ခုနစ်စင်ကြယ်အခေါင်း
Vol. 16 Ch. 227
အသက်တစ်ချောင်းကို ချည်ကြိုးမျှင်မျှသာ ရှိတော့သော အခြေအနေမှ နောက်ဆုံး လုံးဝ သေဆုံးသွားသလို ခံစားရသည်။
‘အုတ်ဂူကြမ်းပြင်မှာ ကျောက်တုံးတွေ ခင်းထားပြီး ရှေးခေတ်စကားလုံးတွေ ရေးထားတယ်’
‘ပတ်လည်မှာတော့ မီးအိမ် (၈) လုံး ရှိနေပြီး အလင်းရောင်တော့ မပေးစွမ်းနိုင်တော့။
‘အုတ်ဂူအလယ်မှာ လေးချောင်းထောက် မီးဖိုတစ်ခုရှိပြီး နေ၊ လနဲ့ကြယ်တာရာများ ရေးထိုးထားတယ်’
‘တောင်ဘက်မှာတော့ ကျောက်အခေါင်းတစ်ခု ချထားပြီး သူ့အနောက်မှာ မြေအောက်နန်းတော်ဆီ သွားနိိုင်မယ့် လမ်းကြောင်း ဖောက်ထားတယ်’
‘…’
နေရာအထားအသိုနှင့် အခြေအနေမှာ လင်းချွမ်ဝတ္ထုထဲမှအတိုင်း ဖြစ်၏။
ချင်ရှီရှီ နောက်ဆုံးတော့ သဘောပေါက်သွားလေပြီ။
လင်းချွမ် နဂါးခေါင်းနှင့် ရှေးသိုက်တူးနည်းလမ်းများ သိနေသည်မှာ မဆန်းလှချေ။
'...'
တခြားသိုက်တူးသမားက ပြောပြတာလား။
အမှန်တော့ မဖြစ်နိုင်စရာ မရှိပေ။
သို့သော် ချင်ရှီရှီ တွေးကြည့်လျှင် မည်သို့သော သိုက်တူးသမားက ဝတ္ထုရေးဆရာကို သူ့ပြစ်မှုမှတ်တမ်းများ ပြောပြမည်နည်း။ ထို့နောက် ထုတ်ဝေရန် ခွင့်ပြုမည်နည်း။
ကြွားချင်တာလား။ ဝန်ခံချင်တာလား။
ထို့ကြောင့် လင်းချွမ်ကိုယ်တိုင် ကျူးလွန်ခြင်းမှာ ပိုဖြစ်နိုင်ခြေများနေသည်။
“ဒီမီးဖို”
ထိုစဉ် မီးဖိုပေါ် မီးတစ်ချက် ထိုးမိသွားကာ ယဉ်ကျေးမှုအဖွဲ့မှ ဝန်ထမ်းတစ်ဦးက မျက်လုံးအရောင်လေး လက်သွားပြီး
“တော်သေးတာပေါ့။ ဒီမီးဖိုတော့ အခိုးမခံရဘူးပဲ”
ထို့နောက် ဝန်ထမ်းလေးများမှာ မီးဖိုအနား ကပ်လာပြီး လေ့လာရေးများ စတင်လေ၏။
နောက်ဆုံး ကောက်ချက် ချနိုင်သည်မှာ ထိုလေးချောင်းထောက်မီးဖိုသည် ဝါရင်းခေတ်၌ ပေါ်ခဲ့ပြီး နွေဦး၊ ဆောင်းဦးခေတ်ကာလ ဖြစ်နိုင်သည်။
တန်ကြေးအားဖြင့် တစ်ရာမီလီယံကျော်နိုင်ပြီး ပြတိုက်၏ ရတနာတစ်ပါး ဖြစ်လာပေမည်။
ချင်ရှီရှီ ယဉ်ကျေးမှုအဖွဲ့မှ ဝန်ထမ်းများ၏ ဆွေးနွေးစကားများအား နားထောင်ရင်း မျက်မှောင်ကြုတ်မိလေသည်။
နောက်ထပ်မေးခွန်းတစ်ခုလည်း ပေါ်လာ၏။
