← Chapters

အခြားလမ်း

Vol. 16 Ch. 230

အခြားလမ်း

Vol. 16 Ch. 230

“ဝတ္ထုလား”

ဆရာယော ရေရွတ်မိရင်း မျက်လုံးပြူးနေသည်။ 

သူသည် သမိုင်းဝင်ယဉ်ကျေးမှုအဖွဲ့မှ ဝန်ထမ်းတစ်ဦး ဖြစ်ပြီး ရှေးဟောင်းအုတ်ဂူများအား မှတ်တမ်းတင်ရန် ဝတ္ထုများ ဖန်တီးလေ့ရှိသည်။ 

ထို့ကြောင့် ဝတ္ထုထဲမှာ အချို့အကြောင်းအရာများသည် အစစ်အတိုင်း ဖြစ်နေတတ်၏။ 

သို့သော် သူ့ကို အံ့ဩစေသည်မှာ ယခုနေရာကို မည်သည့်သုတေသနပညာရှင်မှ မရောက်ဖူးသေးဘဲ သိုက်တူးသမားများသာ ရောက်ဖူးလေသည်။ 

ထို့အပြင် သိုက်တူးသမား (၂) ဦးမှာလည်း အုတ်ဂူထဲ၌ သေဆုံးလျက် ရှိ၏။ 

ထို့ကြောင့် ထိုအုတ်ဂူအကြောင်း ရေးသားနိုင်သူမှာ အခြေအနေများကို မြင်ဖူးထားသည့် လွတ်မြောက်သွားသော သိုက်တူးသမား ဖြစ်နိုင်လေသည်။ 

ဖြစ်နိုင်ခြေမှာ အလွန်မြင့်လာ၏။ 

ပြစ်မှုမှတ်တမ်းလား။ 

“ရှီရှီပြောချင်တာက အဲ့ဝတ္ထုရေးဆရာက ထွက်ပြေးသွားတဲ့ သိုက်တူးသမားလို့ သံသယရှိတာလား”

ဆရာယောမှ ပြန်မေးသည်။ 

ချင်ရှီရှီ ခေါင်းယမ်းကာ အမြန်ရှင်းပြ၏။ 

“ဆရာယော အဲ့လိုဆိုလိုတာ မဟုတ်ပါဘူး”

“အဲ့တာဆို”

“ဆရာယော ကျွန်မလည်း သံသယဝင်မိပေမဲ့ အဲ့လိုဆိုပြီး သူက တရားခံတော့ မဟုတ်ပါဘူး။ လွတ်လာတဲ့ သိုက်တူးသမားဆီက စကား ပျံ့လာတာလည်း ဖြစ်နိုင်ပါတယ်”

ချင်ရှီရှီကိုယ်တိုင် သံသယဝင်ခဲ့သော်လည်း ပြန်စဉ်းစားပြီးမှ သူ အလကားနေရင်း နာမည်မဖျက်ချင်ပါ။ 

သိုက်တူးသမားနှင့် လူသတ်သမား။ 

အမှု (၂) ခုမှာ ပေါင်းစပ်နေပြီး ပြဿနာ ပိုကြီးနိုင်သည်။ 

လင်းချွမ်တွင် ထိုသို့ အရည်အချင်း ရှိလျှင်ပင် အပြစ်တင်စိတ်ဖြင့် သေသွားနိုင်လေ၏။ 

ဆရာယော ချင်ရှီရှီအား ကြည့်ရင်း 

“အဲ့ဝတ္ထုရေးတဲ့သူက လင်းချွမ်မလား”

“ဆရာယောက ဘယ်လိုသိတာလဲ”

ချင်ရှီရှီ မျက်လုံးပြူး၍ အလွန်လန့်သွား၏။ 

ဆရာယော ရယ်မော၍

“ရှီရှီ့ အခုအမူအရာကိုကြည့်ရတာ ရင်းနှီးတဲ့သူ တစ်ယောက်ယောက် ဖြစ်နိုင်လို့ လင်းချွမ်လို့ ထင်လိုက်တာပါ”

