← Chapters

သိုက်တူးသမားလား

Vol. 16 Ch. 231

သိုက်တူးသမားလား

Vol. 16 Ch. 231

နွယ်ပင်များ နေရာအနှံ့ဖြစ်နေပြီး ကျောက်နံရံများအား ရစ်ပတ် ဖွဲ့နှောင်ထားသည်။ 

အရှေ့၌ ကျောက်တိုင်တစ်ခုရှိကာ ဖုန်များ၊ အညှိများ တက်၍ အင်းဆက်အချို့ တက်နေသည်ကိုလည်း တွေ့ရ၏။ 

ထိုအနောက်တွင် သစ်ပင်အိုကြီးတစ်ပင်ရှိကာ အကိုင်းအခက်များသည် ကျောက်နံရံပေါ်တက်၍ ထူးခြားသောပုံရိပ်ကဲ့သို့ ဖြစ်ပေါ်နေသည်။ 

“အဲ့တော့ တကယ်ရှိနေတာပဲ”

ချင်ရှီရှီ ခပ်တိုးတိုး ရေရွတ်လိုက်သော်လည်း ထိုနွယ်ပင်များနှင့် သစ်ပင်ကြီးသည် လင်းချွမ်ဝတ္ထုထဲကလောက်တော့ ကြောက်စရာ မကောင်းချေ။ 

“ဒီမှာ ယဇ်ပူဇော်တဲ့စားပွဲပဲ”

ပါမောက္ခချီ မျက်လုံးအရောင်လက်၍ ပြောလိုက်သည်။ 

အခြားသူများလည်း ထိုနေရာသို့ ဝိုင်းလာကြ၏။ 

“ရှီရှီ ဒီမှာ ယဇ်ပူဇော်တဲ့စားပွဲကလွဲပြီး ဘာမှ မရှိဘူးနော်။ အဓိက အုတ်ဂူက ဘယ်နားမှာ ဖြစ်မလဲ”

ဆရာယောမှ မေးလိုက်သည်။ 

ချင်ရှီရှီ ပတ်ဝန်းကျင်ကိုကြည့်၍ အတွေးတစ်ခု ပေါ်လာသည်။ 

ထို့နောက် ထိုစားပွဲနားသို့သွားကာ ကျောက်တိုင်အား ထိလိုက်၏။ 

“မိန်းကလေးချင်း ပစ္စည်းတွေကို အဲ့လို လက်လွတ်စပယ် မထိရဘူးလေ”

ပါမောက္ခချီမှ အမြန် ဝင်သတိပေးသည်။ 

ချင်ရှီရှီ ဆရာယောဘက် လှမ်းကြည့်သောအခါ ဆရာယောမှ

“ပါမောက္ခချီ ရှီရှီက ယုံကြည်ချက် ရှိပါတယ်”

ပါမောက္ခချီကတော့ အံ့ဩနေပြီး မယုံနိုင်သော်လည်း ဘေးဖယ်နေလိုက်၏။ 

ချင်ရှီရှီတစ်ယောက် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ပြီးနောက် ထိုကျောက်တိုင်အား အင်အားဖြင့် ဖိချလိုက်လေသည်။ 

အခြားသူများမှာတော့ သူ့လုပ်ရပ်ကို နားမလည်နိုင်စွာ ကြည့်နေကြ၏။ 

ကျောက်တိုင်မှာ ထင်သလောက် မမာကျောဘဲ ချင်ရှီရှီ အင်အားကို ခံနိုင်ရည်မရှိဖြစ်ကာ နစ်မြုပ်ဝင်သွားပြီး တစ်ဝက်သာ ကျန်ခဲ့သည်။ 

ထို့နောက် ချက်ချင်းပင် 

ဂျွတ် ဂျောက် ဂျိန်း—

ယန္တရားများ စတင်လှုပ်ရှားလာသကဲ့သို့ ပဲ့တင်သံများ ကြားရပြီး ကျောက်တိုင်မှသည် အနောက်မှ ထူးဆန်းသော သစ်ပင်အထိ ဆက်စပ်သွား၏။ 

အတိအကျဆိုရသော် အနောက်မှ ကျောက်နံရံအထိ ဖြစ်သည်။ 

ဝူး ဝေါ—

ယန္တရားများ ပွတ်တိုက်သံလို ကြောက်စရာအသံကြီးများ ဟိန်းထွက်လာ၏။ 

ဂျွတ်!