“လင်းချွမ်က ရှေးဟောင်းပစ္စည်း အကဲဖြတ် ကျွမ်းကျင်တော့ ဒီမီးဖိုရဲ့ တန်ဖိုးကိုလည်း သိမှာပဲ။ သူသာ သိုက်တူးသမားဆိုရင် ဘာလို့ ဒါကို မယူသွားတာလဲ”
“လင်းချွမ်မှာ အပြစ်မရှိတာ ဖြစ်နိုင်တာလား”
ချင်ရှီရှီ၏ သေဆုံးခါနီး နှလုံးသားမှာ မျှော်လင့်ချက် ပြန်ပေါ်လာသည်။
အုတ်ဂူ အရမ်းမပျက်စီးဘဲ အထဲ၌ ပျောက်ဆုံးပစ္စည်းလည်း မရှိချေ။
ဒါဆို လင်းချွမ်က အပြစ်ကင်းတာပေါ့။
“အဲ့လိုပဲ ဖြစ်ပါစေ”
ချင်ရှီရှီ စိတ်ထဲမှ ရေရွတ်လိုက်မိသည်။
ထို့နောက် ကျောက်အခေါင်းနား ရောက်လာပြီး မြေအောက်လမ်းသို့ ဆင်းရန် ပြင်လိုက်သည်။
လှေကားထစ်များကို ကျောက်သားဖြင့်သာ ပြုလုပ်ထားပြီး ခပ်လျှောလျှောနံံရံများမှာ ထူးခြားလှသည်။
သို့သော် ချင်ရှီရှီ စိတ်မဝင်စားလှချေ။
သူ လင်းချွမ်ဝတ္ထုထဲ၌ ဖတ်ရှုသိရှိပြီး ဖြစ်၏။
အထဲမှ အခြေအနေအားလုံးမှာ အကုန်ကွက်တိ ဖြစ်နေဆဲပင်။
သူရေးထားသည့်အတိုင်း ထူးခြားသားကောင်များ၊ ပစ္စည်းများ ရှိနေမည်လား။
တကယ်သာရှိလျှင် အလွန် အန္တရာယ်များပါသည်။
ထို့နောက် ချင်ရှီရှီမှ ဆရာယောကိုကြည့်၍
“ဆရာယော ဒီမြေအောက်အုတ်ဂူပိုင်ရှင်က တော်တော် အဆင့်မြင့်ထဲက ဖြစ်မယ်နော်။ အထဲမှာ ထောင်ချောက်တွေလည်း ရှိတယ်။ တခြား အကောင်တွေလည်း ပေါ်လာနိုင်လို့ တော်တော် ဂရုစိုက်ရလိမ့်မယ်”
ဆရာယောမှာ အုတ်ဂူထဲ ဝင်လာပြီးနောက် ထင်ထားသည်ထက် အဆင်ပြေနေသည်ကိုတွေ့ကာ စိတ်အခြေအနေကောင်းနေ၏။
သူ ခေါင်းငြိမ့်၍ ပြုံးပြကာ
“ရှီရှီပြောတာ မှန်တယ်”
ဤသို့ဖြင့် အခြားသူများကိုလည်း သတိထားရန် ပြောလိုက်သည်။
ထိုသုတေသနပညာရှင်များမှာ အမျိုးသားရေးအဖွဲ့အတွက် အချိန်အတော်ကြာအောင် တာဝန်ထမ်းဆောင်ခဲ့သူများ ဖြစ်သည်။ သူတို့၏ ရှင်သန်ရေးမှာ သူတို့ ထက်မြက်မှုအပေါ် မူတည်နေ၏။
သိုက်တူးသမားတစ်ဦး၏ဘဝမှာလည်း ထက်မြက်ရန် လိုအပ်သည်။ မဟုတ်လျှင် ထိုအလုပ် ဆက်မလုပ်နိုင်ချေ။
ကံကောင်းစွာဖြင့် မြေအောက်နန်းတော်တွင်တော့ လင်းချွမ်ဝတ္ထုထဲမှ အန္တရာယ်ရှိ အကောင်များဖြစ်သော မျက်လုံးစိမ်းမြေခွေးအလောင်း၊ ခေါင်း (၉) လုံးမြွေ စသည်တို့ကို မတွေ့ရပေ။
