မစ္စတာလင်းကို သိတာလား
Vol. 17 Ch. 246
“မင်း ဘာသိလို့လဲ”
ဝူအာမှ နှာခေါင်းရှုံ့၍ ပြော၏။
“ဒီအလုပ် အောင်မြင်သွားရင် ငါတို့ မော်ဂန်လုပ်ငန်းစုနဲ့ အဆက်အသွယ်ရပြီ။ ငါတို့စီးပွါးရေးအခြေအနေကို သိတယ်မလား။ ဒီလို နောက်ခံကောင်းမရှိရင် ပစ္စည်းတွေ တူးမိတာတောင် ဘာမှရောင်းလို့ မရဘူး”
“သူတို့က အဲ့လောက်တောင် အာဏာရှိတာလား”
ဝူဆန် အံ့ဩတကြီး ပြန်မေးမိသည်။
“ဒါပေါ့။ ဒီလိုအဆက်အသွယ် အများကြီး သုံးပြီး တရားမဝင်ဝက်ဘ်ဆိုဒ်မှာ ရှာရတာ”
နောက်ပိုင်းတွင် သိုက်တူးသမားများမှာ တန်ဖိုးကြီး ရတနာများ ရလာပါက တရားမဝင်ဝက်ဘ်ဆိုဒ်၌သာ အရောင်းအဝယ် ပြုလုပ်လေသည်။
“မော်ဂန်လုပ်ငန်းစုနဲ့ အဆက်အသွယ် ရှိတာတော့ ကောင်းတာပေါ့။ ဒါဆို ပစ္စည်းတွေရောင်းဖို့ နောက်ဆို စိုးရိမ်စရာ မလိုတော့ဘူး”
ဝူဆန် ကျေနပ်စွာ ပြုံးနေ၏။
“အမှန်ပဲပေါ့”
“ဒါနဲ့ တာပေါင်တောင်မှာ သမိုင်းဝင်ယဉ်ကျေးမှု အဖွဲ့ ရောက်နေတယ်နော်။ သူတို့လည်း ဒီအုတ်ဂူကို လာရှာတာ ထင်တယ်။ ကျွန်တော်တို့ကို ထိခိုက်လာမှာတော့ မဟုတ်ဘူးမလား”
ဝူဆန် အဝေးဆီကို ငေးကြည့်ရင်း ရေရွတ်လိုက်၏။
တောင်၏တစ်ဖက်ခြမ်း တာပေါင်မြစ်အကျော်တွင် အဖွဲ့ (၈) သေချာပေါက် စခန်းချနေလေသည်။
ထိုနေရာသည် အန်လင်းမြို့ အရှေ့တောင်ဘက်တွင် ရှိပြီး လူသူကင်း၍ မြို့ပြင်ရောက်ရန်ပင် (၂) နာရီခန့် မောင်းရ၏။
တောင်အနီးမှ ရွာများမှာလည်း အလွန် ခေါင်ခိုက်သောကြောင့် ယခုအခါ အိမ်အနည်းငယ်သာ ကျန်တော့သည်။
မကြာသေးမီနှစ်ကမှ ဆောက်ထားသော မူလတန်းကျောင်းပင် သစ်ပင်၊ ချုံနွယ်များဖြင့် ဖုံးလွှမ်းနေ၏။
သိုက်တူးသမား (၂) ဦးမှာ ငါးဖမ်းသမားများ ပုံစံဖြင့် မော်ဂန်လုပ်ငန်းစုအလာကို စောင့်နေကြသည်။
သူတို့ သဘောတူညီချက်အရ ယနေ့ နေ့လယ်၌ မော်ဂန်မှလူများ လာမည်ဟု ကြားရသည်။
“မထိခိုက်နိုင်ပါဘူး။ ဝင်ပေါက်ကို သူတို့ ချက်ချင်း ရှာတွေ့ဦးမှာ မဟုတ်ဘူး။ တကယ်လို့ ရောက်လာရင်တောင် ငါတို့က အထဲ အရင်ရောက်နေမှာလေ။ ငါတို့ နယ်မြေပဲပေါ့။ နောက်ပြီး မော်ဂန်အုပ်စုရှိတာပဲ။ သူတို့ ရှင်းလိမ့်မယ်။ ငါတို့က လမ်းပြရုံပဲ။ ပြီးတာနဲ့ ဒေါ်လာ (၁) သိန်း ရပြီ”
ဝူအာ အားရဝမ်းသာ ရှင်းပြ၏။
သူ့စိတ်ထဲတွင် မော်ဂန်အုပ်စုမှာ အမှောင်လောက၏ ခေါင်းဆောင်ဖြစ်၍ တရားမဝင်ကိစ္စအားလုံး ဖြေရှင်းနိုင်သည်ဟု ထင်ပါသည်။
