← Chapters

စိတ်ကူးယဉ်ထားတာ သေချာလား

Vol. 16 Ch. 236

စိတ်ကူးယဉ်ထားတာ သေချာလား

Vol. 16 Ch. 236

“သံသယရှိသူတွေကိုတော့ ကျွန်တော်တို့ တင်းတင်းကြပ်ကြပ် မှန်မှန်ကန်ကန် ဆက်ဆံတာပေါ့”

လျှိုတာချန်းမှ ဆို၏။ 

“အဲ့တာဆို အခု သံသယရှိသူကရော…”

ဟီကျီ တွေဝေစွာ ပြောလိုက်သည်။ 

လျှိုတာချန်း ရယ်မော၍

“အဖွဲ့မှူးဟီရယ် လင်းချွမ်က သံသယရှိသူမှ မဟုတ်တော့တာ။ ကျွန်တော်တို့စခန်းအတွက် အကျိုးပြုထားတာတွေ အများကြီးပဲ”

သူတို့ ထိုအကြောင်းများ ထုတ်ပြောရမည်မှာ ရှက်စရာတော့ ကောင်းပါသည်။ 

သို့သော် မဖုံးကွယ်ထားတော့ပေ။ 

ဟီကျီ လင်းချွမ်အား မသင်္ကာစွာကြည့်ရင်း သတိထားမိလာ၏။ 

ရဲစခန်းထဲ လာထိုင်နေသော ထိုသူမှာ စိတ်အေးလက်အေး ဖြစ်နေပြီး အနည်းငယ်မျှ စိတ်လှုပ်ရှားနေပုံ မပေါ်ချေ။ 

သူ့အတွက် သက်တောင့်သက်သာပုံစံပင်။ 

“တခြားကိစ္စမရှိတော့ရင် ကျွန်တော် စပြီး စစ်ဆေးလိုက်တော့မယ်”

ဟီကျီ စိတ်ရှုပ်ထွေးစွာ ပြောလိုက်၏။ 

သူ အချိန်ဆွဲမနေချင်တော့ပေ။ လူသတ်တရားခံ သိုက်တူးသမား ခေါင်းဆောင်ကို အချိန်တိုအတွင်း အမြန်ရှာတွေ့ရန်သာ မျှော်လင့်ပါသည်။ 

အခြေအနေများမှာ သိသာထင်ရှားစွာဖြင့် လင်းချွမ်အား ညွှန်ပြနေသည်။ 

“ရှန် ဒီစစ်ဆေးမှုမှာ အဖွဲ့မှူးဟီနဲ့ ပူးပေါင်းပေးလိုက်ပါ”

လျှိုတာချန်းမှ ညွှန်ကြားလိုက်၏။ 

“ဟုတ်ကဲ့ပါ”

ရှန်ချန်းချန်း ချက်ချင်း ခေါင်းငြိမ့်ပြလိုက်သည်။ 

လင်းချွမ် မိတ်ဆွေဟောင်းများ အခက်မတွေ့စေရန် ခပ်အေးအေးသာ ရင်ဆိုင်ရန် ပြင်ဆင်နေ၏။ 

ထို့နောက် စစ်ဆေးရေးအခန်းထဲ ကိုယ်တိုင် ဝင်သွားကာ ရင်းနှီးနေသော ထိုင်ခုံလေးတွင် ထိုင်လိုက်သည်။ 

စစ်ဆေးရေးခန်းထဲမှ အခြေအနေမှာ အရင်အတိုင်းပင် ဖြစ်၏။ 

အေးစက်စက်နံရံများ။ 

မှိန်ပျပျ မီးအလင်းရောင်။ 

ဖိအားများ၍ အသက်ရှူကြပ်ချင်စရာ ပတ်ဝန်းကျင်။ 

ကံကောင်းစွာဖြင့် လင်းချွမ်မှာ ထိုနေရာနှင့် ရင်းနှီး ကျွမ်းဝင်ပြီး ဖြစ်ပါသည်။ 

“လင်းချွမ် ရေလေး အရင်သောက်လိုက်ပါဦး”

ရှန်ချန်းချန်း အခန်းထဲ ဝင်လာရင်း ရေနွေးတစ်ခွက် ယူလာကာ လင်းချွမ်ရှေ့မှ စားပွဲပေါ် ချပေးလိုက်သည်။ 

“ကျေးဇူးပါ”

လင်းချွမ် ပြန်ပြောရင်း စိတ်ထဲ၌ တွေးလိုက်မိသည်။ 

သူ အန်လင်းရဲစခန်းသို့ မရောက်တာကြာသည့် အချိန်အတွင်း ဤကဲ့သို့ ဝန်ဆောင်မှုပင် ရနေလေပြီ။ 

တိုးတက်လာတာပဲ။ 

ဟီကျီတစ်ယောက် သူ့ရေနွေးခွက်ကို ကိုင်ထားရင်း ရှန်ချန်းချန်းမှ လင်းချွမ်အတွက် ရေနွေး ယူလာပေးသည်ကိုကြည့်ကာ တစ်ချက် ရှုံ့မဲ့သွား၏။ 

