ရောက်လာတာ ဝမ်းသာပါတယ် လင်းချွမ်
Vol. 16 Ch. 235
ညနေစောင်းချိန်၌။
နေလုံးကြီးသည် တဖြည်းဖြည်း အောက်ဘက်ထဲသို့ နိမ့်ဆင်းသွားကာ ကောင်းကင်ကို လိမ္မော်နီရောင် ဆေးများဖြင့် ရေးခြယ်ထားသည်။ ခပ်လှမ်းလှမ်းမှ တောင်တန်းများသည်လည်း စူးရှသော ရောင်ခြည်များကြောင့် ဝေဝါးနေ၏။
လမ်းတစ်လျှောက်မှ မီးအလင်းရောင်များလည်း တစ်ခုပြီးတစ်ခု ထွန်းလင်းလာပြီး လေပြည်ညင်းကြောင့် သစ်ပင်များ ယိမ်းနွဲ့ကခုန်နေသည်မှာ အသက်ဝင်လှသည်။
ရဲကားလေးသည် လင်းကျန်အိမ်ရာမှ ထွက်လာပြီးနောက် လမ်းအချို့ကို ဖြတ်သန်းကာ ရဲစခန်းဆီသို့ ရောက်လာတော့သည်။
လင်းကျန်အိမ်ရာမှာ ပျော်ရွှင်ခြင်းရပ်ကွက်ထက်ပင် အန်လင်းရဲစခန်းနှင့် ပိုနီးသေး၏။
သို့သော် ညနေပိုင်း ရုံးဆင်းချိန်နှင့် တိုက်သွား၍ ပုံမှန် (၁၀) မိနစ်ခန့် ကြာရမည့်ခရီးမှာ အချိန်များစွာ ပိုကြာခဲ့သည်။
ကားထဲ၌။
“ရဲမေရှန် ကျွန်တော့်အမှုက ဘယ်လိုလဲ”
ရဲကားနောက်ခန်းတွင် ထိုင်နေသော လင်းချွမ်မှ ကားပိတ်နေတုန်း လှမ်းမေး၏။
“လင်းချွမ် ရှင်က အခု သံသယရှိသူနော်။ ဒီလိုတွေ မေးသင့်လို့လား”
ရှန်ချန်းချန်း အနောက်လှည့်ကြည့်၍ ပြုံးကာ ပြောလိုက်သည်။
ဥပဒေအရ အမှုအသေးစိတ် အကြောင်းအရာများကို ဤနေရာမျိုး၌ မပြောသင့်သည်မှာ အမှန်ပင်။
လင်းချွမ် တစ်ချက် ရှုံ့သွားပြီး
“ရဲမေရှန် အခုမှ ကျွန်တော့်ကို စွန့်ပစ်လိုက်တော့မလို့လား”
ရှန်ချန်းချန်း လှပစွာ ပြုံး၍
“လင်းချွမ် ရှင့်အမှုက ထူးဆန်းတယ်။ ကျွန်မ ကြားသလောက်တော့ လင်းရိမှာ ဖြစ်တာတဲ့။ အဲ့တာ ဟိုဘက်က စုံစမ်းရေးပူးပေါင်းရအောင်လို့ (၂) ယောက် လွှတ်ပေးလိုက်သေးတယ်”
“အဲ့လောက် ကိစ္စကြီးတာလား”
လင်းချွမ် မျက်ခုံးပင့်မိကာ အလွန် အံ့ဩသွား၏။
ပုံမှန်အားဖြင့် အမှုသေးများတွင် အနီးအနား ရဲစခန်းများအား အကြောင်းကြား၍ စုံစမ်းမှု ကူညီခိုင်းလေ့ ရှိသော်လည်း ယခုမူ လူအင်အား အလွန်သုံးထားမှန်း သိသာသည်။
အဆက်အစပ် မလွတ်သွားစေလိုသည့် အမှုကြီးများ ကိုင်တွယ်ပုံနှင့် တူလေသည်။
“မဟုတ်လို့လား”
ရှန်ချန်းချန်း သူ့ကို စိုက်ကြည့်၍
“ရှင့်ကို ဘယ်သူက ပြဿနာ အဲ့လောက် ရှာခိုင်းလို့လဲ”
သူ လင်းချွမ်ကို အကြွင်းမဲ့ ယုံကြည်ပါသည်။
သို့သော် ချင်ရှီရှီမှ အခြေခံ အချက်အလက်များ၊ သက်သေများကို ပို့ထားပေးပြီးဖြစ်၍ လင်းချွမ်အတွက် စိုးရိမ်မိပြန်၏။