“ဒေါ်လာ (၁) သိန်းတောင်။ ကျွန်တော်တို့ ဘယ်လိုတောင် သုံးဖြုန်းရမလဲ”
ဝူဆန် ကောင်းကင်ကို မော့ကြည့်ရင်း ရေရွတ်လိုက်သည်။
ကောင်းကင်ပြာပြာ၊ ငှက်ကလေးများနှင့် တိမ်ဖြူဖြူတို့ အားလုံးမှာ အမေရိကန်ဒေါ်လာပုံသာ ပေါ်နေတော့သည်။
ဝူအာမှာတော့ နေလုံးကြီးကိုလှမ်းကြည့်ရင်း တွေးမိ၏။
အချိန်မှာ ညနေ (၄) နာရီရှိပြီး တောက်လောင်နေသော နေမင်းအရှိန်ပင် လျော့နေလေပြီ။
တာပေါင်မြစ်ရေပြင်တွင် ရွှေရောင်လက်လက် ထနေပြီး ငှက်ကလေးများမှာ ဆူညံစွာဖြင့် အိမ်ပြန်နေကြ၏။
“မော်ဂန်ကလူတွေ ခဏနေ ရောက်တော့မယ်။ သတိနဲ့ပြော”
ဝူအာမှ လှမ်းဟောက်သည်။
“ဟုတ်ကဲ့ပါ”
ထိုစဉ် လမ်းမကြီးဘက်မှ အနက်ရောင် ကုန်တင်ကား (၂) စီး မောင်းလာသည်ကို တွေ့ရ၏။
ဒေသခံလိုင်စင်ပြားများနှင့် ပုံမှန်အရှိန်အတိုင်း မောင်းနှင်လာသည်မှာ သာမာန် ရွာမှကားများကဲ့သို့ သံသယဝင်စရာ မရှိချေ။
ပထမကားတွင် အသက် (၂၅) နှစ်ဝန်းကျင်ရှိ မိန်းမငယ်လေးပါလာပြီး ကပြားပုံစံ ချောမောကာ အရပ်(၁၇၀) စင်တီနှင့် လှပသော အချိုးအစားများ ရှိ၏။
နေကာမျက်မှန်အောက်မှ မျက်နှာနုနုလေးမှာ တရုတ်နှင့် နိုင်ငံခြားသွေးစပ်ထားမှန်း သိသာပြီး အသားအရည်သည် ဖြူဖွေးလွန်းကာ ကျောက်စိမ်းရောင် သွေးကြောစိမ်းများ ထင်းနေသည်။
“လမ်းပြ”
ထိုမိန်းကလေးမှ သူ့ဘေးရှိ ဗလနှင့်လူအား တရုတ်လို ကျွမ်းကျင်စွာ ပြောလိုက်သည်။
ဝူအာနှင့် ဝူဆန်တို့လည်း ခြေသံအချို့ နီးလာသည်ကို ကြားကာ ငါးမျှားတံများ ချ၍ လှည့်ကြည့်လိုက်ကြ၏။
“အမလေး ဒါပ အရမ်းလှလွန်းနေတာ မဟုတ်ဘူးလား”
တစ်ချက်လှမ်းကြည့်ပြီးနောက် မထိန်းနိုင်ဘဲ ရေရွတ်မိလေသည်။
“မျက်စိမကစားနဲ့”
ဝူအာမှ သတိပေး၏။
ထိုစဉ် ဗလတောင့်တောင့် လူနှစ်ဦး သူတို့အနား ရောက်လာပြီး အနောက်၌ ကပြားမိန်းကလေး ပါလာသည်။
“မင်းတို့က ဝူညီအစ်ကိုလား”
ဝူအာ ခေါင်းငြိမ့်ပြကာ
“ဟုတ်ပါတယ်။ ကျွန်တော်က ဝူအာ။ သူက ဝူဆန်”
ကပြားမိန်းကလေးသည် သူတို့ကို ဂရုမစိုက်သလို ကြည့်၍
“အုတ်ဂူထဲ ဘယ်အချိန် ဝင်မှာလဲ”
ဝူအာ မနီးမဝေးမှ ရေကန်ကြီးကို လက်ညှိုးထိုးပြကာ
“အခုက ရေကြီးတဲ့ရာသီလေ။ အရင်ထက် ရေမျက်နှာပြင် ပိုမြင့်နေတာ။ ကျွန်တော့်အစီအစဉ်ကတော့ ဟိုတောင်ခြေမှာ လိုဏ်ခေါင်းတူးဖို့ပဲ။ တစ်ညလောက်တော့ ကြာမှာပေါ့”
သူတို့ နဂါးခေါင်းနေရာကြည့်ခြင်းဖြင့် ရှာထားပြီး တာပေါင်မြစ်ရေကန်အောက်တွင် ရှိမည်ဟု ယူဆရ၏။
“ဒါဆို မနက်ဖြန်မှ ဝင်လို့ရမှာပေါ့”
