← Chapters

မထင်မှတ်သော အခြေအနေ

Vol. 15 Ch. 224

မထင်မှတ်သော အခြေအနေ

Vol. 15 Ch. 224

သမိုင်းဝင်ယဉ်ကျေးမှု ရှာဖွေရေးအတွက် တောထဲ တောင်ထဲ သွားရသည့်အခါတိုင်း သုတေသနပညာရှင််များမှာ တောင်တန်းအခြေအနေကို အရင် စုံစမ်းရလေသည်။ ထို့နောက် အဓိကလူတစ်ယောက် ရွေး၍ ထိုစစ်ဆေးမှုအား အစီအစဉ်ဆွဲရ၏။ 

ထိုထဲတွင် မထင်မှတ်ထားသော အခြေအနေအတွက် ထွက်ပြေးလွတ်မြောက်ရေး လမ်းကြောင်းပါ ကြိုဆွဲထားရသည်။ 

“အဲ့တော့ ကျွန်တော်တို့ ဘယ်ဆက်သွားကြမလဲ”

ပါမောက္ခချီမှ မေးလိုက်သည်။ 

ချင်ရှီရှီ ခဏစဉ်းစား၍ ရေကန်နှင့် မနီးမဝေးနားကို လက်ညှိုးထိုးကာ 

“ပါမောက္ခချီက ဖုန်းရွှေရော၊ ပထဝီဝင်အကြောင်းပါ ကျွမ်းတယ်လေ။ ကျွန်မတို့ ဟိုပေါ်တက်သွားရင် တကယ့်နဂါးခေါင်းနေရာ ရှာနိုင်လိမ့်မယ်”

ထင်ထားသည့်အတိုင်း ပါမောက္ခချီအား အနည်းငယ် မြှောက်ပင့်ရုံဖြင့် အလုပ်ဖြစ်ပါသည်။ 

ပါမောက္ခချီ ရယ်မော၍

“မိန်းကလေးချင်က အမြင်ရှိသားပဲ။ ဆရာယောရေ အမြင့်ကနေပဲ အခြေအနေ သွားကြည့်ကြတာပေါ့။ မထင်မှတ်တာတွေ ရှာတွေ့မယ် ထင်ပါတယ်”

“ကောင်းပါပြီ”

ဆရာယောလည်း သဘောတူလိုက်၏။ 

အဖွဲ့သားများမှာ တစ်နေကုန်နီးပါး တောင်တက်လာကြရသော်လည်း ကံကောင်းစွာဖြင့် အားလုံး တောင်တက်ကျွမ်းကျင်သူများ ဖြစ်ပြီး သက်လုံစွမ်းအား ကောင်းကြသည်။ ဤမျှ အမြင့် ထပ်တက်ရသည်မှာ သူတို့အတွက် မမှုလှပေ။ 

ဟူး—

အဖွဲ့သားများ သက်ပြင်းချ၍ တောင်ကုန်းပေါ်တွင် ရပ်ကာ ပတ်ဝန်းကျင်အား စူးစမ်းနေကြသည်။ 

တောနက်ထဲတွင် သစ်ပင်များ ထူထပ်ကာ မြေပြင် ရှုပ်ထွေး၍ တောင်တန်းများ ပေါများသည်။ 

“နဂါးခေါင်းက ဟိုမှာပဲ”

ပါမောက္ခချီ ရုတ်တရက် လှမ်းအော်လိုက်သည်။ မျက်နှာမှာလည်း ပျော်ရွှင်မှု ပြည့်နှက်နေမှန်း သိသာ၏။ 

အားလုံးလည်း သူ့အသံကြားသည်နှင့် လှမ်းအာရုံစိုက်လိုက်ကြသည်။ 

တောင်တန်များမှာ သူတို့လမ်းကြောင်းကို ဝန်းရံထားပြီး စမ်းချောင်းများမှာ မြွေများကဲ့သို့ ရစ်ပတ်နေလေသည်။ 

“စမ်းချောင်းတွေ ပတ်ထားပြီး နဂါး (၅) ကောင် ဆုံနေသလိုပဲ”

ချင်ရှီရှီ အံ့ဩမှင်တက်စွာကြည့်ရင်း ရေရွတ်မိ၏။ 

သူ့အသံလေးမှာ တိုးညှင်းလွန်းသောကြောင့် မည်သူမျှ မကြားလောက်ပေ။ 

သူ လင်းချွမ်ဝတ္ထုထဲမှ နေရာနှင့် တစ်ထပ်တည်း ကျနေသည်ကို တဖြည်းဖြည်း ပိုမြင်လာ၏။ 

ဆရာယောမှာ ဝမ်းသာမှုအပြည့်ဖြင့် ချက်ချင်း ပြောလိုက်သည်။ 

“အခုပဲ သွားစစ်ဆေးကြည့်ကြရအောင်”

ထို့နောက် အဖွဲ့သားများအားလုံးလည်း တစ်ယောက်ပြီး တစ်ယောက် လိုအပ်သောပစ္စည်းများ ကိုင်ဆောင်၍ နဂါးခေါင်းအား စစ်ဆေးရန် ဆရာယောနောက်သို့ လိုက်ပါသွားကြတော့သည်။ 

