← Chapters

Chapter 38

Vol. 4 Ch. 38

Chapter 38

Vol. 4 Ch. 38

ချင်းရို့ မျက်ရည်အပြည့်ဖြင့် နံနက်စာကို တိတ်တိတ်လေး စားနေရသည်။ ဝက်အူချောင်းတွေကို ကြည့်ရင်း သူမနှလုံးသားမှာ နာကျင်နေရလျက်။

ဒါ... ဒါ... တကယ့်ကိုပဲ ဝက်အူချောင်းပေါင်းကြီးဟ! ထမင်းပေါ်မှာ ပေါင်းထားခဲ့ရင်တောင် ကောင်းဦးမှာကို။ ဝက်အူချောင်းရဲ့ အဆီနဲ့ အနံ့တွေက ထမင်းထဲမှာ ပျော်ဝင်သွားမှာလေ။

အခုတော့... အလကားပဲ!

လူယုတ်မာကြီး!

ချင်းရို့ လုယန်ကို ကြည့်ကာ အေးစက်စက်မေးလိုက်၏။

“ရှင် နေ့လည်စာ ဘာစားချင်လဲ?”

သူမအတွက်မူ ဒီမေးခွန်း မေးကိုမေးရမည့်အချိန်ပါပဲ။

လုယန်: “ဖက်ထုပ်လုပ်ကြတာပေါ့”

သူ ငယ်ငယ်ကတည်းက ဖက်ထုပ်စားရတာကို နှစ်သက်၍ ဒီနေ့လည်း အချိန်ရတော့ ဖက်ထုပ်လုပ်ရမှာပေါ့။

ချင်းရို့: “ကျွန်မ ဖက်ထုပ်မလုပ်တတ်ဘူး!!”

ချင်းရို့အနေဖြင့် ဖက်ထုပ်ကို လုပ်စားခဲပေသည်။ များသောအားဖြင့် ဖက်ထုပ်ပေါင်းစားချင်ပါက မနက်စောစော မနက်စာဆိုင်မှာ သွားဝယ်စားလိုက်သည်ပင်။

ဘယ်သူကများ သူတို့ဘာသာ ဖက်ထုပ်လုပ်စားလို့လဲ? ကျောင်းနှင့်အလုပ်အဖွဲ့အစည်းများက အဖွဲ့လိုက်လှုပ်ရှားမှုများတွင် ပါဝင်လုပ်ဆောင်မှသာ သူတို့က ဖက်ထုပ်အရွက်များ ဝယ်ကာ အိမ်လုပ်အဆာပလာများနှင့် သက်တောင့်သက်သာရှိစွာ ဖက်ထုပ်ထုပ်ကြခြင်းပင်။

ဖက်ထုပ်လုပ်ချင်ပါက အစာလုပ်သည်မှာ လွယ်ကူပေမယ့် ဖက်ရွက်ကို ဘယ်လိုလုပ်ရမလဲနော်?

ဤခေတ်အခါကြီးမှာ ဘယ်သူမှ ဖက်ရွက်မရောင်းဘူးလေ။

လုယန် အံ့အားသင့်သွားရလျက် - “ဖက်ထုပ်မလုပ်နိုင်တဲ့သူတွေရှိသေးတာလား?”

ချင်းရို့: “…”

ဖက်ထုပ်ဘယ်လိုလုပ်ရသလဲဆိုတာ သိတာက အရမ်းကြီး အံ့သြစရာကောင်းလို့လားဟယ်?

ချင်းရို့ မီးဖိုချောင်ထဲက ဒလိမ့်တုံးယူပြီး သူ့ကို ထုပစ်ချင်နေပါပြီနော်!

သူမလက်ထဲက ဒလိမ့်တုံးကို ငုံ့ကြည့်ရင်း ဒီဒလိမ့်တုံးကို ဘယ်တုန်းက ဝယ်ခဲ့တာတုန်းဟ?

