မိန်းကလေးချင်က တစ်ခုခုပဲ
Vol. 15 Ch. 222
သူ အသံလှိုင်းကိရိယာကိုသုံးကာ မြေပြင်အောက်ထဲအထိ စစ်ဆေးနေသည်။
ပစ္စည်းမတူလျှင် အသံလှိုင်း ကွဲပြား၏။ ထို့အပြင် လေထဲတွင် ဖြတ်သော အသံလှိုင်းနှင့် မြေပြင်ကို ဖြတ်သည့် လှိုင်းလည်း မတူညီပေ။
ခေတ်မီစက်ပစ္စည်းများ သုံးနိုင်ခြင်းကြောင့်သာ ဤသို့ လွယ်ကူလျင်မြန်နေခြင်း ဖြစ်သည်။
ဆရာယောနှင့် ပါမောက္ခချီတို့ အချင်းချင်း လှမ်းကြည့်မိကြသည်။
ပါမောက္ခချီမျက်နှာ၌ ဂုဏ်ယူသလို ခပ်ပြုံးပြုံး အမူအရာကို တွေ့ရပြီး ဆရာယောကတော့ တက်ကြွ ပျော်ရွှင်လျက်
“ဆက်စစ်ဆေးကြ။ နေရာဖြန့်ပြီး သေချာကြည့်”
ထိုအခါ အခြားအဖွဲ့သားများလည်း စစ်ဆေးရေးကိရိယာများ ထုတ်ကာ ဟိုဟိုဒီဒီ စစ်ကြည့်နေကြသည်။
သိပ်မကြာမီ အဖွဲ့ (၉) ၏ စစ်ဆေးမှုကြီး ပြီးဆုံးသွား၏။
“ဆရာယော အကြမ်းဖျင်း စစ်ဆေးချက်အရတော့ အောက်ဘက် (၁၅) မီတာလောက်မှာ အလုံပိတ် အခန်းတစ်ခု ရှိနေပါတယ်။ ကြားထဲမှာ ရေအလွှာတော့ မရှိဘူး”
ဆရာယော ပြုံးရွှင်၍
“ကောင်းပြီ။ တော်တယ်”
နဂါးခေါင်းအောက်မှာ အုတ်ဂူရှိတာပဲ။
တာဝန်က ထင်ထားတာထက် လွယ်သားပဲ။
“ဆရာယော အခုပဲ အုတ်ဂူဖွင့်လိုက်ကြမလား”
ပါမောက္ခချီလည်း ကျေနပ်စွာ လှမ်းပြော၏။
သူတို့ မထွက်လာမီတည်းက ဒေသတွင်း ယဉ်ကျေးမှု ဌာနကို အုတ်ဂူဖွင့်မည့်အကြောင်း ပြောထားပြီး ဖြစ်ပါသည်။
ဂြိုဟ်တုဖုန်းများဖြင့်လည်း ရုံးချုပ်မှ ဝန်ထမ်း အကူအညီ ထပ်တောင်းနိုင်၏။
“ဖွင့်…”
ဆရာယော တစ်ခုခုပြောရန် ပြင်လိုက်စဉ် ရုတ်တရက် မထင်မှတ်စွာဖြင့် အသံတစ်ခု ပေါ်လာသည်။
“ဆရာယော ကျွန်မတို့ ဖွင့်လို့မရဘူး”
စကားသံမှာ ချင်ရှီရှီ ဖြစ်လေသည်။
ဆရာယော၊ ပါမောက္ခချီနှင့် အဖွဲ့သားအားလုံး ချင်ရှီရှီအား လှည့်ကြည့်မိ၏။
“ဘာလို့လဲ ရှီရှီ”
ဆရာယော မျက်မှောင်ကြုတ်၍ နားမလည်နိုင်သော အမူအရာဖြင့် မေးလေသည်။
“ဒါက ကျွန်မတို့ ရှာနေတဲ့အုတ်ဂူ မဟုတ်လောက်ဘူး”
ချင်ရှီရှီ ခပ်တုံ့ဆိုင်းဆိုင်း ပြော၏။
“ကျွန်တော်တို့ရှာနေတာ မဟုတ်ဘူးတဲ့လား”
ဆရာယော မျက်မှောင်ပိုကြုတ်ကာ လုံးဝ မှင်တက်နေသည်။
ထိုစဉ် ပါမောက္ခချီမှ
