ကွက်တိပဲလား
Vol. 15 Ch. 223
ညနေ (၄) နာရီခန့်၏ နေမင်းသည် အနောက်ဘက် ကောင်းကင်၌ ချိတ်ဆွဲ၍ ရွှေရောင်ခြည်များ ပြန့်ကျဲကာ တောင်တန်းများအပေါ်သို့ လွှမ်းခြုံထားလေသည်။
တောင်ထိပ်၌ အလင်းနှင့် အရိပ်များ မျှတစွာ ကျရောက်နေပြီး တောင်တန်းများကြားမှ စမ်းချောင်းလေးသည် ရွှေရောင်တလက်လက် တောက်ပနေ၏။
အဖွဲ့ (၉) မှ အဖွဲ့သား (၂) ဦးမှာ နဂိုနေရာတွင် အစောင့်အဖြစ် နေခဲ့ကြပြီး ကျန်အုပ်စုအားလုံး ဆရာယော၏ ဦးဆောင်မှုဖြင့် ချင်ရှီရှီ ညွှန်ပြသော နေရာသို့ ရောက်လာကြသည်။
ချင်ရှီရှီ သိထားသော အခြေအနေအတိုင်း ရေတံခွန်၊ ကျောက်တုံးရေအိုင်တို့မှာ ကွက်တိကျနေသည်။ လင်းချွမ်ဝတ္ထုပထမတွဲအတိုင်း ဖြစ်၏။
ထူးခြားသော ကမ္ဘာသစ် ထွက်ပေါ်ခြင်း။
ပါမောက္ခချီမှာ ပထဝီဝင်အနေအထားများအား နားလည်ပြီးဖြစ်သောကြောင့် ထိုပတ်ဝန်းကျင်ကို အနည်းငယ် လေ့လာပြီးသည်နှင့် မျက်မှောင်ကြုတ်သွားမိသည်။
“ပါမောက္ခချီ ဘာလို့လဲ”
ဆရာယော သူ့ဘေးမှ ပါမောက္ခချီအား လှည့်မေးလိုက်သည်။
ပါမောက္ခချီ တောင်တန်းနားကို အံ့ဩစွာ ငေးကြည့်၍
“ကျွန်တော် ဒီနေရာကို နားမလည်ဘူး”
“ဒီမှာ နဂါးသွေးကြော မရှိဘူးလား”
ဆရာယောကိုယ်တိုင်ပင် ရုတ်တရက် လန့်သွား၏။
“ဒီနားမှာ ရှိမလိုပဲ။ ဒါပေမဲ့ မဟုတ်ဘူးလည်း ထင်တယ်”
သူ ခပ်လေးလေး ပြန်ဖြေ၏။
“အဲ့တော့ ဒီမှာ ရှိတာလား။ မရှိတာလား”
ဆရာယောလည်း နားမလည်နိုင်တော့ပေ။
ပါမောက္ခချီ ရှေ့နားမှ တောင်တန်းကို လက်ညှိုးထိုးပြ၍
“နဂါးသွေးကြောကို ရှာရတာက လေ့လာခြင်း တစ်မျိုးပဲ။ အဲ့တော့ နဂါးရိုးက တောင်တန်းရဲ့ ဘယ်နားလဲ။ ဒါပေမဲ့ ဒီနားမှာ အဓိကနေရာရယ်လို့ မတွေ့မိဘူး”
ထိုစဉ် ဆရာယော မနေနိုင်တော့ဘဲ ချင်ရှီရှီအား မေးငေါ့ပြလေသည်။
ခုနကနေရာကို အုတ်ဂူအတုဟုဆို၍ ယခုနေရာကို သူ ဆန့်ကျင်၍ ခေါ်လာခြင်း ဖြစ်သည်။
ထို့ကြောင့် ချင်ရှီရှီ၏အမြင်ကိုလည်း သိချင်ပါသည်။
ထိုအချိန်တွင် ချင်ရှီရှီလည်း ပတ်ဝန်းကျင်ကို လေ့လာလျက် ရှိ၏။
သူ အမှန်တော့ ဖုန်းရွှေနည်းကို နားမလည်ပေ။ လင်းချွမ်၏ဝတ္ထုကိုသာ ပြန်တွေးနေရသည်။
စာအုပ်ထဲ၌။
မစ္စတာလင်းတစ်ယောက် ထိုရေတံခွန်မှ အနောက်မြောက်ဘက်သို့ ဆက်သွားပြီး တစ်ကီလိုမီတာခန့်တွင် စမ်းချောင်းလေးတစ်ခု ရှိပြီး တောင်တန်းကို ရစ်ပတ်ထားသော ကျောက်စိမ်းခါးပတ်နှင့် တူလေသည်။
နောက်ထပ် (၂) ကီလိုမီတာအကွာတွင်တော့ သဘာဝရေကန်တစ်ခု ရှိနေ၏။
