အထင်လွဲမိသွားပါတယ်
Vol. 16 Ch. 239
“ရဲမေရှန် ဘာကိုဆိုလိုချင်တာလဲ”
ဟီကျီ အမူအရာပြောင်းကာ နားမလည်နိုင်သလို မေး၏။
ခဏစဉ်းစားပြီးနောက် ရှန်ချန်းချန်းမှ စကားလုံးစီကာ
“လင်းချွမ်က သေမှုသေခင်းတွေနဲ့ ပတ်သက်ပြီး ကျွမ်းကျင်အရည်အချင်းရှိတယ်။ သူ့ရဲ့ အဲ့ဒီ ‘ကျွမ်းကျင်လှသော လုပ်ကြံသူ’ ဝတ္ထုကို ဖတ်ကြည့်ရင် လုံးဝ နားလည်သွားလိမ့်မယ်”
အကြောင်းအရင်းမှာ ထိုသို့ ဖြစ်လေသည်။
ရှန်ချန်းချန်းမှာ လင်းချွမ်အကြောင်း ကောင်းကောင်း သိနေ၏။
ထို့အပြင် လူသတ်မှု ကိုင်တွယ်နိုင်သော သူ့အရည်အချင်းများအထိ အပြည့်အဝ နားလည်လေသည်။
အဖွဲ့မှူးဟီပြသသော ဓာတ်ပုံများအရလည်း အလောင်းများ၏ တုံ့ပြန်ပုံနှင့် ဒဏ်ရာများမှာ သဘာဝကျပြီး အတုအယောင်နှင့် မတူချေ။
ထို့ကြောင့် အမှုမှာ ရိုးရှင်းပါသည်။
ပုံမှန် လူသတ်မှု ဖြစ်လေ၏။
လင်းချွမ်သာ ကျူးလွန်သူ ဖြစ်လျှင် ထိုအလောင်းများ မဆိုထားနှင့်။ အခင်းနေရာမှာပင် ဘာမှမဖြစ်ခဲ့သလို ရှိနေလိမ့်မည်။
ထို့ကြောင့်လည်း သူ့ကို ကျွမ်းကျင်အဆင့်ဟု ခေါ်ခြင်းပင်။
နစ်နာသူများအား တိုက်ရိုက်ချထားကာ ရှုပ်ထွေးသော အခြေအနေသည် သံသယများ ပိုမို မြင့်တက်စေလေသည်။
ဟူး…
ဟီကျီ သက်ပြင်းချ၍ မျက်မှောင်ကြုတ်ကာ
“ရဲမေရှန် ပြောချင်တာက လင်းချွမ်မှာ သိုက်တူးခြင်း အရည်အချင်းတင်မကဘူး။ လူသတ်နိုင်တဲ့ အရည်အချင်းပါ ရှိနေတယ်ပေါ့”
“အဖွဲ့မှူးဟီ ဒါက အတွေ့အကြုံကြောင့် မဟုတ်ပါဘူး။ နည်းစနစ်ကြောင့်ပါ”
ရှန်ချန်းချန်း ချက်ချင်း လင်းချွမ်ဘက်မှ ခုခံပေးလိုက်၏။
အတွေ့အကြုံဟုဆိုလျှင် အထင်လွဲစရာ ဖြစ်နေဦးမည်။
လင်းရိရဲများမှ လင်းချွမ်ကို စွဲချက်တင်ချင်နေသော်လည်း အန်လင်းဘက်မှ လက်မခံနိုင်ပေ။
ဟန်မြစ်အပိုင်းစခန်းမှ အကြီးအကဲကျုံကိုယ်တိုင် ဝင်ဖြေရှင်းရသည့်အဖြစ်သို့ ရောက်သွားနိုင်လေသည်။
ဝူး…
ဟီကျီ သက်ပြင်းချ၍ ရှန်ချန်းချန်းအား ကြည့်ရင်း လင်းချွမ်နှင့် လျှိုတာချန်းတို့ လက်ဆွဲနှုတ်ဆက်နေကြသည့် အခြေအနေကို ပြန်မြင်ယောင်လာ၏။
အန်လင်းရဲစခန်း၏ အခြေအနေကိုလည်း နားလည်သလို ရှိလာသည်။