“မိန်းကလေးချင် ဒီနေရာက ဖုန်းရွှေပညာအရ နဂါးခေါင်းနေရာ အတိအကျပဲလေ။ ရှေးခေတ်တည်းက နဂါးခေါင်းအောင်မှာ အုတ်ဂူရှိကြတာလည်း ပုံမှန်ပဲ။ နောက်ပြီး ခုနလေးတင်ပဲ အသံလှိုင်းကိရိယာနဲ့ စစ်ပြီးတော့ အောက်မှာ အလုံခန်းရှိနေမှန်း သိထားတာကို။ ဘာလို့ ရှာနေတဲ့အုတ်ဂူမဟုတ်ရမှာလဲ”
အဖွဲ့သားအားလုံးလည်း ထောက်ခံမိကြသည်။
ချင်ရှီရှီ ပါးစပ်ပြင်၍ တစ်ခုခုပြောရန် တွေးနေသည်။
ယခုအချိန်တွင် သူတစ်ယောက်တည်း ဖြစ်နေ၏။
လင်းချွမ်၏ ဝတ္ထုမှာလည်း စိတ်ကူးယဉ်ထားသည် ထင်ရပြီး သူကိုယ်တိုင်က စိတ်ကူးယဉ်ဝတ္ထုဟု ဆိုလေသည်။
တစ်ဖက်တွင်လည်း အခန်းတစ်ခု သေချာပေါက် စစ်ဆေးမိထား၏။
သူ ဘယ်ဘက်ကို ယုံရမည်နည်း။
သို့သော် သူ့မသိစိတ်ထဲ၌ လင်းချွမ်ဝတ္ထုအား ယုံကြည်ရန် ပြောနေသည်။
ထို့အပြင် လင်းချွမ်ဝတ္ထုထဲတွင်လည်း အုတ်ဂူအတု ပါဝင်ပြီး ထောင်ချောက်အဖြစ် ဖော်ပြထားသောကြောင့် လက်လွတ်စပယ် ဝင်မိပါက အန္တရာယ် ရှိပါသည်။
အတတ်နိုင်ဆုံး အခြေအနေဆိုးကို ရှောင်ရှားရမည် ဖြစ်၏။
“ပါမောက္ခချီနဲ့ ဆရာယော ကျွန်မတော့ ဒီနေရာက သိုက်တူးသမားတွေကို လှည့်စားပြီး ထောင်ချောက်မိအောင် လုပ်ဖို့ အုတ်ဂူပိုင်ရှင်တွေက တမင် ပြင်ဆင်ထားတာ ထင်တယ်”
ချင်ရှီရှီမှ ပြောလိုက်သည်။
“လှည့်စားတယ်လား”
အားလုံး မှင်တက်သွားမိကြ၏။
“ဟုတ်ပါတယ်။ ကျွန်မတို့ စစ်ဆေးချက်အရ ဒီအုတ်ဂူက တော်တော် ရာထူးကြီးပြီး မြင့်မြတ်တဲ့သူမို့လို့ နောက်ပိုင်း သိုက်တူးသမားတွေ ရန်ကို ကြိုစဉ်းစားပြင်ဆင်ကြမှာပဲ။ အဲ့တာကြောင့် ဒီဇိုင်းရေးတဲ့သူက နဂါးခေါင်းနည်းကို သုံးပြီး ထောင်ချောက်ဆင်ထားတာ ဖြစ်နိုင်ပါတယ်”
ချင်ရှီရှီ သေချာရှင်းပြ၏။
ဆရာယော မျက်မှောင်ကြုတ်ကာ ပြန်စဉ်းစားနေသည်။
ပါမောက္ခချီက
“မိန်းကလေးချင်ပြောတာ အဓိပ္ပာယ်တော့ ရှိပါတယ်။ ဒါပေမဲ့ ပုံမှန်ဖုန်းရွှေနည်းအရ မှန်နေတယ်လေ။ ဒါက အတုဆိုရင် အစစ်က ဘယ်မှာလဲ”
အဖွဲ့ဝင်အသစ် ဖြစ်လာသော မိန်းကလေးကိုကြည့်၍ ဆရာယောမှ
“ရှီရှီ ဒီအကြောင်းကို ဘယ်က သိာတာလဲ”
ချင်ရှီရှီနေရခက်စွာဖြင့် တုံ့ဆိုင်းလျက်
