ဆုတောင်းခြင်း
Vol. 16 Ch. 226
ချင်ရှီရှီ ရှန်ချန်းချန်းနှင့် စကားစပြတ်ပြီးနောက် ခဏစဉ်းစားကာ လင်းချွမ်ဝတ္ထုအား ပြန်ထုတ်ဖတ်လေသည်။
‘သိုက်တူးမှတ်တမ်းများ အတွဲ (၁)’
လင်းချွမ်ဝတ္ထုထဲမှ အုတ်ဂူအခြေအနေကို သေချာ ပြန်သိချင်၍ ဖွင့်လိုက်ခြင်း ဖြစ်သည်။
‘ထူးခြားတဲ့ ကျောက်နံရံကြီးက ချက်ချင်း အမြင်ကို ဆွဲဆောင်သွားတယ်’
‘အထဲမှာတော့ အကာအကွယ်တစ်ထပ် ရှိနေတော့ အားလုံး အပြင်ကို ဖယ်ထုတ်မှ ရမှာ’
‘နောက်ပြီး နံရံထဲမှာ အက်စစ်ပြင်းတွေ ပြည့်နေတော့ ပြိုကျရင် အားလုံးအပေါ် လောင်းချပြီး သွေးအိုင်ကြီး ဖြစ်သွားမှာလေ’
‘…’
ညအတော်မိုးချုပ်မှ ချင်ရှီရှီ အိပ်ပျော်သွားသော်လည်း အိပ်မက်ထဲတွင် ထိုအုတ်ဂူအကြောင်း အိပ်မက်မက်ခဲ့သေးသည်။
နောက်တစ်နေ့ နံနက်။
လေညင်းနုနုလေးမှာ တောင်တန်းများအား ဖြတ်သန်း၍ မနက်ခင်းအလင်းရောင်အောက်တွင် သာယာသော ရာသီဥတုကို ဖြစ်ပေါ်စေသည်။
မြူနှင်းများကြားမှ တောင်တန်းများသည် ရှက်ရွံ့တတ်သော မိန်းမပျိုလေးမှ ဇာပုဝါပါးဖြင့် အုပ်ဆိုင်းထားသကဲ့သို့ ခပ်ဝါးဝါးသာ မြင်နေရသည်။
ကျေးငှက်များနှင့် သားကောင်များ၏ အသံများမှာတော့ တစ်ချက်တစ်ချက် အသက်ဝင်စွာ ကြားရ၏။
ယခုတစ်ခါ တောင်တန်းထဲ သွားစဉ်တွင် ကား (၆) စီး ပါဝင်သည်။
အဖွဲ့ (၉)၊ လင်းရိ ယဉ်ကျေးမှုဌာနနှင့် လင်းရိရဲစခန်းမှ တာဝန်ရှိသူများ ပါဝင်ကြပြီး တစ်ဖွဲ့ကို ကား (၂) စီးစီ ခွဲလာကြသည်။
အားလုံး၏ ကြိုးစားမှုကြောင့် ကားလေးများမှာ မနက်ခင်း မြူနှင်း မသဲကွဲမီပင် ရှေးဟောင်းအုတ်ဂူဆီသို့ လျင်မြန်စွာ ရောက်ရှိသွား၏။
နေရာလေးမှာ မနေ့က ပိတ်ထားသည့်အတိုင်းပင် မည်သူမျှ ဖြတ်သန်းခြင်း မရှိကြချေ။
ယဉ်ကျေးမှုအဖွဲ့နှင့် ရဲတပ်ဖွဲ့မှာတော့ သက်သေခံရန် လိုက်လာကြပြီး ကင်မရာများဖြင့် ရိုက်ကူးမှတ်တမ်းတင်နေသည်လည်း ရှိသည်။
အလုပ်တစ်ခု၏ သက်သေ ဖြစ်လေသည်။
“ဒီကနေ စတူး”
ပထဝီမြေမျက်နှာပြင်နှင့် အုတ်ဂူစစ်ဆေးရေးများ ပြီးနောက် ဆရာယောမှာ ကျွမ်းကျင်ပညာရှင် ပီသစွာ စေခိုင်းလိုက်သည်။
ထိုနေရာကို သိုက်တူးသမားများ လာရောက်ပြီး၍ ကာကွယ်ရေးကို အမြန်ဆုံး လုပ်ဆောင်ရပေမည်။
ထို့နောက် သုတေသနပညာရှင်များအပြင် အခြား ပါလာသူများပါ အားဖြည့်၍ စတင်လှုပ်ရှားကြတော့၏။
မြေကြီးများကို ကျွမ်းကျင်စွာ တူးဖော်ရင်း မကြာမီ တစ်ဖက်တွင် မြေစာပုံကြီးတစ်ခု ဖြစ်လာသည်။
မကြာမီ။
(၉) မီတာမျှနက်သော တွင်းပေါက်ကြီးတစ်ခု ပေါ်လာပြီး ကျောက်နံရံများလည်း ထွက်လာ၏။
ချင်ရှီရှီမှာ စစ်ဆေးရေးအဖွဲ့မှ ကျွမ်းကျင်သူဖြစ်၍ ထိုကျောက်နံရံကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်မိသည်။
“ရှီရှီ တစ်ခုခု တွေ့လို့လား”