ချင်ရှီရှီ နေရခက်၍ စွံ့အနေ၏။ 

သူ့ရင်ထဲတွင် မွန်းကြပ်လျက် ဘာပြန်ဖြေရမည်မသိ ဖြစ်နေသည်။ 

ဆရာယော သူ့ကိုငေးကြည့်၍ ဆက်ကာ

“ရှီရှီ ဒီလောကမှာ အသစ်ပဲ ရှိသေးတာမလား”

“ဘွဲ့ရပြီးတော့ အန်လင်းကအဖွဲ့မှာ ဝင်လုပ်ခဲ့ပေမဲ့ အရမ်းမကြာလိုက်ပါဘူး”

ချင်ရှီရှီ ပြန်ဖြေသည်။ 

ဆရာယော ခေါင်းငြိမ့်၍ ပြုံးပြကာ

“ရှီရှီ ငါတို့သမိုင်းဝင် ယဉ်ကျေးမှုအဖွဲ့မှာလည်း မှုခင်းစုံထောက်တွေထက် သက်သေကို ပိုအလေးထားရတယ်လေ”

ချင်ရှီရှီ နားမလည်သလို ငေးကြည့်နေသည်။ 

ဆရာယောဆက်၍

“ရှေးဟောင်းအုတ်ဂူတွေ ရှာဖွေရတာ ရဲဝန်ထမ်းတွေ အမှုအခင်းကို စစ်ဆေးသလိုပဲ။ ခိုင်မာတဲ့ သက်သေမရှိရင် လူသတ်သမားကို တွေ့နေရင်တောင် ဘာမှအရေးယူလို့မရဘူး။ ငါပြောတာ နားလည်လား”

ချင်ရှီရှီ ရုတ်တရက် နားလည်သွားပြီး

“ဆရာယောပြောချင်တာက ဝတ္ထုထဲက အကြောင်းအရာတွေနဲ့ တစ်ထပ်တည်းတူရုံနဲ့ လင်းချွမ်ကို သံသယဝင်လို့ မရဘူးပေါ့”

“အမှန်ပဲ”

ဆရာယော ခေါင်းငြိမ့်ပြ၏။ 

ထိုစကားကြားမှ ချင်ရှီရှီလည်း သက်ပြင်းချနိုင်တော့သည်။ 

အမှန်ပင် သက်သေမရှိသေးသရွေ့ လင်းချွမ်မှာ အပြစ်ကင်းစင်လေသည်။ 

သူ ယခုနေရာကို ရောက်ဖူးခြင်း၊ မရောက်ဖူးခြင်းမှာတော့ သူကိုယ်တိုင်သာ သိပေလိမ့်မည်။ 

ချင်ရှီရှီ လင်းချွမ်ကို မိတ်ဆွေအရင်းကဲ့သို့ သဘောထား ခင်မင်သောကြောင့် ထင်သလို မဖြစ်စေရန်သာ မျှော်လင့်မိ၏။ 

ဟူး…

“ရှီရှီက လင်းချွမ်ဝတ္ထုတွေအကြောင်း သိတယ်မလား”

ဆရာယော ထပ်မေးလာ၏။ 

ချင်ရှီရှီ ခေါင်းငြိမ့်ပြလိုက်သည်။ 

“လင်းချွမ်ရဲ့ ဝတ္ထုထဲမှာ ဒီအုတ်ဂူရဲ့ တခြားနေရာရော ပါသေးလား”

ဆရာယော အခန်းကို လက်ညှိုးထိုးပြ၍ မေး၏။ 

ချင်ရှီရှီ ခဏစဉ်းစား၍ အမှန်အတိုင်း ပြောလိုက်သည်။ 

“အမှန်တော့ နောက်တစ်နေရာ ရှိပါသေးတယ်။ လင်းချွမ်ဝတ္ထုထဲမှာ ဘုရင်လုရှန်ရဲ့ နေရာအစစ်ကို ပြောထားပါတယ်”