“လင်းချွမ်ဝတ္ထုထဲမှာ ဆင်တူတဲ့အကြောင်း ပါခဲ့ပါတယ်”
ဝတ္ထုထဲမှ အဖြစ်အပျက်နှင့် တစ်ထပ်တည်း တူကြောင်း ပြောချင်သော်လည်း သူ မျိုသိပ်ထားလိုက်၏။
အတွေး (၂) ခု ဝင်လာသောကြောင့် ဖြစ်ပါသည်။ ပထမတစ်ခုမှာ ဝတ္ထုနှင့် လက်တွေ့ တူနေသည်ကို မည်သူမျှ ယုံကြည်မည် မဟုတ်ပါ။ နောက်တစ်ချက်သည် ချင်ရှီရှီကိုယ်တိုင်လည်း ကြောက်သွားသောကြောင့် ဖြစ်၏။
လင်းချွမ် ဒီနေရာကို ရောက်ဖူးနေတာလား။
သို့သော် သက်သေမရှိဘဲ မစွပ်စွဲနိုင်ပါ။
ထို့ကြောင့် ဆင်တူသောအကြောင်းဟုသာ ပြောလိုက်သည်။
လုံခြုံရေးအရ အုတ်ဂူအစစ်နေရာကို ထပ်ရှာ၍ တိုင်းတာစစ်ဆေးမှုများ ပြုလုပ်ပြီးမှ ပြန်ဖွင့်လည်း နောက်မကျသေးချေ။
လင်းချွမ်အကြောင်း ပါလာ၍ ဆရာယောလည်း ငြိမ်ကျသွား၏။
“လင်းချွမ်က ပြောတာလား”
ထို့နောက် ခဏစဉ်းစားပြီးမှ
“ဒါဆို တကယ့်အုတ်ဂူအစစ်က ဘယ်မှာလို့ ထင်လဲ”
ချင်ရှီရှီ ဆရာယောနှင့် ပါမောက္ခချီတို့ကို ကြည့်ပြီးနောက် တစ်နေရာကို လက်ညှိုးထိုးပြသည်။
“ဟိုမှာ”
သူပြသည့်နေရာအား လှမ်းကြည့်လိုက်သောအခါ ဗူးသီးပါးစပ်ပုံမြေပြင် ဖြစ်၏။
ဘေးတွင် (၁၀) မီတာမြင့်သော ရေတံခွန်ရှိပြီး အောက်နား၌ ရေအိုင်ငယ်လေး တွေ့ရသော်လည်း ထိုနေရာ၌ လမ်းဆုံးသွားလေပြီ။
“မိန်းကလေးချင် အဲ့နားမှာ လမ်းမှ မရှိတာ”
ပါမောက္ခချီမှ ပြောလိုက်၏။
ချင်ရှီရှီ ခေါင်းယမ်း၍
“အဲ့တာ နဂါးခေါင်းအတုလေ။ ကျွန်မ ခုနက လိုက်စစ်ဆေးကြည့်တုန်းက လမ်းဆုံး မဟုတ်သေးဘူး။ ရှေ့မှာ သွားလို့ရတဲ့ နောက်တစ်လမ်း ရှိနေတယ်”
ဆရာယော ချက်ချင်း လူအချို့ခေါ်၍ ထိုနေရာသို့ ထွက်သွားလေသည်။
မကြာမီ ရေအိုင်နား ရောက်သွားပြီး အနည်းငယ် စစ်ဆေးပြီးသောအခါ ဆရာယော လှမ်းခေါ်လိုက်လေသည်။
“ဒီဘက် လာခဲ့ကြဦး။ ရေအိုင်အနောက်မှာ တခြားကမ္ဘာ ရှိနေတယ်”
အားလုံး မှင်တက်သွားကြသည်။
ပါမောက္ခချီလည်း အံ့ဩလျက် ချင်ရှီရှီအား ကြည့်ကာ
“မိန်းကလေးချင်ကတော့ တစ်ခုခုပဲ”
ချင်ရှီရှီ ပြုံး၍ ပြန်ကြည့်နေမိ၏။
သူပြောသည့်အတိုင်း တစ်ဖက်တွင် အမှန်ပင် ကမ္ဘာသစ် ရှိနေသည်။
ဟူး…
ဒီနေရာက ဘယ်လိုလုပ် လင်းချွမ်ဝတ္ထုနဲ့ တစ်ထပ်တည်း တူနေတာလဲ။