ထိုအချိန်တွင် ချင်ရှီရှီ နဂါးခေါင်းပေါ် မတ်တပ်ရပ်လျက် အသက်ပြင်းပြင်း ရှူပြီးနောက် အသံလှိုင်းကိရိယာဖြင့် စတင်စစ်ဆေးလေသည်။ 

ကိရိယာ၏ အဖျားကို မြေပြင်နှင့် နီးကပ်စွာထား၍ ခလုတ်ဖွင့်လိုက်သောအခါ ကိရိယာသည် ချက်ချင်း တုန်ခါသောအသံ ထွက်ပေါ်၍ စလှုပ်ရှား၏။ 

ထို့နောက် ကိရိယာ၏မျက်နှာပြင်တွင် လှိုင်းအချို့ ပေါ်လာပြီး ထိုလှိုင်းကို ပိုမို ရှုပ်ထွေးစွာ ဖမ်းယူပြီးနောက် ကွဲပြားသော ကြိမ်နှုန်းများ ဖြစ်လာသည်။ 

တောနက်ထဲမှ လေတဖြူးဖြူးမှာ ချင်ရှီရှီထံသို့လည်း တိုက်ခတ်နေပြီး ဆံနွယ်လေးများ ယိမ်းနွဲ့လှုပ်ရှားလျက် မျက်နှာလှလှလေးပေါ်၌ ချွေးသီးများနှင့်အတူ ရှုပ်ထွေးစွာ ကျရောက်နေသည်။ 

သို့သော် သူ ဂရုမစိုက်အားချေ။ 

ကိရိယာမျက်နှာပြင်ကိုသာကြည့်၍ ပိုမိုတိကျသော လှိုင်းကိုတွေ့ရှိရန် ဆက်တိုက် မြေပြင်တစ်လျှောက် စစ်ဆေးနေသည်။ 

တစ်ချိန်တည်းတွင် မျက်နှာပြင်၌ ပေါ်လာသော အချက်အလက်များကိုလည်း သုံးသပ်ရ၏။ 

ဤသည်မှာ ကျွမ်းကျင်သုတေသနပညာရှင်တစ်ဦး၏ တာဝန်ပင်။ 

ရုတ်တရက်။ 

ကိရိယာမျက်နှာပြင်တွင် လှိုင်းတစ်ခု တက်လာပြီး ကြိမ်နှုန်းမြင့်၍ လေကိုဖြတ်လာသော အသံလှိုင်းနှင့် တူလေသည်။ 

သူ ရင်ခုန်သံမြန်သွားပြီး အံ့ဩပျော်ရွှင်သွားသည်။ 

အောက်တွင် အမှန်တကယ်ပင် အုတ်ဂူရှိနေလေသည်။ 

သို့သော် သူ အတွေးများနေရန် အချိန်မရှိဘဲ တာဝန်အရ ခေါင်းဆောင်ကို ချက်ချင်း သတင်းပို့လေ၏။ 

“ဆရာယော ဒီမှာပါ”

ဆရာယော သူ့ကိုလှမ်းကြည့်၍ အမြန် အနားသို့ လျှောက်လာသည်။ 

“တစ်ခုခု ရှာတွေ့ပြီလား”

ချင်ရှီရှီ ခေါင်းငြိမ့်ပြ၍

“ဆရာယော ဒီလှိုင်းကို ကြည့်ပါဦး”

ဆရာယောလည်း အသံလှိုင်းကိရိယာအား အမြန် ယူကြည့်လိုက်ပြီး မျက်နှာပြင်ပေါ်မှ အချက်အလက်ကြောင့် မျက်နှာလေး ဝင်းပသွားလေသည်။ 

“တကယ်ပဲ ဒါက နဂါးခေါင်းကိုး”

ဆရာယောတစ်ယောက် အလွန် ပျော်ရွှင်နေမိသည်။ 

ထိုစဉ် အခြားနေရာမှ အဖွဲ့သားတစ်ဦးလည်း ရုတ်တရက် လှမ်းအော်သည်။ 

“ဆရာယော ဒီမှာ အပေါက်ကြီး ရှိနေတယ်”

အပေါက်လား။ 

သူ့အသံကြောင့် တစ်ဖွဲ့လုံး ရင်ခုန်သံ မြန်သွားကြသည်။ 

စစ်ဆေးမှု၏အဆုံးတွင် သုတေသနပညာရှင်များ အတွေ့ချင်ဆုံးမှာ အပေါက်ဖြစ်ပါသည်။ 

သို့သော် ယခုတော့ သူတို့၏ စိုးရိမ်စရာများ ပြေပျောက်စရာ ပေါ်လာလေပြီ။ 

ဆရာယော အမြန် ပြေးသွားပြီး ချင်ရှီရှီလည်း အနောက်မှ လိုက်သွား၏။ 

ထိုအခါ အပေါက်ကြီးတစ်ခုကို အမှန်ပင် တွေ့ရလေသည်။ 

အပေါက်သည် သစ်ကိုင်းခြောက်များ၊ သစ်ရွက်နွမ်းများဖြင့် ဖုံးကွယ်နေပြီး မြက်ပင်ရိုင်းများကြောင့်လည်း ရုတ်တရက် ချက်ချင်း ရှာမတွေ့နိုင်ချေ။ 