ထိုစဉ် ထူးဆန်းသောသစ်ပင်မှာ အင်အားကြီးအရှိန်ဖြင့် နှစ်ခြမ်းကွဲသွားလေသည်။ 

အားလုံး ထိုအခြေအနေကို စွံ့အ၍ ငေးကြည့်နေစဉ် ထိုပင်စည်ထဲမှ ရှေးဟောင်းကြေးအခေါင်းကြီး ထွက်လာတော့သည်။ 

ပတ်ပတ်လည်၌ သံကြိုးများ ရစ်ပတ်ထားပြီး ကျောက်နံရံ၊ သစ်ပင်တို့နှင့် တွဲစပ်ထား၏။ 

“ဒီမှာပဲ”

ဆရာယော စိတ်လှုပ်ရှားစွာဖြင့် မျက်လုံးအရောင်လက်လျက် ထအော်သည်။ 

ပါမောက္ခချီနှင့် အခြားသုတေသနပညာရှင်များလည်း အံ့ဩထိတ်လန့်ကာ ထိုကြေးအခေါင်းကြီးအား ငေးစိုက်ကြည့်နေကြ၏။ 

အခေါင်းမှာ ကနုတ်အလှများ ပြွတ်သိပ်လျက် ထွင်းထုထားသော စာသားအချို့သည်လည်း မထင်ရှားတော့ချေ။ 

နောက်ဆုံးတော့ ရှေးဟောင်းကြေးအခေါင်းကြီးကို တွေ့ရလေပြီ။ 

အဖွဲ့ (၉) မှ အဖွဲ့သားများလည်း ချက်ချင်း လူဖြန့်၍ လင်းရိ ယဉ်ကျေးမှုအဖွဲ့၊ ရဲအဖွဲ့တို့နှင့် ပူးပေါင်းကာ ထိုအခေါင်းအား အုတ်ဂူထဲမှထုတ်၍ တောင်တန်းများအား ဖြတ်သန်း ယူဆောင်သွားရန် ခေါင်းချင်းဆိုင် ဆွေးနွေးကြလေသည်။ 

ပိုအရေးကြီးသည်မှာတော့ ကြေးအခေါင်းသည် အလုံပိတ်ခံထားရပြီး ဖွင့်နည်းကို မသိနိုင် ဖြစ်နေကြ၏။ 

ချင်ရှီရှီလည်း အခြားသူများနည်းတူ အလုပ်ရှုပ်နေသည်။ 

(၃) ရက်ဆက်တိုက်လုံး သူတို့ အဖွဲ့ (၉) မှ လုဘုရင်နန်းတော်ကို ရှာဖွေလေ့လာရန် လုံးပန်းနေခဲ့ကြပြီး ယနေ့မှ ကြေးအခေါင်းကြီးကို လင်းရိ ယဉ်ကျေးမှုဌာနသို့ အောင်မြင်စွာ သယ်ဆောင်နိုင်ခဲ့လေ၏။ 

ထိုသို့ ကြီးကျယ်သော အဖြစ်အပျက်ကြောင့် လင်းရိမီဒီယာများလည်း အလွန်အံ့ဩတုန်လှုပ်ကုန်ကြသည်။ 

သို့သော် လုဘုရင်နန်းတော်၏ ဘဘာဝအခြေအနေနှင့် သိုက်တူးသမားများ၏ လူသတ်မှုဖြစ်စဉ် ရှိထား၍ မီဒီယာများမှာ အပြင်သို့ ဖြန့်ဝေခွင့် မရှိကြချေ။ 

ဇူလိုင်လ (၈) ရက်နေ့။ 

အဖွဲ့ (၉) ၏ အလုပ်နေရာမှာ ထိုက်ရိတောင်တန်း၊ လုဘုရင်နန်းတော် ခုနစ်စင်ကြယ်အုတ်ဂူမှသည် လင်းရိ ယဉ်ကျေးမှုဌာနနှင့် ရဲစခန်းဆီသို့ ပြောင်းရွှေ့သွား၏။ 