လင်းချွမ်သာ တစ်ခုခုဖြစ်ရင်…
ဒီလူကိုက အမြဲ စိုးရိမ်စရာ ဖြစ်နေတာပဲ။
“ရဲမေရှန် ကျွန်တော် စိတ်မကောင်းဖြစ်မိပါတယ်”
လင်းချွမ် ချက်ချင်း အပြစ်ကင်းစင်ကြောင်း ပြောလေသည်။
“တကယ် စိတ်မကောင်းတာဆို တော်ပါသေးတယ်”
ရှန်ချန်းချန်း ရယ်မောနေပြီးမှ ရုတ်တရက် ထမေး၏။
“လင်းချွမ် ရှင် အုတ်ဂူမှာ သိုက်တူးဖူးလား”
ဟင်…
လင်းချွမ် အံ့ဩသွားကာ
“လုံးဝပဲပေါ့။ ဒါပေမဲ့ ဟုတ်တယ်”
“ဟင်”
ယခုတစ်ခါတွင်တော့ ရှန်ချန်းချန်း အံ့ဩသွားကာ
“ဟုတ်တာလား။ မဟုတ်တာလား။ ဘာကို ဆိုလိုတာလဲ”
လင်းချွမ် ရယ်မော၍
“ကျွန်တော် သိုက်တူးတာတော့ တစ်ခါမှ မလုပ်ဖူးပေမဲ့ အတွေးတော့ ရှိတယ်လို့”
အမှန်အတိုင်းဆိုလျှင် သူ လက်တွေ့၌ မလုပ်ဖူးသော်လည်း ပုံရိပ်ယောင်လောကထဲ ကြုံဖူး၏။
“ရှင် မကျူးလွန်ဖူးဘူး ပြောတာကို မယုံနိုင်ပေမဲ့ ဟုတ်တယ်ပြောတာလည်း မယုံဘူး”
ရှန်ချန်းချန်းလည်း လှည့်ပတ်၍ စပြော၏။
“ချန်းချန်း ဘာကို ပြောချင်တာလဲ”
လင်းချွမ် နားမလည်တော့ပေ။
“ရှင်သာ တကယ် သိုက်တူးတာ မလုပ်ဖူးရင် သိုက်တူးမှတ်တမ်းများလို ဝတ္ထုထဲက လုဘုရင် နန်းတော်လိုနေရာကို ဘယ်လိုလုပ် လက်တွေ့ဆန်အောင် ရေးနိုင်မှာလဲ”
ရှန်ချန်းချန်းမှ ပြော၏။
“စိတ်ကူးယဉ်ကြည့်တာပေါ့”
လင်းချွမ် အမှန်အတိုင်း ပြောလေသည်။
“စိတ်ကူးလား…”
ရှန်ချန်းချန်း ခပ်တိုးတိုး ရေရွတ်၍
“ရှင့်စိတ်ကူးက လွန်လွန်းပါတယ်”
သူ တိုက်ရိုက်မပြောသေးသော်လည်း လင်းချွမ် နားလည်မည်ဟု သိနေ၏။
“ကျွန်တော် သိုက်တူးသမားမဟုတ်တာကို မယုံရင် ဟုတ်တာကိုရော ဘာလို့ မယုံတာလဲ”
ရှန်ချန်းချန်း ရယ်မော၍
“ရှင့်အရည်အချင်းနဲ့ အုတ်ဂူဖောက်ရင် ဝတ္ထုတောင် ရေးစားနေစရာ မလိုတော့ဘူးလေ”
“အာ…”
လင်းချွမ် မျက်နှာပျက်သွားပြီး ပြန်ပက်လေ၏။
“ဝတ္ထုရေးတာက အဲ့လောက် အခြေအနေ ဆိုးနေလို့လား”
“မဟုတ်ပါဘူး။ အဲ့လို မဟုတ်ဘူး။ အရည်အချင်း ရှိလို့ အုတ်ဂူတစ်ခု ဖောက်လိုက်ရင် ရှင် အေးဆေး ထိုင်စားနေလို့ ရပြီလေ”
ရှန်ချန်းချန်း ရယ်မောမိ၏။
“အဲ့လိုပဲ ဖြစ်ချင်ပါတယ်”
လင်းချွမ်လည်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“ဟမ်”
သူ့စကားကြောင့် ရှန်ချန်းချန်း ပြန်စိုက်ကြည့်နေ၏။
လင်းချွမ် ရယ်ကျဲကျဲဖြင့်
