အုတ်ဂူတူးပါ
Vol. 17 Ch. 247
အချိန်မှာ လျင်မြန်စွာ ကုန်ဆုံး၍ နောက်တစ်နေ့ ရောက်သွား၏။
ထိုနေ့ နေ့လယ်တွင် မီးခိုးရောင်တိမ်များမှာ နေရောင်ခြည်တောက်တောက်ကို ကာကွယ်ထားပြီး အန်လင်းမြို့သည် မိုးရွာတော့မလို မှုန်မှိုင်းမှိုင်း ဖြစ်နေသည်။
လင်းချွမ်သည် ပေါ့ပါးသော ဝတ်စုံဖြင့် နွေဦးလမင်း စားသောက်ဆိုင် ဒုတိယထပ်သို့ ရောက်လာ၏။
“လင်းချွမ် ဒီမှာ”
ထိုစဉ် အဖြူရောင်ဂါဝန်လေး ဝတ်ဆင်ထားသော ရှန်ချန်းချန်းမှ လက်လှမ်းပြလေသည်။
ဖြူဖွေးသော ခြေသလုံးသားများနှင့် နူးညံ့သော အပြုံးတို့မှာ မြင်ရသူတိုင်းကို ဆွဲဆောင်နေသလိုပင်။
သူ့မျက်လုံးများမှာ လင်းချွမ်ကိုတွေ့သည်နှင့် ဝင်းလက်သွား၏။
လင်းချွမ် ပြုံး၍ သူ့ဝိုင်းသို့ လျှောက်သွားပြီး မျက်နှာချင်းဆိုင်၌ ဝင်ထိုင်လိုက်သည်။ ထို့နောက် ဘေးဘီကိုကြည့်၍
“ကျွန်တော်တို့ကို ကျွေးမယ့်သူကရော”
ယနေ့ ချင်ရှီရှီ အန်လင်းသို့ ပြန်ရောက်လာပြီး လင်းချွမ်နှင့် ချင်ရှီရှီအား နေ့လယ်စာ လိုက်ကျွေးမည်ဟု ပြောထားလေသည်။
ရှန်ချန်းချန်း သူ့အတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေး၍
“သူတို့အဖွဲ့က ခုနလေးတင် လေယာဉ်ဆိုက်တာ။ အခုမှ လမ်းမှာပဲ ရှိသေးတယ်။ ကဲပါ။ အရင်မှာထားလိုက်တာပေါ့။ ခဏနေ ရောက်မှာပါ”
“ကောင်းပါပြီ”
လင်းချွမ် လက်ဖက်ရည်သောက်၍ ခေါင်းငြိမ့်ပြ၏။
“ရှင်လည်း ရှီရှီနဲ့ ဆွေးနွေးချင်တာ ရှိတဲ့ပုံပဲ”
ရှန်ချန်းချန်းစကားကြောင့် လင်းချွမ် အံ့ဩသွားကာ
“ရဲမေရှန် သိနေတာလား”
ရှန်ချန်းချန်းပြုံး၍ ဖုန်းကို တစ်ချက် လှမ်းကြည့်၍
“တခြားလူတော့ မသိနိုင်ပေမဲ့ ကျွန်မက ရှင့်အတ္ထုပတ္တိတွေ အကုန် ဖတ်ဖူးတယ်လေ။ မသိဘဲ နေမလား”
လင်းချွမ်မှ
“ဟုတ်ပါပြီ။ မပြောပါနဲ့တော့”
“ရှင် ဘာထပ်မှာချင်လဲ ကြည့်ပါဦး”
ရှန်ချန်းချန်း မီနူး လှမ်းပြ၏။
“ရှင့် မနက်ကထွက်တဲ့ သိုက်တူးမှတ်တမ်းများ အတွဲ (၃) က ယင်တောင်မှာနော်။ ကျွန်မ ဖတ်လက်စကြီး”
လင်းချွမ် မီနူးစာရွက်ကိုကြည့်ရင်း စနောက်လိုက်သည်။
“ကျွန်တော့်ဝတ္ထုတွေ အမြဲဖတ်တော့ စွမ်းဆောင်ရည်တောင် တိုးတက်လာလောက်ပြီနော်”
ရှန်ချန်းချန်း မကျေမနပ်ပုံဖြင့်
