ပြစ်မှုမှတ်တမ်းလား
Vol. 16 Ch. 228
အားလုံး မျက်ခုံးပင့်၍ သူ့ကို လှမ်းကြည့်မိ၏။
ဆရာယောမှ
“ဒီလို ဖောက်ပြီးသားနေရာဆိုတာ သိုက်တူးသမားတွေ အများကြီး လာပြီးမှာပဲ။ အခေါင်းတွေကျတော့ ဘာလို့ အကောင်းအတိုင်း ရှိနေတာလဲ”
“ဆရာယော သံသယဖြစ်မိတာရော ရှိလား”
ပါမောက္ခချီမှ အံ့ဩစွာ မေးလိုက်သည်။
ဆရာယော ခေါင်းယမ်း၍
“ကျွန်တော်လည်း ထူးဆန်းတယ်လို့ကတော့ ထင်တယ်။ ဒါပေမဲ့ အတိအကျ မပြောနိုင်သေးဘူးဗျ”
“ဆရာယော တွေ့သွားပြီ”
ရုတ်တရက် အဓိကအုတ်ဂူဘေးရှိအခန်းမှ ဝန်ထမ်းတစ်ဦး ပြေးလာပြီး စိတ်လှုပ်ရှားနေသော အမူအရာဖြင့် ပြောလေသည်။
“အခြေအနေ ဘယ်လိုလဲ”
ဆရာယော မျက်နှာ တင်းမာနေသည်။
“ဘေးခန်းရဲ့ ထောင့်နားမှာ အလောင်း (၂) ခု တွေ့ပါတယ်”
“အလောင်းတွေလား”
ဆရာယော မျက်မှောင်ကြုတ်သွား၏။
ရှီရှီလည်း ရင်ခုန်သံမြန်လာသည်။
ထို့နောက် ရဲဝန်ထမ်းများ၊ ဆရာယောနှင့် ရှီရှီတို့ အပြေးသွားကြ၏။
ဘေးတွင်ရှိနေသောအခန်းမှာ အလွန်ကြီးပြီး ကျောက်အခေါင်းတစ်ခု ထပ်တွေ့ရသည်။
အခေါင်းမှာ ပွင့်လျက်ရှိပြီး အထဲမှာတော့ ဘာမှ မတွေ့ရပေ။
အနီးအနား၌ ပုံပျက်နေသော အလောင်း (၂) ခု တွေ့ရပြီး တစ်ခုမှာ ခေါင်းစောင်း၍ ဆန့်ဆန့်အနေအထားဖြစ်ကာ အခြားတစ်ခုသည် ခပ်ကွေးကွေးဖြစ်သည်။
ရှီရှီ အာရုံပြန်စုစည်းကာ အခန်းဝင်ပေါက်မှစ၍ ဂရုတစိုက် ကြည့်ရှုစစ်ဆေးနေပြီး ရဲများမှာလည်း အလောင်းများ၏ အသားစများယူနေကြသည်။
ရှီရှီ ရုတ်တရက် ရင်ထဲမွန်းကြပ်လာ၏။
အခြေအနေမှာ ထင်ထားသလို မဟုတ်တော့ချေ။
လင်းချွမ်၏ ‘သိုက်တူးမှတ်တမ်းများ’ အတွဲ (၁) ၌ ထိုအဖြစ်အပျက်မျိုး မပါဝင်ခဲ့ပေ။ ထို့အပြင် အလောင်းများသည် အရိုးစု အခြေအနေဖြင့် ဆွေးမြေ့နေခြင်း မရှိသောကြောင့် အုတ်ဂူလာဖောက်သည့် သိုက်တူးသမားများ ဖြစ်နိုင်လေသည်။
သို့သော် ဤနေရာတွင် မည်သို့ သေဆုံးခဲ့သနည်း။
အခြေအနေမှာ ထူးဆန်းလှသည်။