သူတို့ ကော်ရစ်တာတစ်လျှောက် ဖြတ်လာပြီးနောက် ပွင့်လျက်ရှိသော ကျောက်စိမ်းတံခါးကြီးကို တွေ့ရ၏။
သုတေသနပညာရှင်များ အားလုံး ထိုတံခါးကိုဖြတ်၍ အုတ်ဂူနေရာသို့ ထွက်သွားကြသည်။
အဓိကအုတ်ဂူရှိရာနေရာ၏ အပေါ်တွင် တာဟုန်အမိုးရှိပြီး အရုပ်များ၊ ကျမ်းစာများ ရေးထိုးထား၏။
အောက်၌ ကျောက်အခေါင်းအချို့ ချထားလေသည်။
ချင်ရှီရှီ တစ်ခုချင်း လိုက်ရေတွက်လိုက်သည်။
တစ်၊ နှစ်၊ သုံး၊ လေး… အားလုံးပေါင်း (၇) ခု ရှိပြီး ခုနက အပေါ်၌ တွေ့ခဲ့သော အခေါင်းထက် သိသာထင်ရှားစွာ အနုစိတ်၍ လှပ၏။
တစ်ခုချင်းစီတွင် ရှေးဟောင်းစာများ ရေးထားပြီး ကနုတ်များ ခြယ်ထားသည်မှာ စုံလင်လှလေသည်။
ဆရာယော အခေါင်းမှစာများကို ကြည့်၍
“ဒါ အကာအကွယ်မန္တန်တွေပဲ။ ချင်ခေတ်အစောပိုင် လုမျိုးနွယ်မှာ သုံးတဲ စာလုံးတွေ”
သုတေသနပညာရှင်များအနေဖြင့် ထိုစကားလုံးများကို ကောင်းကောင်း နားလည်ပြီး ဖြစ်ပါသည်။
ချင်ရှီရှီလည်း ငေးကြည့်နေ၏။
အုတ်ဂူပိုင်ရှင်၏ ကောင်းမှုများ၊ အကျိုးများကို ရေးသားထားခြင်း ဖြစ်သည်။
ပိုင်ရှင်မှာ လုနယ်နိမိတ်မှ မင်းသားဖြစ်ပြီး မကောင်းဆိုးဝါးအကာအကွယ်ဖြင့် မွေးဖွားလာသည်။ ထို့ကြောင့် ဝိညာဉ်များအား ဆင့်ခေါ်၍ တိုက်ပွဲတိုင်း အောင်နိုင်ကာ ဘုရင်လုရှန်ဟူသောဘွဲ့ကို ရရှိ၏
စာထဲတွင် ဤမျှသာ အကြမ်းဖျင်း ပါလေသည်။
ထို့နောက် ပါမောက္ခချီနှင့် ယဉ်ကျေးမှုအဖွဲ့လည်း ကျောက်အခေါင်း (၇) ခုအား လေ့လာကြည့်နေ၏။
ထို့နောက် ပါမောက္ခချီမှ ရှင်းပြလာလေသည်။
“ဆရာယော ဒီအခေါင်းတွေက ရာထူးအတိုင်း စီစဉ်ထားတာ။ ခုနစ်စင်ကြယ်အခေါင်းလို့ သိကြတယ်”
“အုတ်ဂူပိုင်ရှင်က မင်းသားလု ခေါ် ဘုရင်လုရှန်ဆိုတော့ ပစ္စည်းကောင်းတွေလည်း အများကြီး ရှိမှာပဲ”
ဝန်ထမ်းတစ်ဦးမှ ဝင်ပြော၏။
အားလုံး အခေါင်းများအား ငေးကြည့်နေမိသည်။
ထိုအခေါင်း (၇) ခု၌ တစ်ခုမှာ အဓိကဖြစ်ပြီး ကျန် (၆) ခုသည် ပစ္စည်းများအတွက် ဖြစ်နိုင်သည်။
ထိုမှသာ လုမျိုးနွယ် အဆင့်အတန်းနှင့် ကိုက်ညီပေမည်။
ဆရာယောမှာ အခေါင်းများအား ကြည့်ရင်း စိတ်ရှုပ်ထွေးစွာဖြင့်
“ဒီမှာ ထူးခြားနေတာ သတိမထားမိဘူးလား”