ရတနာရှာခြင်း
Vol. 17 Ch. 241
အန်လင်းရဲစခန်း။
တောက်ပနေသော လပြည့်ဝန်းကြီးမှာ နက်ပြာရောင် ကောင်းကင်တွင် ချိတ်ဆွဲလျက် ငွေမှင်ရောင် အလင်းရောင်များ ပြတင်းပေါက်မှတစ်ဆင့် ထိုးဖောက်၍ ဧည့်ခန်းထဲသို့ ကျရောက်နေ၏။
ပြတင်းပေါက် အပြင်ဘက်၌ သစ်ကိုင်းများမှာ လေညင်းနှင့်အတူ ယိမ်းနွဲ့လျက် ခပ်တိုးတိုး အသံများ ထွက်ပေါ်နေလေသည်။
“ဓာတ်ပုံကြည့်ရုံနဲ့ လူသတ်သမားကို ရှာနိုင်တာကတော့ များတယ်မလား”
ဟီကျီမှာ တီရှပ်သန့်သန့် ဝတ်ဆင်ထားသော လင်းချွမ်ကိုကြည့်၍ နားမလည်နိုင် ဖြစ်နေ၏။
နိုင်ငံအဆင့် ကျွမ်းကျင်စုံထောက်များပင် အခင်းနေရာကို ကိုယ်တိုင်သွား၍ စုံစမ်းကာ ဂရုတစိုက် စစ်ဆေး၍ အမှုကို ဖြေရှင်းရလေသည်။
လင်းချွမ်သည် သိုက်တူးပညာများ နားလည်ကာ သေမှုသေခင်းအကြောင်း အလွန် တတ်ကျွမ်း၏။
သို့သော် သူ့အသက်မှာ (၂၅) နှစ်မျှသာ ရှိသေးလေသည်။
မည်သို့ ဤမျှ ထူးချွန်နိုင်မည်နည်း။
ထို့ကြောင့် ဟီကျီတစ်ယောက် မယုံကြည်နိုင် ဖြစ်နေသေး၏။
သူ လင်းချွမ်၏ ပါရမီနှင့် အရည်အချင်းကိုတော့ အားကိုးမိလေသည်။
သူကိုယ်တိုင်လည်း အသက် (၃၇) နှစ်နှင့် ယခုလိုနေရာကို ရောက်နေခြင်း ဖြစ်သည်။
အရာအားလုံးမှာ အရည်အချင်းနှင့်သာ တည်ဆောက်ရလေသည်။
လက်ရှိတွင် အရေးအကြီးဆုံးမှာ ထိုအုတ်ဂူဖော်မှုနှင့် လူသတ်မှုကို ဖြေရှင်းရန် ဖြစ်၏။
ထိုအမှုကို ရှင်းနိုင်မှ နောက်ထပ်ခြေလှမ်းဆက်ရန် အခြေခံ ဖြစ်လာပေမည်။
လင်းချွမ် လက်ဖက်ရည် ယူသောက်ရင်း ရှန်ချန်းချန်းစကားကို နားထောင်နေရာ ရုတ်တရက် သီးမလိုပင် ဖြစ်သွား၏။
“အဖွဲ့မှူးဟီ သူပြောတာ နားမထောင်နဲ့။ ဓာတ်ပုံ ကြည့်ရုံနဲ့ အမှုဖြေရှင်းနိုင်ရင် ကျွန်တော်လည်း မှော်ဆရာ ဖြစ်နေပြီမလား”
“မှော်ဆရာလား။ ရှင်က မှော်ဆရာလား”
ရှန်ချန်းချန်း ဓာတ်ပုံများကိုကြည့်ရင်း ပြုံးနေ၏။
“ကျွန်တော့်ကို လာလှောင်နေသလိုပဲ”
လင်းချွမ် နှာခေါင်းရှုံ့၍ ပြောလေသည်။
“မဟုတ်ရပါဘူး။ စုံထောက်လင်းက နာမည်ကြီး စာရေးဆရာပဲလေ”
ရှန်ချန်းချန်း အားရပါးရ ရယ်မောနေ၏။
“လင်းချွမ် ကျွန်တော်တို့ကို ကူညီပေးနိုင်မယ်ဆိုရင် အရမ်း ကျေးဇူးတင်မိမှာပဲ”
ဟီကျီ တောင်းဆိုသလို ပြောလေသည်။
သူ အမှန်တကယ် စိတ်ရင်းဖြင့် ပြောခြင်း ဖြစ်၏။
လင်းချွမ် လုံးဝ ကူညီမည်ဟု မထင်ထားဘဲ သက်သေစုပေးရုံဖြင့် ကျေနပ်ပါပြီ။
“ကျွန်တော် အကောင်းဆုံး ကြိုးစားပေးပါ့မယ်”
လင်းချွမ် ပြန်ဖြေ၍ ဓာတ်ပုံများကို ပြန်ကြည့်နေ၏။
ထိုစဉ် ဟီကျီမှ
“ဒီလူသတ်မှုမှာ ခက်နေတာက အချိန် အရမ်း ကြာသွားတာလည်း ပါတယ်။ နစ်နာသူတွေရဲ့ အကြောင်းကို ဘာမှ မသိရဘူးလေ”
“ဟုတ်တယ်”
လင်းချွမ် ဓာတ်ပုံများကြည့်ရင်း ခေါင်းငြိမ့်ပြ၏။
“အချိန်ကြာတာရော၊ ဒေသက လူရှင်းတာရောကြောင့် လက်နက်လည်းရှာမရ၊ သွေးစွန်းအဝတ်လို သက်သေလည်း ရှာမရ ဖြစ်နေတာ”
