အုတ်ဂူအစစ်
Vol. 16 Ch. 229
ခုနစ်စင်ကြယ် လုဘုရင်နန်းတော်။
အုတ်ဂူထဲတွင် မှောင်မိုက်နေရာမှ ယခုတော့ တောက်ပစွာ လင်းလက်နေ၏။
ကျောက်စာများ ထွင်းထားသော တိုင်အချို့ရှိနေပြီး အလယ်တွင် အခေါင်း (၇) ခုမှာ ငြိမ်သက်စွာ ရှိနေလေသည်။
သုတေသနပညာရှင်များနှင့် အခြားဝန်ထမ်းများ အခေါင်းများကို ဝိုင်း၍ လေ့လာစစ်ဆေးနေကြ၏။
ရဲများမှာ အခင်းအခြေအနေကို ကိုင်တွယ်နေဆဲပင်။
ထိုထဲတွင် တန်ဖိုးအကြီးဆုံးမှာ သေချာပေါက် အခေါင်းများ ဖြစ်သည်။
အချို့ဝန်ထမ်းများမှာ အထဲတွင် မည်သို့သော ပစ္စည်းများ ရှိနေသည်အား အလွန်သိချင်နေကြလေပြီ။
သို့သော် ဂရုပြုရမည့် အခြေအနေကြောင့် စိတ်ထိန်းထားကြရ၏။
ထိုအချိန်တွင် ချင်ရှီရှီမှာ လင်းချွမ်အား အတွေးထဲမှ ခဏထုတ်၍ ရှေ့မှ ကျောက်အခေါင်းကိုသာ အာရုံစိုက်ထားလေသည်။
ထို့နောက် ဆရာယောတို့ကိုကြည့်၍
“ဆရာယော ဒီအုတ်ဂူပိုင်ရှင်ရဲ့ အဆင့်အတန်းက သာမာန်တော့ မဟုတ်ဘူးနော်။ နဂါးခေါင်းအတုနဲ့ လှည့်စာထားတာကိုကြည့်ရင် တော်တော် အတွက်အချက်ကောင်းမယ့်ပုံပဲ။ ဒီအခေါင်းတွေထဲမှာလည်း ထောင်ချောက်ရှိနေမလား မသိဘူး”
ချင်ရှီရှီ ဂရုတစိုက်ပြောလိုက်၏။
သူ သိုက်တူးမှတ်တမ်းများ ဝတ္ထုကို ပြန်စဉ်းစားရင်း စိုးရိမ်သွားမိသည်။
ယန္တရားတွေ ရှိနေမလား။
လက်တွေ့အခြေအနေကို မည်သူမျှ မသိနိုင်ပါ။
သူမှတ်မိသလောက်တော့ အခေါင်း (၇) ခုတွင် (၆) ခုမှာ အတုများဖြစ်၏။
တစ်ခုသာ စစ်မှန်လေသည်။
“ယန္တရားတွေလား”
ဆရာယော မျက်မှောင်ကြုတ်ပြီးနောက် ခေါင်းငြိမ့်၍
“ဟုတ်တယ်။ အုတ်ဂူတွေ ဖွင့်တဲ့အခါ တော်တော်လေး ဂရုစိုက်မှပဲ။ ဒီအခေါင်း (၇) ခုက အဓိကပဲ”
ချင်ရှီရှီ ခေါင်းငြိမ့်ပြလိုက်သည်။
ထို့နောက် ကျောက်အခေါင်းများကို ငေးကာ မျက်နှာပြင်ပေါ်မှ စာများကိုကြည့်ရင်း အခေါင်းတစ်ခုအား အာရုံစိုက်လိုက်မိသည်။
သိုက်တူးမှတ်တမ်းများဝတ္ထုအရ ထိုအခေါင်းမှာ အစစ်ဖြစ်၍ ကျန်သည်များမှာ အတု ဖြစ်နိုင်သည်။
“ဆရာယော ဒီအခေါင်းပဲ ဖွင့်လို့ရတယ်။ ကျန်တာတွေ ထိလို့ မဖြစ်ဘူး”
သူ့စကားကြောင့် ဆရာယော သူ့ကို စိုက်ကြည့်နေ၏။
မကြာမီ။
ဆရာယောမှ အခြား အရည်အချင်းရှိသော အလုပ်သမားများကိုခေါ်၍
“ဒီအခေါင်းကိုပဲ ဖွင့်လိုက်ပါ။ ကျန်တာတွေ မထိနဲ့ဦး”
“ဘာလို့လဲ ဆရာယော”
မလှမ်းမကမ်းရှိ ပါမောက္ခချီမှ ဆရာယော စကားကိုကြားကာ ရောက်လာသည်။
ဆရာယော ခဏငြိမ်နေပြီးမှ ခေါင်းယမ်း၍
“တခြားအခေါင်းတွေမှာ ယန္တရားတွေ ပါနေလို့ပါ”
ထိုသို့ပြော၍ ချင်ရှီရှီကို လှမ်းကြည့်လိုက်သည်။
ချင်ရှီရှီလည်း မျက်လုံးလေး ကလယ်ကလယ်ဖြင့် မည်သို့တုံ့ပြန်ရမည်မသိ ဖြစ်နေ၏။
ရင်ထဲတွင် ရှုပ်ထွေးကာ မရှင်းပြတတ်တော့ပေ။
ထိုအချိန်တွင် သုတေသနပညာရှင်အချို့ စုစည်း၍ အဆင့်မြင့်ကိရိယာများဖြင့် ထိုအခေါင်းကို စစ်ဆေးကြည့်လိုက်သည်။ ပြဿနာမရှိခြင်း သေချာမှ ဖွင့်ရန် ပြင်ဆင်လေသည်။
အခေါင်းဖွင့်ခြင်းမှာ အလွန်သတိထားရသောကိစ္စ ဖြစ်၏။
ဆရာယောကိုယ်တိုင် ဝင်ပါ၍ အခေါင်း၏ အဖုံးနှင့် ကိုယ်ထည်ကြားကို တူဖြင့် အသာထုလိုက်သည်။
‘ဒင် ဒင် ဒင်’
ဤနည်းဖြင့် ကျောက်အခေါင်း ပျက်စီးနေခြင်းရှိမရှိ စစ်ဆေးကာ အန္တရာယ်ကို လျှော့ချနိုင်ပါသည်။
ဆရာယော၏ အတွေ့အကြုံနှင့် အပြုအမူမှာ ခေါင်းဆောင်ကောင်း ပီသလေ၏။
နောက်ထပ် (၁၀) မိနစ်ဝန်းကျင် ကြာပြီးနောက်။
အဖုံးနှင့် ကိုယ်ထည်ကြား အတော်ဟလာပြီး ကွဲထွက်လာသည်။
ဆရာယောနှင့် ပါမောက္ခချီတို့ အချင်းချင်းကြည့်ကာ ပြုံးလိုက်မိသည်။
ချင်ရှီရှီမှာ ကျောက်အခေါင်းကိုသာ မမှိတ်မသုန် စိုက်ကြည့်နေသည်။
ဂျောက် ဂျောက် ဂျောက်!
