ဖုန်းရွှေအတတ်ပညာ
Vol. 15 Ch. 219
စနစ်ထဲ ဝင်ကြည့်လိုက်သောအခါ။
[စာအုပ်: ‘သိုက်တူးမှတ်တမ်’ အတွဲ (၁)]
[လက်ရှိ အခြေအနေ: ထုတ်ဝေပြီး]
[လက်ရှိ subscription: ၃၁၀၃၆/၁၀၀၀၀၀]
ပထမဆုံး စထုတ်ဝေသည့်နေ့တည်းက ယုယွီမှ ပရိုမိုးရှင်းများလည်း ပြင်ဆင်ပေးခဲ့ပြီး အညွှန်းကောင်းများ ထုတ်ပေးသောကြောင့် တစ်ရက်တည်းနှင့် ဖတ်ရှုသူဦးရေ အလွန် တိုးတက်ခဲ့၏။
မကြာမီ စံနှုန်းပြည့်မီကာ နောက်ထပ် ဒုတိယပိုင်းအတွေ့အကြုံသို့ ရောက်ရှိနိုင်ပါသည်။
ထို့နောက် ‘လှည့်စားခြင်း’ ဝတ္ထုအတွက် ရုပ်ရှင်ရိုက်ကူးရန်ကိစ္စလည်း ရှိနေသည်။
ဝတ္ထုကို ရက် (၂၀) အတွင်း ဇာတ်ညွှန်းအဖြစ် ပြောင်း၍ လူရွေးကာ ယခု စတင်ရိုက်ကူးနေလေပြီ။
ကျားဖြန့်တိုက်ဖျက်ရေးအဖွဲ့၏ ကြိုးပမ်းမှုများကြောင့် နောက် (၂) လအတွင်း ရိုက်ကူးမှုများ ပြီးစီးနိုင်၏။
ယခုနှစ် စက်တင်ဘာ သို့ အောက်တိုဘာလောက်တွင် ရုံတင်ပြသနိုင်လောက်ပါသည်။
ထို့အပြင် သူ့လုပ်ငန်းများဖြစ်သော နည်းပညာ ကုမ္ပဏီနှင့် ရှေးဟောင်းပစ္စည်းဆိုင်လည်း ရှိသေး၏။
ကုမ္ပဏီမှာ ရဲအဖွဲ့နှင့် ပူးပေါင်း၍ တစ်ချိန်လုံး ဆောင်ရွက်နေပြီး ကျန်းမှ ဦးစီးပေးနေသောကြောင့် အန်လင်းမြို့ရှိ နည်းပညာကုမ္ပဏီကြီးများထဲတွင် တစ်ခု ဖြစ်လာပြီး ကျင်းထန်ကဲ့သို့ ကုမ္ပဏီကြီးကိုပင် ယှဉ်နိုင်လာသည်။
တိုးတက်မှုအရှိန်မှာ အလွန် လျင်မြန်တောင့်တင်း၏။
ရှေးဟောင်းပစ္စည်းဆိုင်ကိုတော့ ဦးလေးကျန်းကိုယ်တိုင် ကြိုးစားလုပ်ဆောင်ရင်း အဆင်ပြေလာသောကြောင့် ယခုအခါ အကူဝန်ထမ်းများပင် ထပ်ခေါ်ရန် ပြင်နေရသည်။ မကြာမီ အလုပ်ခေါ်စာ တင်လိုက်သည်နှင့် လျှောက်ထားသူများစွာ ရောက်လာတော့မည်။
နောက်ထပ် သတင်းကောင်းမှာ ‘ရှေးဟောင်းပစ္စည်းများ’ ဝတ္ထုအတွက် ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးရန်လည်း မျက်စိကျနေသူ ရှိပြီး ရုံးအဖွဲ့မှ ညှိနှိုင်းမှုများ စတင်နေလေပြီ။
တစ်ဖက်မှ ခေါင်းစဉ်မကြိုက်၍ လင်းချွမ် နောက်တစ်မျိုး ပြန်ပို့ပေးလိုက်သည်။
“ရှေးဟောင်းပစ္စည်းအလိမ်”
ထိုနာမည်ကိုတော့ ချက်ချင်း သဘောကျသွားကြလေ၏။
လင်းချွမ်လည်း အခြေအနေများကြောင့် ကျေနပ်နေမိသည်။
သူ့ ဝတ္ထုရေးဆရာအလုပ်တွင် ရုပ်ရှင်ရိုက်ကူးမှု (၂) ခု ရှိလာပြီး၊ ကိုယ်ပိုင် လုပ်ငန်း (၂) ခုပါ ထပ်ပိုင်သောကြောင့် အံ့ဩဝမ်းသာစရာပင်။
