တိုက်ဆိုင်လွန်းတယ်လေ
Vol. 15 Ch. 225
“ဟုတ်ကဲ့ပါ”
အဖွဲ့သားများ ပြန်ဖြေကာ ချက်ချင်း နေရာကို အတားအဆီးများ ပြုလုပ်၍ ယာယီစောင့်ကြည့်ပစ္စည်းကို ထားခဲ့လိုက်သည်။
ညနေစောင်း၍ နေပင်အတော်ဝင်နေလေပြီ။
ချင်ရှီရှီလည်း နေဝင်ချိန်အလင်းဖျော့ဖျော့အောက် လျှောက်လှမ်းရင်း လာရာလမ်းအတိုင်း ပြန်နေ၏။ သူစီးလာခဲ့သော ကားလေးပေါ်တွင် ဘေးမှ တောင်တန်းရှုခင်းများကို ငေးရင်း ပါလာသည်။
ပြတင်းပေါက်မှတစ်ဆင့် တိုက်ခတ်နေသော လေများကြောင့် သူ့ဆံပင်များ ရှုပ်ပွကာ တိတ်ဆိတ် နူးညံ့နေသော မျက်နှာတွင် ရှုပ်ထွေးသော အမူအရာ ရှိနေ၏။
တစ်နေကုန် ခရီးရှည်ကြီး လျှောက်လှမ်းကာ တောင်များတက်၊ ကန်များဖြတ်၍ ကြမ်းတမ်းသော အလုပ်များ လုပ်ခဲ့ရသောကြောင့် ခြေထောက်များလည်း နာကာ မျက်နှာ မသာမယာ ဖြစ်နေသည်။
သို့သော် သူ့ရင်ထဲတွင်တော့ လှိုင်းများ ရိုက်ခတ်၍ စိတ်မငြိမ်နိုင် ဖြစ်နေ၏။
ကားထဲ၌။
သူ ဆရာယောကို လှမ်းကြည့်၍ တစ်ခုခု ပြောချင်နေပုံ ပေါ်သော်လည်း မပြောနိုင်ဘဲ မျိုသိပ်နေလိုက်သည်။
ကားထဲမှ အဖွဲ့သားများအားလုံးလည်း စိတ်ပျက်လက်ပျက် အမူအရာများ ဖြစ်နေကြသည်။
သမိုင်းဝင်ယဉ်ကျေးမှုများ သုတေသနပြုလုပ်ရင်း ထိုကဲ့သို့ သိုက်တူးသမားနှင့် ကြုံရသည်များ ရှိတတ်ပါသည်။
ထိုသိုက်တူးသမားများအား ရှင်းလင်း၍ အုတ်ဂူကို ကာကွယ်နိုင်မှ ရှေးဟောင်းသုတေသနပညာရှင် အစစ် ဖြစ်ပေမည်။
သူတို့ ယခုတစ်ခေါက်တွင်တော့ နောက်ကောက်ကျသွားသည်မှာ သေချာပါသည်။
“ဒီအုတ်ဂူက နဂါး (၅) ကောင်ဆုံတဲ့နေရာမှာ ရှိတာ၊ ရှေးမြေပုံအရလည်း လုနယ်မြေထဲ ကျတယ်။ အဲ့တော့ ဝါရင်းနယ်က တော်ဝင်လုမျိုးနွယ်တွေရဲ့ အုတ်ဂူပဲ”
ပါမောက္ခချီ သက်ပြင်းချ၍ ပြောလိုက်၏။
ဆရာယော မျက်နှာပျက်လျက် ခေါင်းငြိမ့်ပြကာ
“ပါမောက္ခချီပြောတဲ့ပုံအရ ဒီအုတ်ဂူက တော်တော် အဆင့်မြင့်တာပဲ။ သိုက်တူးသမားတွေ မအောင်မြင်ခဲ့ဖို့ပဲ မျှော်လင့်ပါတယ်။ မဟုတ်ရင်တော့ အဖိုးတန်ပစ္စည်းတွေအတွက် ရင်လေးစရာပဲ”
ဆရာယော သက်ပြင်းချလိုက်၏။
သုတေသနပညာရှင်များအတွက် ထိုအချက်မှာ စိတ်ဖိစီးစရာ ဖြစ်နေသည်။
တစ်ချိန်လုံး လိုက်နေရသူကို ရုတ်တရက် တွေ့ရပြီးမှ ပျက်စီးနေသောအခြေအနေနှင့် တူလေသည်။
အားလုံး အနည်းနှင့်အများ စိတ်ထိခိုက်နေမိ၏။
ချင်ရှီရှီလည်း ပြတင်းပေါက်အပြင်ဘက်အား လှမ်းကြည့်ရင်း တိတ်ဆိတ်နေသည်။