ပညာရှင် (၄) ဦးမှ အခေါင်းအဖုံးကို ဖွင့်လိုက်သောအခါ အထဲမှ အခြေအနေကို ချက်ချင်း တွေ့ရတော့သည်။
ချင်ရှီရှီ ထိုအခါမှ သက်ပြင်းချနိုင်လေ၏။
ဟူး—
ကံကောင်းစွာဖြင့် ယန္တရားများ၊ ထောင်ချောက်များ မတွေ့ရပေ။
အခေါင်းထဲ၌ ပန်းကန်လုံး၊ မီးဖို၊ သုံးချောင်းထောက်တို့ကဲ့သို့ ကြေးနှင့် ပြုလုပ်ထားသော ရှေးဟောင်းပစ္စည်းများစွာကို တွေ့ရ၏။
ထိုအခါ ပညာရှင်များ ချက်ချင်း စစ်ဆေးလေ့လာလေသည်။
ဘေးမှ ပါမောက္ခချီကတော့ မျက်မှောင်ကြုတ်လျက် ရှိ၏။
သူ့မျက်နှာတွင် ပျော်ရွှင်ရိပ်ထက် အံ့ဩရိပ်က ပိုများနေသည်။
“ဆရာယော ဒါကြီးက ထူးဆန်းတယ် မထင်ဘူးလား”
ပါမောက္ခချီ ခဏစဉ်းစား၍ ဆရာယောအား လှည့်မေးလေသည်။
ဆရာယောလည်း အခေါင်းထဲမှ အခြေအနေကို ကြည့်ရင်း နားမလည်နိုင် ဖြစ်နေ၏။
ထို့နောက် ခေါင်းငြိမ့်ထောက်ခံကာ
“တကယ် ထူးဆန်းတာပဲ”
ထိုအရာမှာ အဓိကအခေါင်း ဖြစ်နေလေသည်။
အခေါင်း (၇) ခု၌ ယခုထဲတွင်သာ ရတနာများ ရှိနေသည်။
အုတ်ဂူပိုင်ရှင်ကရော။
“ကျန်တဲ့အခေါင်းထဲမှာများလား”
ပါမောက္ခချီမှ ခန့်မှန်း၏။
ဆရာယော ခေါင်းယမ်းကာ ချင်ရှီရှီအနား ရောက်လာပြီး
“ရှီရှီ တစ်ခုခု ပြောပါဦး”
ချင်ရှီရှီ အမူအရာပြောင်းသွားပြီး ဆရာယောအနား ရောက်လာ၏။
ထိုအခါမှ ဆရာယော သူ့ကို ကြည့်၍ ခပ်တိုးတိုး ပြောလေသည်။
“ရှီရှီ့ကြည့်ရတာ ဒီနေရာနဲ့ ရင်းနှီးနေသလိုပဲနော်”
စစရောက်ချင်း နဂါးခေါင်းအတုကိစ္စမှ စတင်ကာ အဖွဲ့၏ လှုပ်ရှားမှုတိုင်းသာ ရှီရှီ့လမ်းညွှန်မှုအောက်၌ ရှိနေခဲ့၏။
ချင်ရှီရှီ၏ လမ်းညွှန်မှုများမှာ တိုက်ဆိုင်ခြင်း မဟုတ်လျှင် ဆရာယော ခေါင်းဆောင်အမည်ခံရန်ပင် မသင့်တော့ချေ။
ချင်ရှီရှီ မျက်မှောင်ကြုတ်၍ ခပ်တိုးတိုးဖြင့်
“ဆရာယော ဒီအုတ်ဂူရဲ့မှတ်တမ်းကို ကျွန်မ တွေ့ဖူးနေတာလို့ပြောရင် ယုံမှာလား”
“ဟင်”
ဆရာယော မယုံနိုင်စွာဖြင့်
“ဒီအုတ်ဂူအကြောင်းကို တွေ့ဖူးတာလား။ ဘယ်မှာလဲ”
“ဝတ္ထုထဲမှာပါ”
ချင်ရှီရှီ မတတ်သာဘဲ ပြောလိုက်ရသည်။
အမှန်အတိုင်းဆိုရသော် ဝတ္ထုထဲမှ အကြောင်းအရာနှင့် ဆင်တူရုံမဟုတ်ဘဲ တစ်ထပ်တည်း ဖြစ်လေသည်။