← Chapters

အလုပ်ပြီးလျှင် ဝတ္ထုအမြန် ဖတ်ရမည် 

Vol. 15 Ch. 220

အလုပ်ပြီးလျှင် ဝတ္ထုအမြန် ဖတ်ရမည် 

Vol. 15 Ch. 220

“ဝတ္ထုလား”

ဆရာယော ပိုအံ့ဩသွား၏။ 

ဖုန်းရွှေပညာတတ်မြောက်သော ပါမောက္ခချီပင် မျက်မှောင်ကြုတ်သွားမိသည်။ 

ချင်ရှီရှီသာ အစတည်းက ဝတ္ထုထဲမှ သိသည်ဟုဆိုလျှင် သူ ဆက်ပင် နားထောင်နေမည် မဟုတ်ပါ။ 

မည်သူက ဝတ္ထုကို အတည်မှတ်ယူသနည်း။ 

ဝတ္ထုဆိုသည်မှာ စိတ်ကူးယဉ်ခြင်းသာ ဖြစ်လေသည်။ 

သို့သော် ချင်ရှီရှီ၏အဖြေမှာ တိကျမှန်ကန်၍ လက်တွေ့ဆန်သည်။ ယင်-ယန် နည်းပညာမှ ဓာတ် (၁၆) မျိုး ပျောက်ဆုံးသွားခြင်းအထိ သိနေ၏။ 

ထိုအရာကို သိုက်တူးသမားမျိုးရိုးထဲမှ အနည်းငယ်မျှသာ သိကြလေသည်။ 

ချင်ရှီရှီ ခေါင်းငြိမ့်ပြလိုက်သည်။ 

“ဟုတ်ပါတယ်”

ဆရာယော ပါမောက္ခချီကိုကြည့်၍

“ရှီရှီ ခုနကပြောတဲ့ ဓာတ် (၁၆) ပါးက အမှန်ပဲလား”

“အဟမ်း”

ပါမောက္ခချီ လည်ချောင်းရှင်း၍ တည်ငြိမ်စွာဖြင့်

“အမှန်ပါ။ ဒါပေမဲ့ ချင်ရှီရှီ သိထားတာ တစ်ပိုင်းပဲ ရှိသေးတယ်။ နောက်တစ်ပိုင်း ထပ်ရှိဦးမှာ”

“ရှင်းပြပေးပါဦး”

ချင်ရှီရှီ စိတ်ဝင်တစား မေးလိုက်သည်။ 

ဆရာယောလည်း ရှေ့တိုးလာပြီး နားထောင်ရန် အသင့် ဖြစ်နေ၏။ 

ပါမောက္ခချီလည်း အဖွဲ့ (၉) ၏ စိတ်အားထက်သန်မှုကြောင့် အံ့ဩသွားပြီး မတတ်သာဘဲ ရှင်းပြရတော့သည်။ 

“မိန်းကလေးချင် ပြောသလိုပဲ ယင်-ယန်အပိုင်းက ပျောက်သွားပါပြီ။ ဖုန်းရွှေအပိုင်းပဲ ကျန်တော့တာ။ ကာရံစပ်တွေတော့ ကြားဖူးမှာပေါ့”

“နဂါးကိုရှာပြီး ရွှေကိုခွဲ၊ တောင်တန်းကို လေ့လာ၊ အလွှာတိုင်းကို အကာအရံလုပ်၊ အန္တရာယ် (၈) ခုနဲ့ ဂိတ်ကြီး ပေါ်တဲ့အခါ ယင်နဲ့ယန် ပြန်ရမယ်”

“အဲ့တာရဲ့ အဓိပ္ပာယ်ကို သိလား”

ပါမောက္ခချီမှ အားလုံးကို မေးလိုက်သည်။ 

ဆရာယောအပါအဝင် အားလုံး ခေါင်းယမ်းမိကြ၏။ 

ချင်ရှီရှီ ပါမောက္ခချီအားကြည့်ကာ တစ်ခုခု ပြောမလို ပြင်လိုက်သော်လည်း စကားများ ထွက်မလာချေ။ 