အန်လင်းရဲစခန်းရဲ့ စစ်ဆေးရေးနည်းနဲ့ သံသယရှိသူကို ဆက်ဆံပုံတွေက စကားတစ်ခွန်းတည်းနဲ့ ပြောရရင်…

ထူးဆန်းတယ်။ 

သို့သော် လင်းချွမ်နှင့် အန်လင်းရဲစခန်းတို့၏ ရင်းနှီးသော အဆက်အသွယ်ကြောင့် အမှုကို ဖုံးပေးလိုက်သည်များ မဟုတ်လျှင် အဆင်ပြေပါသေးသည်။ 

ဟီကျီသည် သက်သေများ မြန်မြန်ရှာ၍ တရားခံကို ဖမ်းချင်လှလေပြီ။ 

ဤစစ်ဆေးမှုတွင်… 

ဟီကျီမှာ အဓိက စစ်ဆေးဆောင်ရွက်သူ ဖြစ်ပြီး ရှန်ချန်းချန်းသည် လက်ထောက်ဖြစ်၏။ နောက်ထပ် အခြားရဲဝန်ထမ်းမှာတော့ မှတ်တမ်းတင်ခြင်းကို တာဝန်ယူထားသည်။ 

အခြေခံ အချက်အလက်များဖြစ်သော အမည်၊ လိင်၊ မှတ်ပုံတင်တို့ကိုတော့ ခပ်မြန်မြန် မှတ်ထားလိုက်၏။ 

“လင်းချွမ် ခင်ဗျားရဲ့ အလုပ်အကိုင်က ဘာလဲ”

ဟီကျီမှ မေးသည်။ 

“အွန်လိုင်း စာရေးဆရာပါ”

လင်းချွမ် အမှန်အတိုင်း ပြန်ဖြေသည်။ 

ဟီကျီ သူ့လက်ထဲမှ အချက်အလက်များကို ပြန်ကြည့်၍

“လင်းချွမ် ဒီထဲမှာတော့ ခင်ဗျားက အန်လင်းမြို့က ဟန်ခေတ်အုတ်ဂူ တူးဖော်ရှာဖွေရေးမှာ ဦးဆောင် ပါဝင်ခဲ့တယ်လို့ ဆိုတယ်။ အဲ့တာ အမှန်ပဲလား”

“ဟုတ်ပါတယ်”

လင်းချွမ် ခေါင်းငြိမ့်ပြ၏။ 

“အန်လင်းမြို့ ဟန်ခေတ်အုတ်ဂူ တူးဖော်ရေးမှာ သိုက်တူးသမားတွေသုံးတဲ့ ‘နဂါးခေါင်းနေရာကြည့်ခြင်း၊ မြေသင်းနံ့ရှူခြင်းနဲ့ လက်ချောင်းနည်းတွေကို သုံးခဲ့တာရော မှန်လား”

လင်းချွမ် ခေါင်းငြိမ့်ပြပြန်သည်။ 

“မှန်ပါတယ်”

“သိုက်တူးသမားတွေရဲ့ နည်းလမ်းကို ဘယ်ကသင်ခဲ့တာလဲ။ ဆရာရှိတာလား။ သင်တန်းကျောင်း ရှိတာလား”

“အဖွဲ့မှူးဟီ ကျွန်တော် ကိုယ်တိုင် တတ်တာပါ။ ဆရာလည်း မရှိပါဘူး”

လင်းချွမ် ယုံကြည်ချက်အပြည့်ဖြင့် ပြော၏။ 

သူ့စိတ်ထဲတွင် အဖွဲ့မှူးဟီမှ သေချာပြင်ဆင်လာပြီး လင်းချွမ်တစ်ယောက် သိုက်တူးသမားများနှင့် ဆက်စပ်မှုကို ဖြေရှင်းနိုင်မည်ဟု ထင်ထားသည်။ 

သို့သော် အမှန်တကယ်ပင် ဆရာရော၊ သင်တန်းကျောင်းရော မရှိခဲ့ပါ။ 

တစ်ခုခု သေချာပေါက် ပြောရလျှင် ပုံရိပ်ယောင်လောကသာ ရှိသည်။ 

“ကိုယ်တိုင် တတ်တာလား”

ဟီကျီ မျက်မှောင်ကြုတ်၍ အမူအရာ ပျက်သွား၏။ 

ဒီရက်ပိုင်းတွင် ထိုအမှုအား စစ်ဆေးရန် အသည်းအသန် ကြိုးစားခဲ့ပါသည်။ 

ထို့ကြောင့် သိုက်တူးနည်းလမ်းများသည် မျိုးရိုးစဉ်ဆက်နှင့် သင်တန်းရှိမှ တတ်မြောက်နိုင်၏။ 

သိုက်တူးမိသားစုအတွင်း အဖေမှသား၊ သားမှမြေး စသဖြင့် လက်ဆင့်ကမ်းခြင်းမှာ အဖြစ်နိုင်ဆုံးပင်။ 