လင်းချွမ် အကြောဆန့်ကာ ရှုခင်းကို ငေးကြည့်နေသည်။
သူ့လက်ရှိပန်းတိုင်မှာ ‘သိုက်တူးမှတ်တမ်း’ ဝတ္ထုအား တစ်နှစ်တာ အကောင်းဆုံးစာအုပ် ဖြစ်စေကာ လွှမ်းမိုးနိုင်သောစာရေးဆရာ ဖြစ်လာရန်ပင်။
နောက်ထပ် ရည်ရွယ်ချက်တစ်ခုမှာတော့။
အိမ်တွင် အေးအေးဆေးဆေးနေ၍ ပြဿနာများ ရှောင်ရှားရန် ဖြစ်သည်။
ပြစ်မှုတရားခံ ထပ်မဖြစ်ချင်တော့ပေ။
…
တစ်ဖက်တွင်။
ချင်ရှီရှီ လင်းချွမ်၏ဝတ္ထုအား အလွန်စွဲလန်းနေပြီး ထို ‘သိုက်တူးမှတ်တမ်း’ ကိုပင် (၃) ခေါက် ဖတ်ပြီးလေပြီ။
နောက်ဆုံးတော့ ဇူလိုင် (၃) ရက်နေ့၌ ခရီးစတင်တော့၏။ ယခုအခါ သွားလာရေးများ အလွန်အဆင်ပြေနေလေပြီ။
အဖွဲ့ (၉) တစ်ဖွဲ့သားလုံး အမြန်ရထားပေါ်တွင် လိုက်ပါလာပြီး နေ့လယ်စောင်းမှ လင်းရိသို့ ဆိုက်ရောက်လာကြသည်။
သိုက်တူးသမားများနည်းတူ သမိုင်းဝင်ယဉ်ကျေးမှု အဖွဲ့လည်း သတင်းယူခြင်းမှာ အရေးကြီးလှသည်။
ဆရာယောသည် လင်းရိတက္ကသိုလ်မှ ပါမောက္ခကို ထိုက်ရိတောင်တန်းသို့ အတူလိုက်ပါ၍ ကူညီပေးရန် ပြောထားပြီး ဖြစ်၏။
ဇူလိုင် (၄) ရက်။
အဖွဲ့ (၉) မှ တောင်တက်ခြင်း စတင်လေသည်။
အားလုံး တောင်တက်ကားလေးပေါ် ပါလာကြ၏။
ဆရာယောမှ ပါမောက္ခချီအား ပြုံးကြည့်၍
“ပါမောက္ခချီက ချီလူသမိုင်းကို အထူးသဖြင့် အုတ်ဂူတွေအကြောင်း တော်တော် နားလည်ထားတော့ ကျွန်တော်တို့အတွက်တော့ ကျားကို တောင်ပံတပ်ပေးလိုက်သလိုပါပဲ”
ပါမောက္ခချီက
“ဆရာယော လူရွေးမှန်သွားတာပေါ့။ ကျွန်တော်က ဒီတောင်တန်းတစ်လျှောက် စစ်ဆေးမှုတွေအတွက် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ရတာလေ။ ဖုန်းရွှေဆရာကြီးတွေနဲ့လည်း စကားတွေ ပြောခဲ့ဖူးတယ်”
“ပါမောက္ခချီလည်း ဖုန်းရွှေအကြောင်း နားလည်တာလား”
ဆရာယော စိတ်ဝင်တစား မေးလိုက်၏။
“ဒါပေါ့”
ပါမောက္ခချီမှာ အသက် (၅၀) ဝန်းကျင်ရှိပြီး အသားခပ်ကျစ်ကျစ်နှင့် အားကစားလိုက်စားသည့်ပုံ ပေါ်သည်။
ချင်ရှီရှီလည်း ကားပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်ကိုငေးရင်း ဆရာယောတို့ စကားဝိုင်းကို နားစွင့်နေ၏။
တဖြည်းဖြည်း တောင်တက်လမ်းများ မတ်စောက်လာပြီး အနီးတွင် သစ်တုံးတင်ကားများလည်း ရှိသောကြောင့်
ကားလေးမှာ အရှိန်ထိန်း၍ မောင်းနေရသည်။
ပါမောက္ခချီ အဖွဲ့ (၉) မှ အဖွဲ့သားများအား ဝေ့ဝဲကြည့်လိုက်ပြီး ရယ်မော၍