“ဒါပေမဲ့ ဥပဒေက ခွင့်မပြုဘူးလေ။ ကျွန်တော်က နိုင်ငံကြီးသားပါ”
“တော်သေးတာပေါ့”
ရှန်ချန်းချန်း ပြုံးသွားသည်။
ရဲကားလေးမှာ မီးပွိုင့်များစွာကို ဖြတ်ကျော်ပြီးနောက် နောက်ဆုံးတော့ အန်လင်းရဲစခန်းသို့ ရောက်ရှိလာတော့သည်။
လင်းချွမ်မှာ မီးခိုးရောင်တီရှပ်နှင့် ဂျင်းဘောင်းဘီပွပွကို ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားပြီး ပြုံးလျက်ရှိ၏။
ထို့နောက် ရဲကားပေါ်မှ ဆင်းလိုက်သည်နှင့် သံသယရှိသူတစ်ဦးကဲ့သို့ ကြောက်ရွံ့ထိတ်လန့်ခြင်း မရှိဘဲ တည်ငြိမ်အေးဆေးနေသည်မှာ ရင်းနှီးသည့်အိမ်သို့ လာသည်နှင့် တူ၏။
သူ့ ကိုယ်ပိုင်အိမ်၊ ကိုယ်ပိုင်အခန်းနှင့် ပိုတူလေသည်။
“လင်းချွမ် ရောက်လာတာ ဝမ်းသာပါတယ်”
လျှိုတာချန်းမှ ရဲစခန်းရှေ့ ထွက်စောင့်ရင်း နှုတ်ဆက်လိုက်၏။
လင်းချွမ် ကားပေါ်မှ ဆင်းလာသည်နှင့် သူ အပြေး လက်ဆွဲနှုတ်ဆက်ကာ တောက်ပစွာ ပြုံးနေသည်။
လင်းချွမ်လည်း ပြန်ပြုံးပြ၍
“အဖွဲ့မှူးလျှိုရယ် ပူးပေါင်းဆောင်ရွက်ပေးရမှာ ကျွန်တော့်တာဝန်ပဲလေ”
“လင်းချွမ် မိတ်ဆက်ပေးရဦးမယ်။ ဒါ အဖွဲ့မှူး ဟီကျီတဲ့။ လင်းရိရဲစခန်းက ပြစ်မှုစုံစမ်းရေးဌာနက လက်ထောက်ပေါ့”
လျှိုတာချန်းမှ ရဲဝန်ထမ်းတစ်ဦးကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
လင်းချွမ် ကားပေါ်မှဆင်းသည့်နှင့် မမြင်ဖူးသော မျက်နှာများ တွေ့လိုက်ရ၍ လင်းရိရဲစခန်းမှ ဖြစ်မည်ဟု ခန့်မှန်းထားပြီး ဖြစ်ပါသည်။
ထို့နောက် ဟီကျီအား လှမ်းကြည့်လိုက်၏။
ထိုလူမှာ အရပ် (၁၇၈) စင်တီခန့်ရှိပြီး ယူနီဖောင်း ဝတ်ဆင်ထားကာ မျက်နှာလေးထောင့်ဖြင့် ဆံပင်တိုတို၊ မျက်လုံးချွန်ချွန်နှင့် ထူထဲသော မျက်ခုံးတို့ ရှိ၏။
ဟီကျီ လင်းချွမ်တို့ရှေ့တွင် ရပ်နေရင်း တစ်မျိုး ခံစားမိလေသည်။
သူ့ကို သိုက်တူးခြင်းနှင့် လူသတ်မှုတို့အတွက် အန်လင်းရဲစခန်းသို့ ပူးပေါင်းရန် စေလွှတ်ခြင်း ခံခဲ့ရသည်ဟု ထင်ထားသော်လည်း အန်လင်း ရဲဝန်ထမ်းများမှာ သံသယရှိသူအား ပြုံးရွှင်၍ လက်ဆွဲနှုတ်ဆက်ကာ မိတ်ဆွေဟောင်းကဲ့သို့ ဆက်ဆံနေလေသည်။
သူ နားမလည်နိုင် ဖြစ်လာ၏။
ထို့နောက် သူ ခဏစဉ်းစား၍ မနေနိုင်တော့ဘဲ လျှိုတာချန်းဘက်လှည့်၍
“ဆရာလျှို အန်လင်းရဲစခန်းက သံသယရှိသူတွေကို ဆက်ဆံတာ ဒီပုံစံက ပုံမှန်ပဲလား”