လုယန် သူမဆီက အရိုက်မခံရခင် ထွက်လာခဲ့ကာ သူတို့အိမ်အသစ် ပြောင်းရွှေ့လာတော့ ပထမဆုံးနေ့မှာ ဝယ်စရာတွေအများကြီးရှိလေသည်။ ကွမ်ချန်မှာ အများကြီးဝယ်လာခဲ့သော်ငြား လုချန်ရောက်တော့ တချို့ပစ္စည်းတွေ ဝယ်ရပေဦးမည်။

လုယန်က အခုမှ စခန်းကို ရောက်သည်ဖြစ်၍ အခြေချရန် အားလပ်ရက် ၂ရက်ရထားလေ၏။

ချင်းရို့ သူ့ကို ယွမ်ရာကျော်ပေးထားသဖြင့် လုယန်က စစ်တပ်သယ်ယူပို့ဆောင်ရေးသုံးယာဥ်ကို မောင်းသွားကာ ရွာသားတွေဆီမှ ပရိဘောဂတစ်သုတ် - ရိုးရိုးရှင်းရှင်းစားပွဲတွေ၊ ထိုင်ခုံတွေ၊ ခုံတန်းရှည်၊ ဗီရို၊ စာအုပ်စင်တစ်ချို့ ဝယ်လိုက်ပြီး ရွာထဲရှိ လက်သမားဆရာကြီးထံမှ သစ်သား ဝယ်လာခဲ့သည်။

ချင်းရို့က အနာဂတ်တွင် ဒုတိယထပ်ရှိ လှေကားထစ်ငယ်လေး၌ ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးရန်အတွက် ထောင့်မှန်စတုဂံပုံသစ်သားခွက်များနှင့် စတုရန်းသစ်သားခွက်များ လုပ်ပေးဖို့ သူ့ကို တောင်းဆိုလာခဲ့၍ပင်။ သူမက အရွယ်အစားနှင့် အမြင့်ကိုပါ ရှင်းပြထားသဖြင့် လုယန် နေ့ခင်းပိုင်းတွင် သူကိုယ်တိုင်လုပ်ရန်အတွက် သစ်သားနည်းနည်း သွားဝယ်နေရခြင်းဖြစ်သည်။

သူ ရှုပ်ထွေးတဲ့ ပရိဘောဂများကို မကိုင်တွယ်နိုင်သော်လည်း ရိုးရှင်းသော သစ်သားခွက်များကိုတော့ ကိုယ်တိုင်လုပ်နိုင်ပေသည်။

ယင်းကြောင့် ချင်းရို့ အံ့သြသွားရလျက်။

လုယန် ပရိဘောဂတစ်သုတ်နဲ့ ပြန်ရောက်လာသည့်အခါ ဖီးနစ်စက်ဘီးနှင့် ယိုယွင်းနေတဲ့ ရေခဲသေတ္တာအသေးတစ်လုံးကိုပါ ပြန်သယ်လာခဲ့သည်။ ချင်းရို့က စက်ဘီးကို မြင်တော့ မအံ့သြမိပါချေ။ အိမ်မှာ စက်ဘီးတစ်စီးရှိဖို့ သေချာပေါက် လိုအပ်ကြောင်း သူမ လုယန်နဲ့ ဆွေးနွေးထားပြီးပြီဖြစ်လေ၏။

အရင်ကတော့ ချင်းရို့မှာ ယာဉ်မောင်းလိုင်စင်ရှိခဲ့သည်။ သူမမှာ လေးဘီးယာဥ်အတွက် ယာဉ်မောင်းလိုင်စင်ရှိသော်ငြားလည်း သူမခရီးထွက်သည့်အခါ စက်ဘီးနှင့် တက္ကစီများသာ စီးဖို့ ရွေးချယ်ခဲ့သည်ပင်။

“ဒါက... ရေခဲသေတ္တာလား?!”

ချင်းရို့ စက်ဘီးကို မြင်သည့်အခါ မအံ့သြသော်လည်း ယိုယွင်းနေတဲ့ ရေခဲသေတ္တာအသေးလေးကို တွေ့လိုက်ရချိန်မှာတော့ တကယ့်ကို အံ့အားသင့်မိရလျက်။ ဒီရေခဲသေတ္တာအသေးလေးက အရောင်နည်းနည်းလွင့်နေပေမယ့် လည်ပတ်နေတုန်းပဲလေ!