“ကျွန်တော် ပြောချင်တာက ခေတ်မီအုတ်ဂူတူးတာနဲ့ သိုက်တူးတာက ကွာတော့ကွာတယ်နော်။ ဥပမာပြောရရင် သိုက်တူးသမားတွေက ဓာတ် (၁၆) မျိုး၊ ယင်-ယန်၊ ဖုန်းရွှေလျှို့ဝှက်နည်းတွေ၊ နဂါးသွေးကြောတွေနဲ့ နားလည်ပြီး တစ်ချက်ကြည့်ရုံနဲ့ အားလုံး သိနိုင်တယ်”
ဆရာယော သက်ပြင်းချ၍
“ဟုတ်ပါ့ဗျာ။ ကျွန်တော်တို့အဖွဲ့မှာက အဲ့လို သိုက်တူးနည်းရော၊ ဖုန်းရွှေရော တတ်တဲ့သူရယ်လို့ မရှိဘူးဗျ”
“ဟားဟား အဲ့လိုတော့လည်း မဟုတ်သေးပါဘူး”
ဆရာယော အံ့ဩလျက််
“ပါမောက္ခချီက တတ်နေတာလား”
“ကျွန်တော် ငယ်ငယ်က ရှာဖွေရေးတစ်ခုအတွက် ဖုန်းရွှေဆရာကြီးတွေနဲ့ သိုက်တူးသမားတွေဆီက သင်ဖူးတယ်လေ။ ခုနက ကျွန်တော်ပြောတာတွေဆို ခင်ဗျားတို့ ကြားဖူးလား”
ပါမောက္ခပီသစွာ တပည့်များကဲ့သို့ ပြောလိုက်သည်။
ဆရာယော ခေါင်းယမ်းပြ၏။
အဖွဲ့သားများလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ နားမလည်နိုင် ဖြစ်နေကြသည်။
ထိုစဉ် ချင်ရှီရှီမှ ခပ်တိုးတိုး ရေရွတ်လာ၏။
“ဓာတ် (၁၆) မျိုးက ကောင်းကင်၊ မြေပြင်၊ လူ၊ တစ္ဆေ၊ နတ်ဘုရား၊ ဗုဒ္ဓ၊ နတ်ဆိုး၊ သားကောင်၊ တားမြစ်ခြင်း၊ ဆန့်ကျင်ခြင်း၊ လွတ်မြောက်ခြင်း၊ ပစ္စည်း၊ ပြောင်းလဲမှု၊ ယင်၊ ယန်၊ ရှောင်ကြဉ်မှု”
ပါမောက္ခချီ အံ့ဩကာ အမူအရာ ပြောင်းသွားသည်။
ဤသို့ အတိအကျ ဖြေဆိုနိုင်သူ ရှိနေမည်ဟု မထင်ထားချေ။ သူကိုယ်တိုင်ပြောရန် ပြင်နေစဉ် ထိုသို့ဖြစ်သွား၍ စွံ့အသွား၏။
သို့သော် ဆရာယောမှာတော့ မျက်လုံးအရောင် လက်ကာ
“ရှီရှီ ဆက်ပြောပါဦး”
ချင်ရှီရှီပြုံး၍
“အဲ့တာတွေက သိုက်တူးသမားတွေသုံးတဲ့ ဓာတ် (၁၆) မျိုးပါ။ ဖုန်းရွှေနည်းအရတော့ ရှေးဟောင်းအုတ်ဂူမှာ အားလုံးရှိနိုင်တယ်။ သိုက်တူးသမားလောကမှာတော့ ရတနာလိုပဲပေါ့။ ဒါပေမဲ့ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းရင်း လိုအပ်ချက်တွေ ရှိလာတော့ အဓိကအချက်တွေ ပျောက်ကုန်ပြီး ဖုန်းရွှေဓာတ် (၁၆) မျိုးအနေနဲ့ ရောသွားပါတယ်”
ကားထဲမှ အားလုံး မှင်တက်နေကြကာ အဖွဲ့ထဲ အသစ်ရောက်လာသော မိန်းကလေးအား အံ့ဩစွာ ငေးကြည့်နေ၏။
ဆရာယောလည်း စိတ်ဝင်တစားဖြင့်
“ရှီရှီရော ဖုန်းရွှေနည်း သင်ဖူးတာလား”
ချင်ရှီရှီ ခေါင်းယမ်းပြ၍
“ဆရာယော ကျွန်မ ဝတ္ထုထဲမှာ ဖတ်ဖူးတာပါ။ အဲ့ထဲမှာ အသေးစိတ် ရှင်းပြထားတယ်လေ”