အားလုံး ငြိမ်နေသောကြောင့် ပါမောက္ခချီ ရယ်မော၍ 

“ဆရာယော အဖွဲ့လေ့ကျင့်ရေးကို ပိုလုပ်ရတော့မှာပဲ”

ဆရာယောလည်း ပြုံး၍

“ဟုတ်ပါ့ဗျာ”

ပါမောက္ခချီမှ ဆက်ကာ

“ဒီကာရံက အလကား ပေါ်လာတာတော့ မဟုတ်ဘူး။ ထန်ခေတ် ဖုန်းရွှေပညာရှင် ယန်ကျုံစုန်းဆီကလေ။ တကယ့်အဓိပ္ပာယ်ကတော့ ရှေးအုတ်ဂူတစ်ခုရဲ့ အတွင်းပိုင်းအနေအထားကို ဖော်ပြတာပဲ”

“ဪ”

အားလုံး ပိုစိတ်ဝင်စားလာကြ၏။ 

ပါမောက္ခချီမှ

“ဆရာယောလည်း အုတ်ဂူတွေ တော်တော်များများ ရောက်ဖူးမှာဆိုတော့ အုတ်ဂူတွေထဲမှာ အကာအကွယ်လိုမျိုး နံရံအထပ်ထပ် ရှိတာ သိတယ်မလား။ အဲ့တာကို ထိုးဖောက်နိုင်ရင် အုတ်ဂူထဲက အရေးကြီးတဲ့အရာတွေကို တွေ့ရပြီလေ။ အဲ့တာကို ဆိုလိုတာပေါ့”

ဆရာယော ရုတ်တရက် နားလည်သွားပြီး

“သိပြီ။ အသစ်အဆန်း ထပ်သင်လိုက်းတာပဲ”

“တချို့ဝတ္ထုတွေမှာက ဒီအကြောင်းကို အရမ်း ခမ်းနားသလို ပြောတတ်ကြတယ်လေ။ ဒါက အပိုတွေလုပ်တာမျိုးပေါ့”

ပါမောက္ခချီ ရယ်မော၍ ပြော၏။ 

ထိုစဉ် ခုနက အားတက်သရော ဖြေခဲ့သည့် ချင်ရှီရှီကို ကြည့်၍

“မိန်းကလေးချင် တခြားအတွေး ရှိသေးလား”

ချင်ရှီရှီတစ်ယောက် နေရခက်စွာဖြင့် ပါမောက္ခချီကို ကြည့်လိုက်၊ ဆရာယောကို ကြည့်လိုက် ဖြစ်နေသည်။ 

ဆရာယောကတော့ ခေါင်းငြိမ့်ပြလေ၏။ 

ပါမောက္ခချီမှ

“မိန်းကလေးချင် ဒါကို ဆွေးနွေးပွဲတစ်ခုလိုပဲ သဘောထားပါ။ မှားသွားလည်း ဘယ်သူမှ အပြစ်မတင်ပါဘူး”

ချင်ရှီရှီ သက်ပြင်းချကာ

“ကျွန်မအမြင်တော့ မဟုတ်ပါဘူး။ တခြားတစ်ယောက် အမြင်ပါ။ သူပြောတာတော့ ပထမပိုင်းက ပါမောက္ခချီရှင်းပြတာနဲ့ အတူတူပါပဲ”

“ဒုတိယပိုင်းကရော”

ပါမောက္ခချီ မနေနိုင်တော့ဘဲ ဆက်မေးလိုက်သည်။ 

“ဒုတိယပိုင်းက…”

ချင်ရှီရှီ ခဏရပ်နေပြီးမှ

“ပါမောက္ခချီ ခုနကပြောတဲ့ ကာရံက အုတ်ဂူ အနေအထားကိုပဲ ပြောတာ မဟုတ်ပါဘူး။ ဖုန်းရွှေနဲ့လည်း ဆိုင်ပါတယ်။ ဒါတွေကို နားလည်ရင် ပထဝီဝင်ရဲ့အခြေခံကို သိရုံပဲ ရှိမှာပါ”