နောက်ဆုံးတော့ အဖွဲ့ (၉) စီးနင်းလာသော ကားလေးမှာ တောင်တန်းများကြားမှ လွတ်မြောက်၍ လင်းရိရှိ ဟိုတယ်သို့ ပြန်ရောက်လာသည်။
ညစာစားသောက်ပြီးနောက် ချင်ရှီရှီ ပင်ပန်းထားသမျှကို လန်းဆန်းစေရန် ရေချိုးသန့်စင်၍ ပေါ့ပါးသော အဝတ်အစားလဲကာ အိပ်ရာပေါ် လှဲချလိုက်သည်။
ထိုစဉ် သူ မနေနိုင်တော့ဘဲ လင်းချွမ်အကောင့်အား ရှာလေ၏။
ထို့နောက် စာအရှည်ကြီးကို လျင်မြန်စွာ ရိုက်လိုက်သည်။
သို့သော် သူ မပို့ခင် တွေဝေနေမိ၏။
မည်သို့ပင်ဖြစ်စေ သူ အုတ်ဂူထဲ မဝင်ရသေး၍ မသေချာသေးပေ။
ချင်ရှီရှီ သက်ပြင်းချ၍ စာအရှည်ကြီးကို ပြန်ဖျက်ကာ ရှန်ချန်းချန်းကိုသာ သွားဆက်သွယ်လိုက်သည်။
“ချန်းချန်း စားပြီးပြီလား”
ရှန်ချန်းချန်း အလုပ်ပြီးသွားချိန်ဖြစ်၍ ချက်ချင်း စာပြန်လာ၏။
“အခုပဲ စားပြီးတာ။ နင် အခု အလုပ်နဲ့ ခရီးရောက်နေတာမလား။ အခုလို စကားပြောနေဖို့ အချိန်ရှိလို့လား”
ချင်ရှီရှီ ရယ်မော၍
“ဒီမနက်ပဲ တောင်တန်းဘက် သွားခဲ့ပြီးပြီ။ အခြေအနေက မဆိုးပါဘူး”
“တော်သေးတာပေါ့။ ပထမဆုံးပွဲမှာ အောင်မြင်သွားတာ”
“ဒါနဲ့ လင်းချွမ်ဝတ္ထုကို ဖတ်ပြီးပြီလား”
ချင်ရှီရှီ တိုက်ရိုက်သာ မေးလိုက်သည်။
“သူ့စာအုပ်အသစ် ‘သိုက်တူးမှတ်တမ်းများ’ လား”
ရှန်ချန်းချန်းမှ ပြန်မေးလိုက်၏။
“ဟုတ်တယ်”
“ဖတ်ပြီးပြီပေါ့။ သူ့စာအုပ်တိုင်းကိုဖတ်ပြီး အကုန် subscribe လုပ်ပြီးသား”
ရှန်ချန်းချန်း ပြုံး၍ ပြောလေ၏။
“နင် လင်းချွမ်နဲ့ သိလာတာကြပြီဆိုတော့ သူနဲ့ရော၊ သူ့ဝတ္ထုတွေနဲ့ပါ ရင်းနှီးမှာပေါ့”
“ဒါပေါ့”
ရှန်ချန်းချန်း သူငယ်ချင်းဖြစ်သူအား ခပ်ပေါ့ပေါ့ပါးပါး ပြောပြနေသည်။
“ချန်းချန်း ငါမေးစရာလေး ရှိလို့”
“မေးလေ”
“လင်းချွမ် သူ့ဝတ္ထုတွေ ရေးတဲ့အခါ ဘာကို ကြည့်ပြီး ရေးလေ့ရှိတာလဲ”
ချင်ရှီရှီ စိတ်ဝင်တစား မေးလိုက်၏။
“ရေးတာလား။ သူ့ဦးနှောက်က ဘယ်လိုပြစ်မှုတွေ ကျူးလွန်ရမလဲပဲ ပြည့်နေတာ။ ဘာကိုမှ လိုက်ကြည့်နေစရာ မလိုပါဘူး”
ရှန်ချန်းချန်း စနောက်သလို ပြောလိုက်သည်။
“လူတစ်ယောက်က ကိုယ်တိုင် မကျူးလွန်ဖူးဘဲ ဦးနှောက်ထဲမှာ ဒီအတွေးတွေ ပြည့်နေစရာ မရှိဘူးလေ”
ချင်ရှီရှီ ပြန်ပက်လေသည်။
“ဒါပေမဲ့ လင်းချွမ်က တကယ် ပြစ်မှု မကျူးလွန်ဖူးတာ”
ရှန်ချန်းချန်း လင်းချွမ်ဘက်မှ ပြောပေးလိုက်၏။
အမှန်လည်း ဖြစ်ပါသည်။