သိုက်တူးသမားများ အသတ်ခံရမှုမှာ အုတ်ဂူနှင့် ဆက်စပ်နေသောကြောင့် ဖြစ်လေသည်။ 

“ဆရာယော ကျွန်မတို့ အကြိမ်ကြိမ် စစ်ဆေးပြီးမှ ရှေးဟောင်း ကြေးအခေါင်းထဲမှာ ရှုပ်ထွေးများပြားတဲ့ ယန္တရားတွေပါနေတာ တွေ့လိုက်ရပါတယ်။ လက်ရှိ လုပ်နိုင်စွမ်းနဲ့တော့ ဖွင့်လို့မဖြစ်ဘူး။ အတင်းအကြပ် လုပ်ရင်းနဲ့ အခေါင်းတစ်ခုလုံး ပျက်စီးသွားနိုင်တယ်”

ချင်ရှီရှီမှာ အဖွဲ့ (၉) ယူနီဖောင်းလေး ဝတ်လျက် တင်ပြလာ၏။ 

ဆရာယော ခေါင်းငြိမ့်ပြကာ

“ဒါကိုဖွင့်ဖို့ ဘာတွေ လိုမလဲ”

“အခုအချိန်မှာတော့ ဘယ်လိုဖွင့်မရလဲကို မသိသေးတာပါ”

ချင်ရှီရှီ အမှန်အတိုင်း ပြောလိုက်သည်။ 

ဆရာယော လက်ထဲမှ ကိရိယာများအား စားပွဲပေါ် တင်လိုက်ပြီး သက်ပြင်းချ၍

“အခု စစ်ဆေးမှုတွေလည်း ပြီးသလောက်ပဲဆိုတော့ သိုက်တူးသမားတွေ လာပြီး ဖျက်ဆီးသွားတယ်လို့ ကောက်ချက်ချနိုင်တာပေါ့”

ချင်ရှီရှီ ခဏစဉ်းစား၍

“စာရင်းတွေအရ အုတ်ဂူထဲမှာ ပျောက်နေတာဆိုရင်တော့ ခရမ်းရွှေသေတ္တာပဲ”

ဆရာယော မျက်မှောင်ကြုတ်၍

“အဲ့တော့ သိုက်တူးသမားတွေ အဲ့ပစ္စည်းကြောင့် အချင်းချင်း တိုက်ခိုက်ကြတာပေါ့”

“အင်း… အဲ့လို ဖြစ်နိုင်နေပါတယ်”

ချင်ရှီရှီ ပြန်ဖြေလိုက်၏။ 

ဆရာယော ပြုံးလျက်

“အချိန်ကတော့ ကွက်တိပဲ။ ရဲတွေက ဒီအမှုနဲ့ ပတ်သက်ပြီး မေးမြန်းချင်နေတာ။ အခြေအနေကို ပြောထားလိုက်မယ်”

“ကောင်းပါပြီ”

ချင်ရှီရှီ ပြုံးပြလိုက်သည်။ 

“ဒါနဲ့ ငါ ဟိုဝတ္ထု အခုထိ မဖတ်ရသေးဘူးနော်။ သူသာ တကယ် သိုက်တူးသမားဖြစ်နေရင် လှပြီ”

ဆရာယော ရယ်မော၍ ပြောလိုက်၏။ 

ချင်ရှီရှီ နေရခက်စွာဖြင့်

“သူတော့ မဟုတ်ဘူးလို့ ထင်ပါတယ်။ ဒါပေမဲ့ ပြန်စဉ်းစားကြည့်တော့ အဖြစ်နိုင်ဆုံး ဖြစ်နေပြန်ရော”

“သူ ဟုတ်နေလည်း ဥပဒေအရ ရှင်းတာပေါ့။ မဟုတ်ရင် အဖွဲ့ကို ခေါ်ဖို့ လုပ်ရမယ်။ ဘာမှစိတ်မပူပါနဲ့ ရှီရှီရယ်”

All Chapters