှင်၍ ပြော၏။
ရှန်ချန်းချန်းမှာမူ နားမလည်သလို အမူအရာဖြင့် အီမိုဂျီ ပြန်ပို့လေသည်။
“ဘာလို့လဲ။ မတိုက်ဆိုင်ဘူးလား”
ရှန်ချန်းချန်း ချက်ချင်း ပြန်ဖြေလိုက်သည်။
“ငါ ပြောဖို့မေ့နေလို့။ လင်းချွမ်က သမိုင်းဝင်ယဉ်ကျေးမှုအကြောင်း ရေးတာ မဟုတ်ဘူး။ သိုက်တူးတဲ့အကြောင်း ရေးတာ”
“ဘာ”
ချင်ရှီရှီ ရုတ်တရက် အံ့ဩသွား၏။
“အံ့ဩသွားမှာ သိပေမဲ့ မစိုးရိမ်ပါနဲ့။ ငါ သူ့ကို သေချာ စောင့်ကြည့်ထားပါတယ်။ သူ သိုက်တူးချိန်လည်း မရှိပါဘူး။ နင်က အလုပ်မှာပဲ အာရုံစိုက်”
ရှန်ချန်းချန်း ရယ်မော၍ ပြောလိုက်သည်။
ချင်ရှီရှီ ပြုံးလျက်
“လင်းချွမ်က အခု ငါ့ဆရာ ဖြစ်နေပါပြီ။ ပညာတွေ အများကြီး သင်ပေးထားတယ်လေ။ သူ့ကို ပြစ်မှု မကျူးလွန်စေနဲ့နော်။ မဟုတ်ရင် ငါ့ယုံကြည်မှုတွေ ပျက်စီးသွားလိမ့်မယ်”
သမိုင်းဝင်ယဉ်ကျေးမှု ထိန်းသိမ်းရေးနှင့် သိုက်တူးခြင်းတို့မှာ လုံးဝ ခြားနားသော လမ်းများ ဖြစ်၏။
တစ်ခုမှာ ကာကွယ်ရေးဖြစ်ပြီး တစ်ခုကတော့ ဖျက်ဆီးခြင်းပင်။
ထိန်းသိမ်းရေးအဖွဲ့၏ ရည်ရွယ်ချက်မှာ ရှေးဟောင်း အမွေအနှစ်များ ရှာဖွေဖော်ထုတ်၍ သိုက်တူးသမားများ လက်ထဲ မကျရောက်စေရေး စောင့်ရှောက်ရန် ဖြစ်သည်။
ချင်ရှီရှီမှာ ရှေးအုတ်ဂူများ ကောင်းမွန်စွာ တည်ရှိရေးကို လိုလားပါသည်။
ထို့ကြောင့် ရှေးဟောင်းအမွေအနှစ် နယ်မြေများကို ဂရုတစိုက် စောင့်ရှောက်ရလေသည်။
ထိုစဉ် ရှန်ချန်းချန်းထံမှ စာဝင်လာ၏။
“ရှီရှီရေ ငါ အကြံတစ်ခုတော့ ပေးမယ်နော်။ လင်းချွမ်ကို အရမ်းကြီး မမျှော်လင့်ထားနဲ့။ သူ့ဝတ္ထုတွေက လက်တွေ့ဆန်တယ်။ အစပိုင်း စိတ်ဝင်စားစရာကောင်းလို့ ဖတ်ရင်း တဖြည်းဖြည်း ဝတ္ထုလား လက်တွေ့လား ခွဲမရတော့တာမျိုး ဖြစ်နိုင်တယ်”
ချင်ရှီရှီ ထိုစာကိုကြည့်ရင်း နားမလည်နိုင် ဖြစ်နေသည်။
လင်းချွမ်၏ဝတ္ထုကိုလည်း ပိုဖတ်ချင်လာ၏။
“လင်းချွမ်ရဲ့ သိုက်တူးတဲ့အကြောင်းဝတ္ထုက ထွက်ပြီလား”
“ဒီမနက်ပဲ ထွက်လာတာ။ သိုက်တူးမှတ်တမ်းတဲ့”
“ငါ ရှာကြည့်လိုက်ဦးမယ်”
ထိုစဉ် ရွက်လွှင့်ခြင်းဝက်ဘ်ဆိုဒ်မှ အချက်ပေးသံ ထွက်လာ၏။
[ရှီရှီ သင့်အတွက် စာအုပ်ကောင်း ထွက်ရှိနေပါသည်။ ‘သိုက်တူးမှတ်တမ်း]