“ဟုတ်ပါတယ်”
“ဒီလိုရှေးဟောင်းအုတ်ဂူဆိုတာ ယန္တရားတွေ၊ ထောင်ချောက်တွေ ပြည့်နေမှာနော်။ ဘယ်လောက် ယုံကြည်ချက်ရှိလဲ”
ကပြားမိန်းကလေးမှာ ဝူညီအစ်ကိုအား စိုက်ကြည့်ရင်း မေးလိုက်သည်။
သူ မကြာသေးမီကမှ ဗဟုသုတများ လိုက်လေ့လာရင်း ထိုအချက်အလက်ကိုတွေ့၍ ပိုက်ဆံမနှမျောနိုင်ဘဲ ဝူညီအစ်ကိုအား လမ်းပြရန် ငှါးလိုက်ရခြင်း ဖြစ်သည်။
“ကျွန်တော့်အစ်ကိုက အုတ်ဂူတွင်း
ယန္တရား ရှင်းတဲ့နေရာမှာ ထိပ်တန်းထဲ ပါပါတယ်။ သူမှ မလုပ်နိုင်ရင် တခြားလုပ်နိုင်မယ့်သူ မရှိတော့ဘူး”
ဝူဆန် ရယ်မော၍ ပြောလိုက်သည်။
“မစ္စတာလင်းကိုတော့ ယှဉ်နိုင်ပါ့မလား”
ကပြားမိန်းကလေးမှ ထပ်မေးသည်။
“မစ္စတာလင်းဆိုတာ ဘယ်သူလဲ”
ဝူဆန် နားမလည်နိုင်စွာ မေးလိုက်သည်။
“မစ္စတာလင်းကို သိတာလား”
ဝူအား အံ့ဩတကြီး မေး၏။
“အခုပဲ သူ့မှတ်တမ်းကို ဖတ်ပြီးတာလေ။ ခုနစ်စင်ကြယ် လုဘုရင်နန်းတော် ရှာဖွေရေးအကြောင်း”
လင်းချွမ် သိုက်တူးခြင်းတွင် ပါဝင်ခဲ့သော်လည်း အဘယ်ကြောင့် အဖမ်းမခံရသနည်း။
အလွန် ထူးဆန်းပါသည်။
“မစ္စတာလင်းလောက်တော့ ယှဉ်စရာတောင် မလိုပါဘူးဗျာ”
ဝူအာ ခဏစဉ်းစား၍ ကြွားပြောလိုက်သည်။
မဟုတ်လျှင် သူ့ပိုက်ဆံများ မစ္စတာလင်းထံ ရောက်သွားနိုင်၏။
“ကောင်းပြီလေ”
“ဒီလောက် ထောင်ချောက်တွေက ကျွန်တော့်ကို မတားဆီးနိုင်ပါဘူးဗျာ”
ထိုအခါ ကပြားမိန်းကလေး ခေါင်းငြိမ့်ပြ၍
“ရှင့်လုပ်ဆောင်ရည်ကို အရင်ကြည့်တာပေါ့။ မလုပ်နိုင်ရင်တော့ မစ္စတာလင်းပဲ ခေါ်လိုက်မယ်”
“မစ္စတာလင်းနဲ့ သိတာလား”
ယခုတစ်ခါတော့ ဝူအာ အလွန်လန့်သွားသည်။
“လူတစ်ယောက် ရှာတာများ သိနေစရာ လိုလို့လား”
မိန်းကလေးမှ ပြုံး၍ ပြောလေသည်။
သူ့အပြုံးမှာ ရက်စက်ပုံ ပေါ်နေပြီး ဝူအာ ကြက်သီးထမိသွား၏။
“တာပေါင်မြစ်အောက်ဘက်နားမှာတော့ အမျိုးသား သမိုင်းဝင်ယဉ်ကျေးမှုအဖွဲ့ ရောက်နေပါတယ်”
“ကောင်းပြီ။ သူတို့မရောက်ခင် မြန်မြန် ကြိုးစားတာပေါ့။ ကိစ္စပြီးတာနဲ့ ကျန်တဲ့ ဒေါ်လာ (၈၀၀) ချက်ချင်း လွှဲပေးမယ်”
“ဟုတ်ကဲ့ပါ”
ဝူညီအစ်ကို ပြုံးရွှင်သွားကြသည်။
ကုန်တင်ကားများမှာ တောထဲ၌ ကိုယ်ရောင်ဖျောက်ထားပြီး ဝူညီအစ်ကိုနှင့် တစ်ဖက်မှ ဗလကြီးများသည် လိုဏ်ခေါင်းအတွက် စတင် တူးဖော်ကြတော့၏။
ဤသို့ဖြင့် အရုဏ်မတက်မီပင် လိုဏ်ခေါင်းကြီး အသင့် ဖြစ်နေလေပြီ။
ထို့နောက် အားလုံး အုတ်ဂူထဲ ဝင်သွားကြလေတော့သည်။