ရဲဝန်ထမ်းများမှာ ကျွမ်းကျင်အဆင့်ဖြစ်၍ နာရီဝက်မျှအချိန်အတွင်း စစ်ဆေးမှုများ ပြီးဆုံးသွားပြီး ဝန်ထမ်းတစ်ဦးမှ
“ဆရာယော ကျွန်တော်တို့ စစ်ဆေးချက်အရတော့ ဒီနှစ်ယောက်က အသတ်ခံရတဲ့ပုံပါ။ သေဆုံးချိန်ကတော့ (၆) လ မကျော်သေးဘူးလို့ ခန့်မှန်းပါတယ်။ သိုက်တူးသမားတွေတော့ ဖြစ်နိုင်ပေမဲ့ အတိအကျ စုံစမ်းရဦးမှာပါ”
“အသတ်ခံရတာလား”
ဆရာယောမှာ ထိုလူသတ်မှုများအကြောင်း နားမလည်သော်လည်း ထူးဆန်းသည်ဟုတော့ ခံစားရပါသည်။
ရဲဝန်ထမ်းလေးမှ ခေါင်းငြိမ့်ပြ၍
“ဟုတ်ပါတယ်။ ခန္ဓာကိုယ်ရဲ့အနောက်ဘက်နဲ့ ဝမ်းဗိုက်၊ ရင်ဘက်ပိုင်းတွေမှာ ဓားဒဏ်ရာတွေ တွေ့ရတာကြောင့် အသတ်ခံရတာ ဖြစ်နိုင်ပါတယ်”
အားလုံး ထိတ်လန့်သွားမိသည်။
သိုက်တူးသမားများအချင်းချင်း ဝေစုခွဲ၍ တိုက်ခိုက်ခြင်း ဖြစ်နိုင်လေသည်။
“လက်နက်ကရော”
ဆရာယောမှ မေးလိုက်၏။
“နစ်နာသူတွေရဲ့ ခန္ဓာကိုယ်နဲ့ ပတ်ဝန်းကျင်မှာတော့ ဘာလက်နက်မှ မတွေ့ရပါဘူး။ နောက်ထပ် လွတ်မြောက်သွားသူ တစ်ယောက်ယောက်ကနေ သတ်သွားတယ်လို့ ယူဆရပါတယ်”
ဝန်ထမ်းလေးမှ ရှင်းပြ၏။
“အဲ့တော့ အပေါင်းအပါတွေကို သတ်ပြီး ရတနာတွေယူ၊ ထွက်ပြေးသွားတဲ့ နောက်ထပ် သိုက်တူးသမားတစ်ယောက် ရှိနေတယ်ပေါ့”
ဆရာယော ကြောင်အမ်းအမ်းဖြင့် ပြောမိသည်။
“အဲ့လိုက အဖြစ်နိုင်ဆုံးပါ”
ထိုစဉ် ချင်ရှီရှီ မလှုပ်မယှက် ရပ်ကာ အလောင်းများအား ငေးကြည့်ရင်း ရင်ထဲတွင် လှိုင်းထနေသည်။
လှိုင်းတင်မက၊ မုန်တိုင်းထန်နေသည်ဟုဆိုလျှင် ပိုမှန်ပေမည်။
လင်းချွမ်၏ ဝတ္ထုအစအဆုံးကိုလည်း ပြန်တွေးနေမိ၏။
သိုက်တူးသမား (၃) ဦး ဘုရင်လုရှန် အုတ်ဂူထဲ ဝင်သွားကြပြီး တစ်ဦးမှ သစ္စာဖောက်၍ ရတနာအားလုံး လိုချင်သောကြောင့် ကျန် (၂) ယောက်ကို သတ်ထားခဲ့သည်။
ထိုသို့ အုတ်ဂူထဲမှ လွတ်မြောက်လာပြီးနောက် ဝတ္ထုအဖြစ်ပင် ပြစ်မှုကို မှတ်တမ်းတင်ခဲ့သေးသည်။
ဒီလူက…လင်းချွမ်။