ပါမောက္ခချီ မျက်နှာပျက်၍ ချက်ချင်း အတွေးများသွားသည်။ 

ဒါက ပထဝီဝင်အခြေခံလား။ 

ငါက ဘာမှ နားမလည်သေးဘူးလို့ ဆိုလိုတာပေါ့။ 

မဖြစ်နိုင်လိုက်တာ။ 

သူပြောတာလည်း ဟုတ်နေသလိုပဲ။ 

ပါမောက္ခချီမှာ ပြတင်းပေါက်ဘက် ငေးကြည့်ရင်း ဘာပြန်ပြောရမည်မသိ ဖြစ်နေ၏။ 

ဆရာယောမှ ချင်ရှီရှီကိုကြည့်ကာ

“အဲ့တာရော ဝတ္ထုထဲက ဖတ်တာလား”

ချင်ရှီရှီ ခေါင်းငြိမ့်ပြလိုက်သည်။ 

“စာရေးတဲ့သူက ဘယ်သူမို့လို့လဲ”

ဆရာယော ထပ်မေးလိုက်၏။ 

“လင်းချွမ်ပါ။ ဟိုတစ်လောက သူ စာအုပ်အသစ် ထွက်တာလေ”

“လင်းချွမ်…”

ဆရာယော သက်ပြင်းချကာ

“အခု အလုပ်ကိစ္စနဲ့ တောထဲတောင်ထဲ ရောက်ပြီး လိုင်းမမိတာ ဆိုးတာပဲ။ မဟုတ်ရင် အခုချက်ချင်း ဝတ္ထုကို ရှာဖတ်ပါတယ်”

“အလုပ်ပြီးမှ ဖတ်လည်း မီပါတယ်။ လောစရာ မလိုပါဘူး”

ချင်ရှီရှီ ပြုံး၍ပြောလိုက်၏။ 

“ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်”

ဆရာယော ထောက်ခံမိ၏။ 

သူ မျှော်လင့်ချက်လည်း ပိုကြီးလာခဲ့သည်။ 

တစ်မနက်လုံး ကြားခဲ့ရသမျှမှာ သူ့အတွက်တော့ ကမ္ဘာအသစ်ထဲ ရောက်သွားသကဲ့သို့ပင်။ 

သမိုင်းဝင်ယဉ်ကျေးမှု သုတေသန ပညာရှင်အနေဖြင့် ပညာများစွာလည်း ရခဲ့၏။ 

ဆရာယော စိတ်ထဲမှ တွေးနေမိသည်။ 

ယခုအလုပ်ပြီးသည်နှင့် လင်းချွမ်ဝတ္ထုအား ဖတ်ရုံသာမက ကိုယ်တိုင်သွားတွေ့၍ ပညာယူရန် ဖြစ်လေသည်။ 

သူတို့၏ ခရီးသွားကားလေးမှာ ထိုက်ရိတောင်တန်းအား ဖြတ်သန်းသွားနေသည်။ 

နေရောင်ခြည်သည် သစ်ပင်ရိပ်များကြားမှ တိုးဝင်လာပြီး မြေပေါ်၌ နေပြောက်ထိုးနေပုံမှာ လှပလေ၏။ 

တောထဲရှိ ကျေးငှက်တိရစ္ဆာန်များ၏ ဆူညံသံများကိုလည်း အချိန်နှင့်အမျှ ကြားနေရလေသည်။ 

တောနက်လာသည်နှင့် စပါးအုံးမြွေကြီးများ နေပူဆာလှုံနေသည်ကိုပါ တွေ့ရ၏။ 

ထို့နောက် တောအလွန်နက်လာသောအခါ ကားဆက်မသွားနိုင်တော့သောကြောင့် အဖွဲ့သားများလည်း ကိုယ်စီအထုပ်ဆွဲ၍ လမ်းဆက်လျှောက်ကြရတော့သည်။ 

All Chapters