လင်းချွမ်တစ်ယောက် တည်တည်ငြိမ်ငြိမ်ဖြင့် ပူးပေါင်းနေနိုင်သည်မှာ မဆန်းချေ။
“ကျွန်တော် လင်းချွမ်ရဲ့ မှတ်တမ်းကို ကြည့်ချင်တယ်”
ဟီကျီ ခဏစဉ်းစားပြီးနောက် ပြောလိုက်၏။
ရှန်ချန်းချန်း ခေါင်းယမ်းကာ
“အဖွဲ့မှူးဟီ ကျွန်မမှာ လင်းချွမ်မှတ်တမ်းတွေ ပြပိုင်ခွင့်မျိုး မရှိပါဘူး”
ဟင်…
ဟီကျီ အံ့ဩစွာဖြင့် ပြန်မေးလိုက်သည်။
“ရဲမေရှန် ပြောပုံအရ သူက တကယ် အရည်အချင်း ရှိပေမဲ့ သူ့အချက်အလက်တွေကိုတော့ မှတ်တမ်းမတင်ရသေးဘူး အဲ့လိုလား”
သူ ရှန်ချန်းချန်းစကားကို ထိုသို့ နားလည်လိုက်ပြီး ရင်ထဲ၌ ပို၍ ရှုပ်ထွေးလာ၏။
“အားနာပေမဲ့ ကျွန်မမှာ ဖြေပိုင်ခွင့်လည်း မရှိပါဘူး။ ဒါပေမဲ့ စစ်ဆေးရေးကာလအတွင်း လင်းချွမ်ဘက်ကနေ သံသယရှိတာတွေကို ဖြေရှင်းတာမျိုးတော့ လုပ်ပေးနိုင်တယ်။ လင်းချွမ်က ချီလူနယ်၊ လင်းရိမြို့ကို တစ်ခါမှ မရောက်ဖူးဘူး။ အထူးသဖြင့် ဒီနှစ်ထဲမှာပေါ့”
ရှန်ချန်းချန်း ဖြေပေးလိုက်သည်။
“ဝတ္ထုကရော”
ဟီကျီ မျက်မှောင်ကြုတ်ကာ ထပ်မေး၏။
ရှန်ချန်းချန်း ခဏစဉ်းစား၍
“ဝတ္ထုနဲ့ လက်တွေ့ တိုက်ဆိုင်တာတော့ ကျွန်မလည်း အတိအကျ မရှင်းပြတတ်ဘူး။ လင်းချွမ်က အဲ့အုတ်ဂူဖော်တဲ့အကြောင်း နမူနာကို အွန်လိုင်းကနေ တွေ့ပြီး အတုယူရေးတာလည်း ဖြစ်မှာပေါ့”
ထိုအချက်မှာ ရှန်ချန်းချန်း၏ ကိုယ်ပိုင်အတွေး ဖြစ်ရုံသာမက လျှိုတာချန်းတို့လည်း ထိုသို့ပင် ထင်ပါသည်။
ကျန်းပြောင်လည်း အတူတူပင်။
သူတို့ လင်းချွမ်အား ကာကွယ်ပေးနေခြင်း မဟုတ်သော်လည်း စစ်ဆေးနေစဉ်အတွင်း လင်းချွမ်၏ (၂) နှစ်တာ ခရီးသွားမှတ်တမ်းကို ကြည့်ရှုပြီး ဖြစ်ပါသည်။
မိသားစုနောက်ခံ၌လည်း သိုက်တူးသမားမျိုးရိုး မရှိချေ။
“ဒါဆို ကျွန်တော်လာတာ အလကား ဖြစ်သွားပြီပဲ”
ဟီကျီ သက်ပြင်းချမိ၏။
ရှန်ချန်းချန်း ပြုံးလျက်
“အဖွဲ့မှူးဟီ တခြားအကျိုးအမြတ်တော့ ရလိုက်မှာပါ”
“ဘာကိုလဲ”
ဟီကျီ အံ့ဩစွာ ကြည့်နေ၏။
“အမှန်တော့ အဖွဲ့မှူးဟီ အမှုဖြေရှင်းရင်း အဓိကပုဂ္ဂိုလ်ကို ရလိုက်တယ်လေ”
“ဘာကို ဆိုလိုတာလဲ”
“ဘယ်လို ထင်လို့လဲ”