ဟီကျီ ထောက်ခံမိ၏။
“အမှန်ပဲ။ ကျွန်တော်တို့ တခြား ဘာသက်သေမှ မတွေ့သေးဘူး”
လင်းရိရဲများမှ အုတ်ဂူအနီးတစ်ဝိုက်တွင် သေချာ ရှာဖွေခဲ့သော်လည်း ထူးခြားမှု မရှိချေ။
“နစ်နာသူတွေရဲ့ ခန္ဓာကိုယ်မှာရော လူသတ်သမားနဲ့ ပတ်သက်တဲ့ သက်သေတစ်ခုခု တွေ့သေးလား”
လင်းချွမ်မှ မေး၏။
ဟီကျီ ခေါင်းယမ်းကာ
“သူတို့ရဲ့ ဒဏ်ရာတွေအရ လူသတ်သမားက တစ်ယောက်တည်းဆိုရင် သူ့အရပ်က (၁၈၅) စင်တီလောက်နဲ့ တိုက်ခိုက်စွမ်းရည် ရှိပုံပဲ”
သူပြောရင်း လင်းချွမ်ကိုလှမ်းကြည့်သောကြောင့် သူ မျက်ခုံးပင့်ပြလိုက်၏။
လင်းရိမှရဲတစ်ယောက်အနေဖြင့် အန်လင်းကို ချက်ချင်း ပြေးလာခြင်းမှာ ထိုအချက်ကြောင့်လည်း ပါသည်။
လင်းချွမ်မှာ ထိုအချက်များနှင့်ပါ ကိုက်ညီနေ၏။
လင်းချွမ်အရပ်သည် (၁၈၆) စင်တီဖြစ်ပြီး လက်ဗလာနှင့်ပင် လူ (၁၀) ယောက်အထိ အားလုံးလဲအောင် တိုက်ခိုက်နိုင်သည်။
သူ့တိုက်ခိုက်စွမ်းရည်မှာ သာမာန်မဟုတ်ပေ။
“အဲ့တော့ စုံစမ်းရေးက အဲ့မှာ ရပ်သွားတာပေါ့”
ရှန်ချန်းချန်း မျက်မှောင်ကြုတ်ကာ ဆို၏။
“ဟုတ်ပါတယ်”
ဟီကျီ ခေါင်းငြိမ့်လျက်
“ကျွန်တော်တို့မှာရှိတဲ့ သက်သေက လင်းချွမ်ရဲ့ ဝတ္ထုပဲ”
လင်းချွမ် ရယ်မော၍
“အမှန်တော့ နောက်ထပ် ရှုထောင့်ရှိသေးတယ်”
“ပြောပါဦး”
ဟီကျီ စိတ်ဝင်စားသွား၏။
“အုတ်ဂူမှာ ရတနာတချို့ ပျောက်သွားတယ်မလား”
လင်းချွမ် ပြုံး၍ မေးလိုက်သည်။
ဟီကျီ သက်ပြင်းချ၍ ခေါင်းယမ်းကာ
“ကျွန်တော်တို့ အဲ့တာလည်း စုံစမ်းပြီးပြီ။ ဘာတွေပျောက်လဲ အကုန် မသိရပေမဲ့ ခရမ်းရွှေသေတ္တာတစ်ခုတော့ သိတယ်။ ဒါပေမဲ့ ဈေးကွက်မှာ အရောင်းအဝယ်မှတ်တမ်း လုံးဝ မရှိထားဘူး။ အဲ့တာကြောင့် ငြိမ်နေရတာပေါ့”
ရှန်ချန်းချန်းလည်း သက်ပြင်းချမိ၏။
လင်းချွမ် ခဏစဉ်းစားပြီးနောက် ပြုံးကာ
“အဲ့တာ မလိုပါဘူး”
“လင်းချွမ်မှာ နည်းလမ်းရှိတာလား”
ဟီကျီ ရင်ခုန်သံမြန်လာသည်။
“တကယ့် စုံထောက်လင်းပဲ”
ရှန်ချန်းချန်းလည်း ပြုံးရွှင်သွား၏။
လင်းချွမ်ပြုံးကာ
“ကျွန်တော် ပစ္စည်းတစ်ခုကို နမူနာပြမယ်”
ဟင်…
ဟီကျီရော ရှန်ချန်းချန်းပါ နားမလည်နိုင် ဖြစ်သွားသည်။
ထို့နောက် လင်းချွမ် ဓာတ်ပုံတစ်ပုံ ထောင်ပြ၏။ ဓာတ်ပုံထဲတွင် ကျောက်အခေါင်း (၇) ခု၏ အရှေ့ပုံကို တွေ့ရသည်။
“ဒီပုံမှာ ထူးခြားချက် ရှိလို့လား”
ရှန်ချန်းချန်းမှ မေးလိုက်၏။
လင်းချွမ် ဓာတ်ပုံအား လက်ညှိုးထိုးပြ၍
“ဒီပေါ်မှာ ပြောထားတဲ့မန္တာန်အရ သူ့မှာ တိုက်ပွဲတိုင်း နိုင်စေတဲ့ မိစ္ဆာအဆောင် ရှိတယ်ဆိုပဲ။ အဲ့လိုနဲ့ လုနယ်မှာ လုရှန်ဘုရင်ဆိုပြီး ဖြစ်လာတာလေ”
“ဒါဆို ပျောက်နေတဲ့ရတနာက မိစ္ဆာအဆောင်ပေါ့”
ဟီကျီမှ ရေရွတ်မိ၏။
“ဒါပေမဲ့ အဲ့လိုဟာက တကယ် တိုက်ပွဲနိုင်တာလား”
လင်းချွမ် လက်ယမ်းပြ၍
“အခု တိုက်ပွဲနိုင်မနိုင်က အရေးမကြီးဘူး။ အဲ့တာကို ရှာရမှာမလား”
သည်။