ဆရာယောမှ လှမ်းမေး၏။
ချင်ရှီရှီ ချက်ချင်း ပြန်မဖြေဘဲ ကျောက်နံရံကို ခေါက်ကြည့်လိုက်သောအခါ ခပ်ထူထူအသံမျိုး ကြားရလေသည်။
သူ ရုတ်တရက် ရင်ခုန်သံပင် မြန်သွား၏။
‘ကျောက်နံရံထဲမှာ အကာအကွယ်တစ်ထပ်ရှိနေတော့ အပြင်ကိုတွန်းထုတ်တဲ့နည်းပဲ ရမယ်။ အထဲကိုတော့ တွန်းလို့ မရဘူးလေ’
‘နောက်ပြီး နံရံကို ဖယောင်းလွှာအုပ်ပြီး အက်စစ်ပြင်း ထည့်ထားတော့ လက်လွတ်စပယ် သွားထိရင် အရှိန်နဲ့ တွန်းကန် ထွက်လာနိုင်တယ်’
‘အက်စစ်ပြင်းဆိုတာ တိုက်စားမှုအားပြင်းတယ်။ လူတစ်ယောက်ကို ထိမိပြီဆိုရင် တစ်ကိုယ်လုံး လောင်ကျွမ်း ပျက်စီးသွားမှာ’
‘…’
ချင်ရှီရှီ ထိုအကြောင်းကို ပြန်စဉ်းစားပြီးနောက် ဆရာယောအား ချက်ချင်းကြည့်ကာ
“ဆရာယော ကျွန်မသိသလောက်တော့ ဒီထဲမှာ သူခိုးကာကွယ်ရေးအတွက် အလွှာတစ်ခု ရှိသေးတယ်။ အပြင်ဘက်ကို ဖယ်မှရမှာ။ အတွင်းကိုတွန်းရင် အက်စစ်ပြည့်နေတဲ့ ကျောက်နံရံ ပြိုကျပြီး အားလုံး ဒုက္ခရောက်လိမ့်မယ်။ တော်တော် ဂရုစိုက်မှ ဖြစ်မှာ”
ဆရာယော သူ့အနား ရောက်လာပြီး ခေါင်းငြိမ့်ပြ၍
“ကျွန်တော် စမ်းကြည့်မယ်”
အတွေ့အကြုံရှိသော ခေါင်းဆောင်အနေဖြင့် သူ ကိုင်တွယ်နိုင်ပါသည်။
သူ့လက်ချောင်းများမှာ သွယ်လျ၍ ရှည်သော်လည်း လက်ချောင်းနည်းတော့ မသုံးပါ။ ထိုအစား ဓားဖြင့် အနည်းငယ် ခြစ်ချကြည့်သည်။
ဂျစ် ဂျစ်။
ထိုအခါ ထင်ထားသည့်အတိုင်း ဖယောင်းလွှာတစ်ထပ်ကို အမှန်ပင် တွေ့မြင်ရသည်။
သို့သော် ဖယောင်းလွှာအနောက်တွင် အနီရောင် အက်စစ်ပြင်းများတော့ မတွေ့ရချေ။
ချင်ရှီရှီ ထိုအခါမှ သက်ပြင်းချနိုင်၏။
လင်းချွမ်ဝတ္ထုနှင့် မတူတော့ပေ။
ဝတ္ထုထဲ၌ နံရံကို ဖောက်ထွင်းရန် အပ်များ၊ ပလက်စတစ်ပိုက်များကို သုံး၍ အက်စစ်ပြင်းများအား ထုတ်ပစ်ရလေသည်။
ယခု အထဲတွင် မရှိသောကြောင့် ချင်ရှီရှီ လစ်တမက်စက္ကူထုတ်၍ မြေပြင်၌ တိုင်းတာကြည့်လိုက်သည်။
ဒါက…
သူ အုတ်ဂူထဲ မဝင်မီ လင်းချွမ်အပေါ် သံသယများ ကြီးထွားလာပြန်၏။
ထိုစဉ် ဆရာယောနှင့် အဖွဲ့သားများမှာ ကျောက်နံံရံအား ချိုးဖျက်ကာ မြေအောက်နန်းတော်သို့ ဆင်းရန် ပြင်နေလေပြီ။
ထို့နောက် ကိရိယာများဖြင့် သေချာအောင် ထပ်စစ်၍ အန္တရာယ်မရှိတာ သေချာမှ ကာကွယ်ရေး၊ လုံခြုံရေး ဝတ်စုံများ ဝတ်ဆင်ကာ ဝင်သွားကြတော့သည်။
ချင်ရှီရှီမှာတော့ သက်ပြင်းလေးချလျက် လင်းချွမ်ဝတ္ထုနှင့် မတူရန်သာ တိတ်တိတ်လေး ဆုတောင်းနေမိတော့သည်။
သို့သော် သူ အုတ်ဂူထဲဝင်သွားပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ ချက်ချင်း နှလုံးခုန်ရပ်မတတ် လန့်သွား၏။
လင်းချွမ်၏ ဝတ္ထုကိုလည်း ပြန်မြင်ယောင်လာသည်။
“ဆရာလင်းရဲ့ ဝတ္တုက ဘာလို့ ဒီလောက် ရှည်ရတာလဲ”
ချင်ရှီရှီ သက်ပြင်းချ၍ မှင်တက်နေလေ၏။