ဆရာယော ချက်ချင်း မျက်လုံးအရောင်လက်သွားကာ

“ရှီရှီ မင်းသာ အဲ့နေရာအစစ်ကို ရှာနိုင်ရင် သမိုင်းဝင် ရှာဖွေမှုရဲ့ အရေးပါတဲ့ပုဂ္ဂိုလ် ဖြစ်ပြီ”

ချင်ရှီရှီ ပြုံး၍ 

“ဆရာယောရယ် တကယ်လို့ နာမည်ခံရမယ်သာဆို လင်းချွမ်ကိုပဲ ပေးသင့်တာပေါ့”

ဆရာယော အားရပါးရ ရယ်မော၍

“မှန်လိုက်တာ။ လင်းချွမ်က အဖွဲ့နဲ့ မပူးပေါင်းလိုက်ပေမဲ့ တစ်လမ်းလုံး သူ့ညွှန်ကြားမှုအောက် ရောက်နေတာပဲ”

“ကျွန်မ နောက်တစ်နေရာ ခေါ်သွားပေးပါမယ်”

ချင်ရှီရှီမှ ပြော၏။ 

“ကောင်းပါပြီ”

ဆရာယော ကျေနပ်စွာဖြင့် ချက်ချင်း ထွက်ခွါလေသည်။ 

လင်းချွမ် ပြစ်မှု ကျူးလွန်ခြင်း၊ မကျူးလွန်ခြင်းကို သူတို့ ဝေဖန်ခွင့် မရှိပေ။ ထိုအရာကို ရဲဝန်ထမ်းများ စုံစမ်းလိမ့်မည်။ 

“ဆရာယော ကျွန်တော်တို့ အခု ဘယ်သွားမှာလဲ”

ပါမောက္ခချီမှ ဆရာယော လှုပ်ရှားလာသည်ကိုကြည့်ကာ မေးလိုက်၏။ 

ဆရာယောမှ ဝမ်းမြောက်စွာ လက်ညှိုးထိုးပြ၍

“ရှီရှီ့နောက်သာ လိုက်ပါ”

“ရှီရှီ့နောက်လား”

ပါမောက္ခချီ အံ့ဩသွား၏။ 

“ဟုတ်ပါတယ် ပါမောက္ခချီ။ အများကြီး မေးမနေပါနဲ့တော့။ ကျွန်တော်တို့လည်း ဖြေခွင့်မရှိဘူးဗျ”

ဆရာယော လင်းချွမ်အကြောင်း မရှင်းပြနိုင်သေးပေ။ 

သက်သေမရှိဘဲ စွပ်စွဲခြင်းမှာလည်း မဖြစ်သင့်ချေ။ 

ပါမောက္ခချီ ရှက်ရွံ့သလို ဖြစ်သွားသော်လည်း မတတ်သာဘဲ လိုက်ရ၏။ 

ချင်ရှီရှီနှင့် ဆရာယောတို့ ရှေ့မှ ဦးဆောင်သွားရင်း မှောင်မည်းသော လမ်းလေးကို ဖြတ်လာကြသည်။ 

အားလုံး ဓာတ်မီးငယ်များတော့ ယူလာသောကြောင့် ဘေးဘီကိုပါ ကောင်းစွာ မြင်နေရသည်။ 

သို့သော် ထင်ထားသည့်အခြေအနေ မဟုတ်၍ အခြားသူများ အံ့ဩနေမိ၏။ 

ဤသို့ဖြင့် (၅) မိနစ်ခန့် လျှောက်လာပြီးနောက် လမ်းအဆုံးသို့ ရောက်လာကြသည်။ 

ထိုအခါ အခန်းကြီးလည်း ရုတ်တရက် ပွင့်လာတော့သည်။ 

All Chapters