ချင်ရှီရှီမှာ ပြစ်မှုစုံစမ်းရေးအဖွဲ့မှမဟုတ်ဘဲ သမိုင်းဝင် ယဉ်ကျေးမှု သုတေသနဌာနမှဖြစ်၍ အခင်းအခြေအနေကို မသုံးသပ်တတ်သော်လည်း တွေ့မြင်ရသလောက် သက်သေများမှာ လင်းချွမ်ကို ညွှန်ပြနေ၏။
ထို့ကြောင့် လင်းချွမ်မှာ သိုက်တူးသမားအဖြစ် အပြစ်ရှိရုံမျှမက လူသတ်တရားခံပါ ဖြစ်နေလေပြီ။
တကယ့် ထိပ်တန်း တရားခံကြီးပဲ။
ဘယ်လောက်တောင် ရှုပ်ထွေးလိုက်မလဲ။
အစကတော့ သမိုင်းဝင်ယဉ်ကျေးမှု သုတေသနအတွက်သာ ရောက်လာသော်လည်း အမှုအခင်းအခြေအနေသို့ ရုတ်တရက် ပြောင်းလဲသွားသည်။
လတ်တလော၌ အထင်ရှားဆုံး သံသယရှိသူမှာလည်း လင်းချွမ်ပင်။
ရှီရှီ နေရာတွင် ရပ်နေရင်း အတွေးများမှာတော့ ယောက်ယပ်ခတ်နေကြ၏။
“ရှီရှီ ဘာလို့လဲ။ နေမကောင်းဘူးလား”
ဆရာယော သူ့ကိုလှမ်းကြည့်၍ ဖြူဖတ်ဖြူလျော် ဖြစ်နေသောကြောင့် စိုးရိမ်တကြီး မေးလေသည်။
“ဟင် ကျွန်မ အဆင်ပြေပါတယ်”
ထိုအခါမှ သူ သတိပြန်ဝင်လာ၏။
ထို့နောက် ရင်ထဲတွင် လွန်ဆွဲနေပြန်သည်။
ဆရာယောအား ချက်ချင်း တင်ပြရမည်လား။
လင်းချွမ်ဝတ္ထုအသေးစိတ်ကို ပြောပြရမည်လား။
“အနံ့အသက်တွေကြောင့် ထင်တယ်။ အနောက်မှာပဲနေပြီး လေကောင်းလေသန့် ရှူလိုက်ဦး။ ဒီကိစ္စ ရဲဘက်က ကြည့်လုပ်ပါလိမ့်မယ်။ ငါတို့က ကျောက်အခေါင်းတွေကို ဆက်လေ့လာတာပေါ့”
ဆရာယောမှ ပြော၏။
“ကျောက်အခေါင်း…”
ရှီရှီ ရေရွတ်လိုက်မိသည်။
“ဟုတ်တယ်လေ။ ကျောက်အခေါင်းတွေကို ယူသွားဖို့လည်း မလွယ်တော့ ဒီမှာ ဖွင့်ပြီး အထဲမှာ ဘာတွေရှိလဲ ကြည့်လိုက်မယ်လေ”
“ဒီမှာ ဖွင့်မှာလား”
ရှီရှီ မျက်မှောင်ကြုတ်၍
“ဒါတွေ ဖွင့်လို့မရဘူး”
“ဘာလို့လဲ”
ဆရာယောပါ မျက်မှောင်ကြုတ်သွားသည်။
“ဒီခုနစ်စင်ကြယ်အခေါင်းက အန္တရာယ် တော်တော် ကြီးနိုင်တယ်”
ရှီရှီမှ ပြောလိုက်၏။
“အခေါင်းတွေနဲ့ ပတ်သတ်ပြီး ထူးထူးခြားခြား သိထားတာ ရှိလို့လား”
ဆရာယော နားမလည်နိုင်စွာ မေးလိုက်လေ၏။