[သိုက်တူးသမားတစ်ဦး ရှေးအုတ်ဂူများတွင် မည်သို့ ဖြတ်သန်းရပုံများကို စိတ်ဝင်စားစရာ ရေးသားထားပါသည်။]
ချင်ရှီရှီ မျက်ခုံးပင့်လိုက်မိပြီး ပြုံးနေ၏။
တိုက်ဆိုင်လိုက်တာ။
လင်းချွမ်၏ဝတ္ထုမှာ သူ့အတွက် တွန်းအားဖြစ်စေသည်။
ချင်ရှီရှီ ဝတ္ထုထဲသို့ ချက်ချင်း ဝင်ကြည့်လိုက်၏။
‘ကျွန်တော့်မိသားစုဟာ မျိုးရိုးစဉ်ဆက် သိုက်တူးသမားများ ဖြစ်တယ်’
‘ဒါပေမဲ့ အဖေက အဘိုးရဲ့ သိုက်တူးနည်းတွေကို မဆက်ခံခဲ့လို့ တတိယဦးလေးကပဲ နာမည်ကြီး သိုက်တူးသမား ဖြစ်လာခဲ့တယ်’
‘ကျွန်တော်လည်း အရည်အချင်း သိပ်မရှိသလို ခံစားရလို့ ရှေးဟောင်းပစ္စည်းဆိုင်လေးပဲ ဦးစီးပြီး သိုက်တူးတဲ့အလုပ်နဲ့ မဆက်စပ်ဘူး ထင်ခဲ့တာပေါ့’
‘ဒါပေမဲ့ ရုတ်တရက် ပိုးသားမြေပုံတစ်ခု ပေါ်လာတာကနေ ကျွန်တော့်ဘဝကြီး ပြောင်းလဲသွားခဲ့တယ်’
‘အဲ့အချိန်ကစပြီး ကျွန်တော် သိုက်တူးသမား တစ်ယောက်အဖြစ် စတင်ခဲ့တာပဲ’
‘အဲ့လိုနဲ့ တောင်တန်းအထပ်ထပ်ကို ကြမ်းတမ်းစွာ ဖြတ်သန်းရင်း နှင်းမုန်တိုင်းကြားမှာ အိပ်ရတယ်။ ပင်လယ်ရေကို ချိုးရတဲ့အခါ ရှိသလို ညကောင်းကင်က ကြယ်ကြွေတာကိုလည်း ခဏခဏ တွေ့ခဲ့ရတယ်။ ဘဝရဲ့ ရိုလာကိုစတာ အချိန်တွေပေါ့’
‘အဲ့လိုဖြစ်လာဖို့ သာမာန်နေ့လေးတစ်နေ့ကနေ စတင်ခဲ့တယ်’
‘ရွှေသွားတပ်ထားတဲ့ အဖိုးကြီးတစ်ယောက် ရှေးဟောင်းပစ္စည်းဆိုင်ထဲ ဝင်လာတာပေါ့’
‘ကောင်လေး ဝါရင်းနယ်က ပိုးသားမြေပုံရှိလားလို့ သူက မေးတယ်’
‘…’
ချင်ရှီရှီ ဆိုဖာပေါ်၌ အာရုံစိုက်ဖတ်နေရင်း စွဲလန်းသွားသည်။
“ဒီအရေးအသားက ကောင်းလိုက်တာ”
ထို့နောက် ဆက်၍ ဖတ်ကြည့်၏။
‘ရွှေသွားနဲ့ အဘိုးကြီး ထွက်သွားမှ ကျွန်တော့်ဆီမှာ ရှိတဲ့ ပိုးသားမြေပုံကိုယူပြီး တတိယဦးလေးဆီ ထွက်လာခဲ့လိုက်တယ်’
‘ဘာမြေပုံလဲဆိုတာ အရမ်း စိတ်ဝင်စားနေပြီလေ’
‘ဦးလေးက ကျွန်တော့်ကို ကြည့်ပြီး ချီလူနယ်က အုတ်ဂူကြီးဖြစ်ကြောင်း ရှင်းပြတယ်’
‘…’
ချင်ရှီရှီ ချက်ချင်း မျက်မှောင်ကြုတ်လိုက်မိ၏
ဟင်။
ချီလူနယ်လား။
သူ ချီလူနယ်အကြောင်း များစွာသိထားပြီး သူ့ကို ပြန်သင်ပေးခဲ့သည်မှာ မဆန်းပေ။
ဆရာလင်းချွမ်က ထူးခြားလိုက်တာ။