ပတ်လည်တွင်တော့ နဂါး (၅) ကောင် ရစ်နေပုံရှိပြီး ထိုနေရာမှာ နဂါးခေါင်းအစစ်အမှန် ဖြစ်လေသည်။
သူ ခဏစဉ်းစားပြီးနောက်။
ချင်ရှီရှီ ဆရာယောနှင့် ပါမောက္ခချီတို့ကိုကြည့်ကာ အနောက်မြောက်ဘက်သို့ လက်ညှိုးထိုး၍
“အဲ့ဘက်ခြမ်းမှာ ရှာကြည့်ရမယ်”
သူ အတိအကျတော့ မပြောနိုင်ပေ။
လင်းချွမ်အရေးအသားမှာ ဝတ္ထုဖြစ်သောကြောင့် အမှန်ဟုတ်မဟုတ်တော့ မသေချာပေ။
မည်သူမျှ သက်သေမပြပေးနိုင်သောကြောင့် ဖြစ်၏။
ထို့အပြင် သူ့စိတ်ထဲတွင်လည်း ရှုပ်ထွေးနေမိသည်။
တစ်ဖက်၌ လင်းချွမ်အား ယုံကြည်ချင်စိတ် မြင့်လာသော်လည်း လင်းချွမ် ရောက်ဖူးနေသော အချက်ကို လက်မခံနိုင်ပေ။
ထို့ကြောင့် ရုတ်တရက် ဘာလုပ်ရမည်မသိ ဖြစ်နေ၏။
ချင်ရှီရှီ လင်းချွမ်အား ယုံကြည်ချင်ပါသည်။
“အနောက်မြောက်ဘက်လား”
ဆရာယော သူ့ဘေးမှ ချင်ရှီရှီအား မျက်မှောင်ကြုတ်၍ ကြည့်လိုက်မိသည်။ ထို့နောက် ပညာပိုစုံသော ပါမောက္ခချီအား ထပ်ကြည့်၏။
ပါမောက္ခချီမှ
“မိန်းကလေးချင်ပြောတဲ့အတိုင်း စကြည့်ကြတာပေါ့”
ဆရာယော အချိန်ကို ကြည့်လိုက်သောအခါ နေရောင်ခြည် ဖျော့၍ အနောက်ဘက်သို့ မေးတင်နေသော်လည်း ရှာဖွေရန်တော့ အချိန်ရလောက်ပါသည်။
“အနောက်မြောက်ဘက်ကို စစ်ဆေးကြမယ်”
ချင်ရှီရှီမှာတော့ နေရခက်ကာ စိုးရိမ်နေမိသည်။
ရှေ့ဆက်လျှောက်ရင်း ရေကန်တွေ့ရမည်ကိုလည်း ကြောက်မိ၏။ တကယ်ရှိနေမည်ကို လက်မခံနိုင်ချေ။
သို့သော် အခြေအနေများကိုတော့ ရင်ဆိုင်ရပေမည်။
ထိုစဉ် စမ်းချောင်းမှ ရေစီးဆင်းသံများကို ကြားလာရပြီး သူ အလွန်လန့်သွား၏။
“ရှီရှီ ဘာလို့လဲ”
ဆရာယောမှ မေးလေသည်။
“ဟင့်အင်း… ဘာမှ မဟုတ်ပါဘူး”
ချင်ရှီရှီ ပြန်ဖြေလိုက်သည်။
ထို့နောက် ဆက်လျှောက်လာသောအခါ ထိုက်ရိတောင်တန်းကြားတွင် သဘာဝမြရေအိုင်ကဲ့သို့ သာယာစွာ တည်ရှိနေသည်။
ချင်ရှီရှီ တံတွေးမျိုချလိုက်သည်။
ကွက်တိကျနေပြန်၏။
ချက်ချင်း ဂြိုဟ်တုဖုန်းကိုထုတ်၍ လင်းချွမ်ကိုသာ မေးမြန်းလိုက်ချင်တော့သည်။
သို့သော် ခဏနေမှ စိတ်ငြိမ်အောင်ပြန်ထိန်းရသည်။
အားလုံး တိုက်ဆိုင်ခြင်းသာ ဖြစ်သည်။
ချက်ချင်း ကောက်ချက်ချရန်တော့ စောသေး၏။
“မိန်းကလေးချင်ကြည့်ရတာ ဒီနေရာကို နားလည်နေပုံပဲ။ အရင်က ရောက်ဖူးလို့လား”
ပါမောက္ခချီ နားမလည်နိုင်စွာ မေးလေသည်။
ချင်ရှီရှီ အားတင်း၍ ပြုံးကာ
“ကျွန်မလည်း အခုမှ ရောက်ဖူးတာပါ။ ဒါပေမဲ့ ထိုက်ရိတောင်ပတ်ဝန်းကျင်မြေပုံကို ကြိုကြည့်ထားလို့ ရင်းနှီးနေတာပါ”
ဤမျှအဖြေမှာ အဆင်ပြေလောက်ပါသည်။