လင်းချွမ်သည် ရဲစခန်းနှင့်ပင် ပူးပေါင်း၍ ကျားဖြန့် တိုက်ဖျက်ရေး၊ လောင်းကစား ဆန့်ကျင်ရေးများ ဆောင်ရွက်ကာ ဟန်မြစ်အပိုင်း နည်းပညာဌာန မပြိုကျရန်လည်း hacking ဖြင့် ကူညီပေးခဲ့သေး၏။
သို့သော်။
လင်းချွမ်နှင့် ပတ်သက်သော အသေးစိတ်များမှာ အန်လင်းရဲစခန်း၏ အထူးဖိုင်များအနေဖြင့် လူရှေ့ချမပြဘဲ သေချာ သိမ်းဆည်းထားကြသည်။
ရဲစခန်းများမှ ဝန်ထမ်းတိုင်းပင် ကြည့်ခွင့်မရချေ။
လင်းချွမ်အတွက် ကာကွယ်ပေးခြင်းတစ်မျိုး ဖြစ်လေ၏။
ထို့ကြောင့် လင်းချွမ်မှာ သူ့ဝတ္ထုများ ကြည့်ရုံဖြင့် သံသယရှိသူမှန်း သိသာလှသည်။
သို့ရာတွင် လင်းချွမ်သည် အလွန်တရားမျှတ၍ ကြောက်တတ်ပြီး ရဲဝန်ထမ်းသာဖြစ်လျှင် ယခုအချိန် ရာထူးကြီးကြီး ရောက်နေလေပြီ။
“သူ ပြစ်မှု မကျူးလွန်ဖူးတာတော့ သိပေမဲ့ ကျူးလွန်တော့မလိုများ ဖြစ်ဖူးလားလို့”
ချင်ရှီရှီ စိတ်ရှုပ်ထွေးစွာ ပြန်မေးလိုက်၏။
“ဘာလို့ အဲ့လိုမေးတာလဲ”
ရှန်ချန်းချန်း စိတ်ဝင်စားသွားသည်။
ချင်ရှီရှီ ခဏငြိမ်နေပြီးမှ
“ချန်းချန်း ငါ ထူးဆန်းတာတစ်ခု တွေ့ထားလို့”
“ဘာများလဲ”
“လင်းချွမ်ဝတ္ထုထဲမှာ ရေးထားတဲ့ အချက်အလက်တွေက အပြင်မှာ ငါတွေ့ခဲ့တာနဲ့ ကွက်တိဖြစ်နေတာ”
ချင်ရှီရှီ စာပြန်ပို့လိုက်၏။
“ဘယ်လို အသေးစိတ်လဲ။ သေချာလေး ပြောပါဦး”
ချင်ရှီရှီ တစ်နေကုန်ဖြစ်ပျက်ခဲ့သော အကြောင်းများကို အကျဉ်းချုံး၍ ပြောပြလိုက်၏။
ရှန်ချန်းချန်းမှာ သူနှင့် အလွန်ရင်းနှီးသော သူငယ်ချင်း ဖြစ်ပြီး ရဲဝန်ထမ်းလည်း ဖြစ်သောကြောင့် ယုံကြည်မှု အပြည့်ရှိပါသည်။
သို့သော် တစ်ဖက်မှ ရှန်ချန်းချန်းမှာတော့ သံသယများ ပြန်ဝင်လာမိသည်။
“တိုက်ဆိုင်လွန်းနေတာ မဟုတ်ဘူးလား”
“ငါလည်း တိုက်ဆိုင်လွန်းနေတော့ ဘယ်လို ဆုံးဖြတ်ရမှန်း မသိတော့ဘူး”
ချင်ရှီရှီ ခပ်လေးလေး ပြောလိုက်၏။
သူ့မသိစိတ်တွင် လင်းချွမ်အား ယုံကြည်ရန် ပြောနေသော်လည်း ကိုက်ညီမှုများစွာ ရှိနေသောကြောင့် နားမလည်နိုင် ဖြစ်ရသည်။
သူ ယခုချက်ချင်း တိုင်တန်းကာ လင်းချွမ်အား ဖမ်းလိုက်ချင်ပါသည်။
ရှန်ချန်းချန်းလည်း ခဏစဉ်းစားပြီးနောက်
“ရှီရှီ အခုတော့ အရမ်းစိတ်မလှုပ်ရှားပါနဲ့။ အုတ်ဂူမှ မဖွင့်ရသေးတာ။ အထဲမှာ ရှိတာတွေ မတူတာလည်း ဖြစ်နိုင်တာပဲ။ လင်းချွမ်နဲ့ မဆိုင်လောက်ပါဘူး”
ချင်ရှီရှီ ခေါင်းငြိမ့်ပြ၍
“ကောင်းပါပြီ။ မနက်ဖြန် အုတ်ဂူ သွားကြည့်ပြီးမှ အခြေအနေ ပြန်ပြောတာပေါ့”