ရေခဲသေတ္တာအသေးလေးမှာ အလွန်သေးငယ်လေရာ ကုဗတုံးတစ်တုံးရဲ့ သုံးပုံတစ်ပုံစာသာရှိ၏။ ခေတ်မီရေခဲသေတ္တာများနှင့် မတူစွာပင် ရေခဲရိုက်ခြင်းနှင့် တာရှည်ခံထိန်းသိမ်းထားခြင်းတို့ မပါဝင်ဘဲ အေးခဲခြင်းတစ်ခုသာ သုံးနိုင်ပေသည်။

(T/N: ပြောရရင်တော့ တို့တွေ ရေခဲလုပ်ကြတဲ့၊ အသားတွေခဲအောင်ထားကြတဲ့ ရေခဲသေတ္တာအပေါ်ထပ်ပေါ့နော် freezerပေါ့။ ရိုးရိုးအေးတဲ့အောက်ထပ်မပါဘူးပြောတာပါ)

“ဟုတ်တယ်၊ မင်း သုံးတဲ့အခါ သတိထား၊ မိုးရွာတဲ့အချိန် တိုင်ဖွန်းရှိတဲ့အချိန် ပါဝါမဖွင့်နဲ့”

“ဒီဟာကို ဆေးဖက်ဝင်အပင်တွေ ထည့်ထားဖူးတာဆိုတော့ ဆေးနံ့နည်းနည်းတော့ကျန်နေလိမ့်မယ်၊ ကိုယ် တစ်ယောက်ယောက်ကို ပိုးသတ်ခိုင်းထားတယ်”

ဆေးဖက်ဝင်အပင်များ သိုလှောင်ထားလေ့ရှိသော ဒီရေခဲသေတ္တာမှာ အသုံးမပြုကြတော့သဖြင့် လုယန်က တစ်ယောက်ယောက်ဆီမှ ငွေနဲ့ ဝယ်လာခဲ့တာဖြစ်၏။

“ဟုတ်”

ချင်းရို့ နားလည်ကြောင်း ပြောလိုက်ကာ ဒီဟာက သုံးလို့ရတယ်ဆိုရင် သိပ်ကောင်းမှာပဲ။ အနည်းဆုံးတော့ ဒါကို ဆေးဖက်ဝင်အပင်တွေအတွက်ပဲ သုံးခဲ့တဲ့ ရေခဲသေတ္တာတစ်ခုဖြစ်လို့ပေါ့၊ မှုခင်းဆေးပညာခန်းထဲမှာသုံးပြီး ထူးထူးဆန်းဆန်းအရာတွေ မထည့်ထားခဲ့တာပဲ တော်ပါသေးတယ်နော်။

အနာဂတ်မှာ သူမက ရေခဲသေတ္တာထဲ ငါးဆားနယ်နည်းနည်းထည့်လိုက်ရင် ဆေးနံ့လိုပဲ အနံ့စွဲသွားလေမလား?

ဤခေတ်ကာလမှာ ရေခဲသေတ္တာရှိတာ အင်မတန်ကောင်းလေသည်။ ရေခဲသေတ္တာကို အရပ်သားများ အသုံးပြုဖို့အတွက် မတွင်ကျယ်သေးသည့်အပြင် ရေခဲသေတ္တာလည်း မရှိပေ။ ရေခဲသေတ္တာအများစုကို ဆေးဘက်ဆိုင်ရာငှာနတွင်သာ အသုံးပြုကြ၏။ စီးပွားရေးလျှော့ပေါ့ပေးပြီးနောက်မှ ၄င်းတို့ကို အရပ်သားတွေ အသုံးပြုရန် ရောင်းပေးပေလိမ့်မည်။

ဒီရေခဲသေတ္တာကို အချိန်အကြာကြီး အသုံးမပြုထားခဲ့သဖြင့် မကြာခဏ ပါဝါပြတ်တောက်နိုင်တဲ့ ဖြစ်နိုင်ချေကို ကြိုတင်ပြင်ဆင်ထားရမယ်။

ချင်းရို့သည် လုယန်က ဘယ်လိုကြောင့်များ ရေခဲသေတ္တာအသေးတစ်လုံးဝယ်ယူရန် စိတ်ကူးရှိနေသွားရသလဲဆိုတာကို အလွန်စပ်စုချင်သွား၍ မေးလိုက်လေသည်။

“သင်္ဘောပေါ်မှာရော ရေခဲသေတ္တာရှိလား?”

“အင်း”

ပင်လယ်ပြင်မှာ တစ်လကြာနေထိုင်ရတတ်သဖြင့် လူတစ်ယောက်အတွက် ဟင်းသီးဟင်းရွက်နည်းနည်းကို အေးခဲသိုလှောင်ထားရန် ရေခဲသေတ္တာတစ်လုံး လိုအပ်သည်မှာ သဘာဝပင်။

All Chapters