ရှန်ချန်းချန်း စစ်ဆေးရေးအခန်းသို့ မေးငေ့ါပြ၏။
ဟီကျီ မှင်တက်လျက်
“လင်းချွမ်က ဒီအမှုအတွက် ကူညီပေးနိုင်တယ်လို့ ပြောချင်တာလား ရဲမေရှန်”
ရှန်ချန်းချန်း ခေါင်းငြိမ့်ပြလိုက်၏။
စစ်ဆေးရေးအခန်း အပြင်ဘက်တွင်တော့ အလင်းရောင်မှာ တောက်ပနေပြီး လေညင်းလေးများ ပြတင်းပေါက်မှတစ်ဆင့် တိုက်ခတ်နေသည်။
ဟီကျီ မေးစေ့ကိုပွတ်ရင်း အချိန်ခဏ စဉ်းစားနေလေ၏။
“အဖွဲ့မှူးဟီ ခုနစ်စင်ကြယ် လုဘုရင်နန်းတော်မှာက သိုက်တူးမှုရော လူသတ်မှုပါ ပါနေတာနော်။ တရားခံကလည်း တစ်ယောက်တည်း ဖြစ်နိုင်တယ်။ အဲ့တော့ ဖြေရှင်းပေးဖို့ကို လင်းချွမ်ကလွဲပြီး တခြားလူတော့ မစဉ်းစားမိဘူး”
ဟီကျီ လင်းချွမ်အကြောင်း နားမလည်နိုင်သေး၍ တွေဝေစွာဖြင့်
“ရဲမေရှန် လင်းရိရဲစခန်းက ကိုယ်စားလှယ်အနေနဲ့ ကျေးဇူးတင်ပါတယ်”
“ကျေးဇူးတင်စရာ မလိုပါဘူးရှင်”
ရှန်ချန်းချန်းပြုံးကာ
“အရင်က လင်းချွမ် ဒီလိုအမှုဖြေရှင်းတဲ့အခါ ကူညီပေးနေကျလေ။ သူက ပြစ်မှုတွေအကြောင်း အတွေ့အကြုံနဲ့ ဗဟုသုတရှိတယ်”
ယခုတစ်ခါတော့ ရှန်ချန်းချန်း အတွေ့အကြုံဟု ထည့်ပြောလိုက်၏။
“သူ့ကို ဝိုင်းဂရုစိုက်နေတာ ဒီလိုကြောင့်ကိုး”
ဟီကျီ နားလည်စပြုလာသည်။
သို့သော် အမှန်တရားတစ်ခုခုတော့ ရှိရမည်။
သူ စိတ်ဝင်စားသွားပြီး လင်းချွမ်အား အကူအညီတောင်းရန် တွေးလိုက်သည်။
“ကျေးဇူးပါပဲ ရဲမေရှန်ရယ်”
ရှန်ချန်းချန်း ပြန်ပြုံးပြလိုက်၏။
ရဲစခန်း၏ညအချိန်မှာ လူသူမဲ့ကျွန်းကဲ့သို့ ဝမ်းနည်း အထီးကျန်စရာကောင်းလေသည်။
လရောင်သည် ပြတင်းပေါက်မှဖြတ်ကာ နံရံများဆီ ကျရောက်နေပြီး လေနုအေးကြောင့် ရှန်ချန်းချန်း ဆံနွယ်လေးများ လွင့်ပျံနေ၏။
သူ ဆံပင်များ နားအနောက်သို့ သပ်လိုက်ပြီး စစ်ဆေးရေးအခန်းထဲ ဝင်သွားပြီး ဟီကျီလည်း ပါလာသည်။
“လင်းချွမ် ကျွန်တော် အထင်လွဲမိသွားပါတယ်”
ဟီကျီမှ သူ့အနားရောက်လာပြီး လက်ဆွဲနှုတ်ဆက်ကာ အားနာသလို ဖြစ်နေသည်။
“အဖွဲ့မှူးဟီ ဘာကိုပြောတာလဲ”
လင်းချွမ် ထိုရုတ်တရက် အပြုအမူကြောင့် အံ့ဩနေမိ၏။
ဟီကျီမှာမူ အားတုံ့အားနာ ပြုံးပြလေသည်။