“ကျွန်မ အခု အောင်မြင်ထားတဲ့အမှုတွေ အများကြီးနော်။ ဒီနှစ်ထဲ ရာထူးတိုးမယ်တောင် ကြားထားတယ်”
“အဲ့လောက် မြန်လား”
လင်းချွမ် အံ့ဩတကြီးကြည့်၍
“ရဲမေရှန် အခုမှ ပထမအဆင့်ရဲမလား”
“ဟုတ်တယ်လေ”
သူ ခေါင်းငြိမ့်ပြ၏။
“ပထမအဆင့်ရဲက ရာထူးတိုးဖို့ဆိုရင် လုပ်သက် လိုတယ်မလား”
လင်းချွမ် ပြန်မေးလိုက်သည်။
ရှန်ချန်းချန်း ရယ်မော၍
“အလုပ်မှာ အရမ်းထူးချွန်လွန်းရင်တော့ ချွင်းချက်အနေနဲ့ ကျွန်မလို ရာထူးတိုးတာမျိုး ဖြစ်နိုင်တယ်လေ”
“ရဲမေရှန် ရာထူးတိုးသွားရင် ကျွန်တော်တို့ကြား တော်တော် အဆင့်ကွာသွားမှာပဲ”
လင်းချွမ် ထပ်စ၏။
“ဘာအဆင့်လဲ”
ရှန်ချန်းချန်း နားမလည်သလို ပြန်ပြောသည်။
လင်းချွမ် အားရပါးရ ရယ်မော၍
“ကျွန်တော်က သာမာန် မအောင်မြင်တဲ့ အွန်လိုင်းစာရေးဆရာလေ”
ရှန်ချန်းချန်း ရယ်မောကာ
“အဲ့လိုအောင်မြင်တာက ရှင့်ကြောင့် အများကြီးပါပဲ။ ရှင်သာ ပြစ်မှုစုံစမ်းရေးအရာရှိဆိုရင် (၅) နှစ်လောက်အတွင်း စခန်းမှူး ဖြစ်နေပြီ”
ထိုအချိန်အတွင်း သူဆက်တိုက် ရေတွက်ထားသလောက် အလုပ်သမားနေ့က လင်းချွမ် သူနှင့် ရှချင်းချင်းတို့ဖြင့်လိုက်ရင်း အဖွဲ့ဝင် (၁၅) ဦးခန့်ရှိသော ကျားဖြန့်အဖွဲ့ကို ဖမ်းမိခဲ့သည်။
သူနှင့် ရှချင်းချင်းမှာ လင်းချွမ် ဦးဆောင်မှုအတိုင်း ကြိုးစားခဲ့သော်လည်း လုပ်ငန်းစဉ်အရ သူတို့လည်း အမှတ်များစွာ ရခဲ့သည်။
အခြားသူများ မသိသည်မှာတော့ ထိုသို့ အထူးခွင့်ပြုချက် အမှတ်ရထားသည့်ထဲတွင် လင်းချွမ်လည်း ပါဝင်၏။
ရှန်ချန်းချန်းအမြင်တွင် ကျန်းပြောင်သည် လင်းချွမ်အတွက် နေရာပင် ကြိုစီစဉ်ထားပြီးဖြစ်သည်ဟု ထင်ပါသည်။
လင်းချွမ်သာ စိတ်ပါလျှင် မှုခင်းအဖွဲ့ထဲ ဝင်နိုင်ပြီး ထိုအောင်မြင်မှုများ၏ သက်ရောက်မှုပင်။
ကျားဖြန့်အဖွဲ့အသေးတင်မက လင်းချွမ်မှာ အခြားဆက်စပ်အဖွဲ့ဖြစ်သော လျှိုချင်းတို့မှတစ်ဆင့် စက်ရုံတစ်ခုလုံးပင် ဖျက်ဆီးနိုင်ခဲ့သေးသည်။
ယခုလို အောင်မြင်မှုများမှာ မထင်ထားနိုင်လောက်အောင် ကြီးမားလွန်းလေ၏။