သူတို့ သစ်ရွက်၊ သစ်ကိုင်းများကို ဖယ်ရှား ရှင်းလင်းပြီးနောက် အချင်း တစ်မီတာမျှရှိသော အပေါက်ကြီးအား ထင်ရှားစွာ တွေ့ရတော့သည်။ အနက်မှာတော့ (၅) မီတာခန့် ရှိနိုင်၏။ 

ထိုအပေါက်ကိုကြည့်ကာ ချင်ရှီရှီကတော့ ရင်ထဲ၌ ပို၍ လေးလံလာတော့သည်။ 

သိုက်တူးသမား။ 

အပေါက်အခြေအနေမှာ အရင်တည်းက အတော်ကြာအောင် ရှိခဲ့ပုံရသည်။ 

သိုက်တူးသမားများ အရင်လာခဲ့သည်ဟု ဆိုလိုနိုင်၏။ 

ဆရာယော၊ ပါမောက္ခချီနှင့် အဖွဲ့သားအားလုံး စုစည်းကာ အထဲတွင်ရှိမည့်အရာများအား စစ်ဆေးရန် ပြင်ဆင်နေကြသည်။ 

ချင်ရှီရှီကတော့ အတွေးထဲ၌ လင်းချွမ်အကြောင်းသာ ပြည့်နေတော့သည်။ 

ဒီတွင်းကို လင်းချွမ် တူးခဲ့တာလား။ 

သူ မဟုတ်စေရန်သာ ဆုတောင်းမိပါသည်။ 

သို့သော် ဝတ္ထုထဲတွင် ပါဝင်သော အကြောင်းအရာများမှာ လက်တွေ့နှင့် တစ်ထပ်တည်း ဖြစ်နေ၏။ 

လင်းချွမ်သာ ထိုတွင်းကို တူးခဲ့သူ မဟုတ်လျှင် ဤနေရာအကြောင်း မည်သို့ ဤမျှလောက် သိနေသနည်း။ 

တစ်ယောက်ယောက်က ပြောပြလို့လား။ 

ထိုသို့ဖြစ်ရန် မျှော်လင့်ပါသည်။ 

“အခုချက်ချင်း အစအဆုံး စစ်ဆေးကြမယ်”

ဆရာယော၏ ညွှန်ကြားမှုဖြင့် ချင်ရှီရှီ အတွေးစများလည်း ပျက်ပြယ်သွားကြသည်။ 

ထို့နောက် အာရုံစုစည်း၍ အလုပ်ဆက်လုပ်ရန်သာ ပြင်ဆင်လိုက်၏။ 

စစ်ဆေးမှုမှာ အသေးစိတ်ကျသော်လည်း ဘာမှ ထူးထူးခြားခြား မတွေ့ရချေ။ 

တစ်ဖက်တွင် ဆရာယောမှာ ဂြိုဟ်တုဆက်သွယ်ရေးဖြင့် လင်းရိယဉ်ကျေးမှုဌာနအား ဆက်သွယ်ကာ အခြေအနေ စုံစမ်းနေသည်။ 

“ဆရာယော အဲ့နေရာက အရမ်းခေါင်တယ်။ အနီးအနားရွာသားတွေတောင် သိပ်မသွားကြဘူး။ သိုက်တူးသမားတွေဆိုတာ အရမ်းလျှို့ဝှက်လို့ ချက်ချင်း ရှာဖို့တော့ မဖြစ်နိုင်ဘူးလေ”

ပါမောက္ခချီမှ ဝင်ပြောသည်။ 

ဆရာယော မျက်နှာပျက်လျက် ခေါင်းငြိမ့်ပြလိုက်ပြီး

“ကျွန်တော်တို့ ဒီအုတ်ဂူကို ကိုယ်တိုင် ရှာတွေ့ပေမဲ့ ကာကွယ်ဖို့ ခက်လိုက်တာနော်”

“ဆရာယော အခု ဘာဆက်လုပ်ကြမလဲ”

အဖွဲ့သားတစ်ဦးမှ မေးလေသည်။ 

ဆရာယောမှာ ကောင်းကင်ကို မော့ကြည့်၍ ခဏစဉ်းစားပြီးနောက်

“အခုတော့ မိုးချုပ်တော့မယ်။ အုတ်ဂူထဲလည်း ဝင်လို့မရတော့ဘူး။ ဒီနားကို ပိတ်ထားခဲ့ပြီး မနက်ဖြန်မှ ရဲတွေနဲ့ လင်းရိယဉ်ကျေးမှုဌာနက လူတွေနဲ့အတူ အုတ်ဂူဖွင့်တာပေါ့”

All Chapters