ကိုယ်တိုင်တတ်သည်ဟူ၍တော့ တစ်ခါမှ မကြားဖူးချေ။ 

“ဟုတ်ပါတယ်။ ကိုယ်တိုင် တတ်တာပါ”

လင်းချွမ် တည်ငြိမ်စွာ ဖြေ၏။ 

ထိုအချိန်တွင် လက်ထောက် စစ်ဆေးသူ ရှန်ချန်းချန်းမှဝင်၍

“အဖွဲ့မှူးဟီ ကျွန်မတို့ လင်းချွမ်ရဲ့ မျိုးရိုးနောက်ခံကို ရှာထားပြီးသားပါ။ သူ့မိဘတွေကလည်း ဥပဒေအတိုင်း ရိုးရိုးသားသား နေထိုင်ကြပြီး သိုက်တူးတာနဲ့ ပတ်သက်ဖူးတာ မရှိပါဘူး”

ဟီကျီ အံ့ဩနေမိသော်လည်း ခေါင်းငြိမ့်ပြလိုက်၏။ 

သူ့မေးမြန်းမှုမှာ အကျိုးမရှိတော့၍ အခြားနည်းလမ်း ပြောင်းလိုက်သည်။ 

ထို့နောက် အချက်အလက်ဖိုင်မှ နောက်စာရွက်ကို လှန်၍

“လင်းချွမ် ဇူလိုင်လ (၁) ရက်နေ့မှာ သိုက်တူးမှတ်တမ်းများ ဆိုတဲ့ ဝတ္ထုကို ရွက်လွှင့်ခြင်း ဝက်ဘ်ဆိုဒ်ကနေ မစ္စတာလင်းကလောင်နာမည်နဲ့ ထုတ်ခဲ့တယ်နော်”

“ဟုတ်ပါတယ်”

လင်းချွမ် ထောက်ခံလိုက်သည်။ 

“ဒီဝတ္ထုရဲ့ အတွဲ (၁) မှာ ခုနစ်စင်ကြယ် လုဘုရင် နန်းတော်အကြောင်း ရေးတာက လက်တွေ့မှာ ရှိတာကို မှီငြမ်းခဲ့တာလား”

ဟီကျီ လင်းချွမ် မျက်လုံးများအား စူးစိုက်ကြည့်ရင်း ဖိအားပေးသလို မေး၏။ 

စစ်ဆေးရေးအခန်းထဲ ဝင်လာပြီးတည်းက လင်းချွမ်မှာ လုံးဝတည်ငြိမ်နေပြီး အနည်းငယ်မျှ တုန်လှုပ်မှုကို မတွေ့ရချေ။ 

လင်းရိရဲစခန်း၌ သူတွေ့ကြုံခဲ့သော အမှုများတွင်တော့ အခန်းထဲထည့်၍ ဤသို့ စစ်ဆေးနေလျှင် အလွန်ကြောက်လန့်ပြီး ချက်ချင်း ဝန်ခံကြလေသည်။ 

လင်းချွမ် ခေါင်းယမ်း၍

“ကျွန်တော်ရေးခဲ့တဲ့ ခုနစ်စင်ကြယ် လုဘုရင်နန်းတော်က လုံးဝ စိတ်ကူးယဉ်သက်သက်ပါ”

“စိတ်ကူးယဉ်ထားတယ်ဆိုတာ သေချာလား”

ဟီကျီ၏ အကြည့်များမှာ စူးရှလွန်း၏။ 

“သေချာပါတယ်ဗျ”

လင်းချွမ် အခိုင်အမာ ဆိုလေသည်။ 

ထိုအချိန်တွင် ဟီကျီတစ်ယောက် လင်းချွမ်အမှားကို ရှာတွေ့သွားသလိုဖြင့် ရုတ်တရက် ပြုံးသွားပြီး သူ့အနား လျှောက်သွားကာ ဓာတ်ပုံအချို့ ထုတ်ပြလိုက်၏။ 

“ဒီဓာတ်ပုံတွေကို သိလား”

လင်းချွမ် ဓာတ်ပုံများ ယူကြည့်လိုက်ရာ တစ်ခုသည် ချိုင့်နှင့် ရေတံခွန်၊ ကျောက်တုံးရေကန်တို့ ဖြစ်၏။ 

ဘေးတွင် မိုးကြိုးသင့်သစ်ပင်ကြီးလည်း ရှိသည်။ 

“ဟင်”

လင်းချွမ် မျက်မှောင်ကြုတ်သွားမိ၏။ 

ဟီကျီ ထိုအမူအရာကို သေချာမှတ်ထားပြီး ချက်ချင်း အခွင့်ကောင်းယူကာ

“လင်းချွမ် တခြားပုံတွေရော ဆက်ကြည့်ပါဦး”

ထို့နောက် တောင်တန်း၏ အပေါ်စီးမှပုံကိုတွေ့ရပြီး ပတ်လည်တွင် စမ်းချောင်းများမှာ မြွေကဲ့သို့ ကွေ့ပတ် ဝန်းရံထားလေသည်။ 

All Chapters