“မှုခင်းရဲဖြစ်ရတာ အရမ်းအန္တရာယ်များတာလေ။ မနက်အစောကြီးသွား၊ ညမိုးချုပ်မှပြန်။ အမြဲတမ်း အသင့်အနေအထားနေရနဲ့။ စာရေးတာက ပိုအဆင်ပြေပါတယ်။ ရဲမေရှန် ရာထူးမြင့်သွားရင်သာ ကျွန်တော့်ကို ကြည့်ရှုစောင့်ရှောက်ဖို့ မမေ့နဲ့”
လင်းချွမ် လက်ယမ်း၍ ရယ်မောနေသည်။
“နောက်တစ်ခါ အမှုရှိလာရင် ကျွန်မကိုသာ ခေါ်လိုက်”
ရှန်ချန်းချန်း တောက်ပစွာပြုံးရင်း ပြန်ပြောလိုက်သည်။
“ဘာအမှုလဲ။ ကျွန်တော်က ရှေးဟောင်းအုတ်ဂူလေး တူးချင်ရုံကို”
လင်းချွမ် ရယ်မောလျက် ဖြေလေ၏။
“အုတ်ဂူလေး တူးရုံလား”
ရှန်ချန်းချန်း ရုတ်တရက် သူ့ခါးလေးကို လှမ်းကိုင်လိုက်ပြီးမှ ယနေ့ ယူနီဖောင်းမဟုတ်ဘဲ ဂါဝန် ဝတ်လာသည်ကို သတိရသွား၏။
မဟုတ်လျှင် လင်းချွမ်အား လက်ထိပ်ခတ်၍ ရဲစခန်းသို့ ခေါ်သွားလိုက်လေပြီ။
လင်းချွမ်က
“အဲ့တာနဲ့များ အောင်မြင်မှုကို စိတ်မဝင်စားသလို ပြောနေသေးတယ်”
“လုပ်ငန်းကြောင့် အကျင့်ပါနေတာပါ”
ရှန်ချန်းချန်း နေရခက်စွာ ရယ်မောလိုက်သည်။
“ကျွန်တော်က နိုင်ငံအဆင့်ရဲ့ အုတ်ဂူရှာဖွေရေးကို ကူညီရမှာနော်။ ဝတ္ထုဖတ်ပြီး သိုက်တူးသမားပဲ ထင်မနေနဲ့”
လင်းချွမ် လက်ဖက်ရည်တစ်ကျိုက်သောက်ရင်း ထပ်ပြောလေ၏။
လွန်ခဲ့သောရက်ပိုင်းက ယဉ်ကျေးမှုအဖွဲ့မှ ခုနစ်စင်ကြယ် လုဘုရင်နန်းတော်အကြောင်း ထုတ်ပြန်လိုက်ပြီးနောက် လင်းချွမ်ဝတ္ထုလည်း ပို၍ ပေါက်သွား၏။
မနေ့ညက လင်းချွမ် ပုံရိပ်ယောင်လောကသို့ ထပ်သွားခဲ့ပြီး ‘ယင်တောင်တန်း’ အုတ်ဂူအား ဖော်ခဲ့လေသည်။
ဤသို့ဖြင့် သူ့ကြိုးစားမှုကြောင့် အောင်မြင်စွာ ပြီးဆုံးသွားခဲ့သည်။
စနစ်မှ အချက်အလက်၌ သိုက်တူးသမား အတွေ့အကြုံလည်း ပြီးဆုံးသွားတော့၏။
[စာအုပ်: သိုက်တူးမှတ်တမ်းများ အတွဲ (၃) ခု]
[လက်ရှိ အခြေအနေ: ထုတ်ဝေပြီး]
[အောင်မြင်မှုစံနှုန်း: ၂၁၇၈၁/၄၀၀၀၀]
[စစ်ဆေးမှု လုပ်ငန်း: အုတ်ဂူ (၂) ခု ရှာဖွေရန်]
[လက်ရှိ လုပ်ဆောင်မှု: ၁/၂]
[အထူးမှတ်ချက်: အောင်မြင်မှုစံနှုန်းနှင့် စစ်ဆေးမှု ပြီးဆုံးလျှင် နောက်ထပ်အတွေ့အကြုံ ကူးပြောင်းနိုင်မည်]
လင်းချွမ် ထဆဲမိမလိုပင် ဖြစ်သွားသည်။
စနစ်ရေ ငါ့ကို တရားခံပဲ ဖြစ်အောင် လုပ်နေတော့မှာလား။
ဘယ်စနစ်က သိုက်တူးသမား အတွေ့အကြုံပြီးတာနဲ့ နောက်ထပ် အုတ်ဂူ (၂) ခု ထပ်တူးခိုင်းမှာလဲ။