← Chapters

နန်ယွီဝင်္ကပါ

Vol. 17 Ch. 248

နန်ယွီဝင်္ကပါ

Vol. 17 Ch. 248

ထိုအရာနှင့်ပတ်သက်၍ စနစ်မှ ပြန်ရှင်းပြ၏။ 

အလုပ်အကိုင်တိုင်းတွင် သူ့လိုအပ်ချက်များ၊ စံနှုန်းများ ရှိလေသည်။ အထူးအလုပ်အကိုင်များ၌မူ ထပ်တိုးစစ်ဆေးမှု အလုပ်များ ရှိတတ်၏။ 

လင်းချွမ် မကျေမနပ် ဖြစ်သွားသော်လည်း စနစ်၏ တောင်းဆိုမှုမှာ မများလှပေ။ ရှေးဟောင်းအုတ်ဂူ (၂) ခု တူးဖော်ရမည်ဖြစ်ပြီး တစ်ခုတူးပြီးဖြစ်၍ နောက်တစ်ခုသာ ကျန်ပါသည်။ 

ထို့အပြင် လင်းချွမ်တစ်ယောက် ပုံရိပ်ယောင်လောက၌ အုတ်ဂူ (၃) ခုအထိ တူးဖော်ဖူးသောကြောင့် လက်တွေ့တွင် မခက်ခဲလှပါ။ 

သိုက်တူးခြင်းမျှသည် သာမာန်အလုပ်သာ ဖြစ်၏။ 

ထို့ကြောင် ချင်ရှီရှီ အန်လင်းသို့ ပြန်လာသည်ကိုကြားပြီး သမိုင်းဝင်အမွေအနှစ် တူးဖော်စောင့်ရှောက်ရေးအဖွဲ့နှင့် ပူးပေါင်းကာ အုတ်ဂူလိုက်တူးရန် တွေးလိုက်ခြင်း ဖြစ်သည်။ 

သူကိုယ်တိုင် အုတ်ဂူလိုက်ရှာ၍ တူးပါက တရားမဝင်သောကြောင့် အပြစ်ဖြစ်နိုင်၏။ 

အုတ်ဂူတူးခြင်းမှာ လက်တွေ့တွင် အပိုင်း (၅) ခု ခွဲထားလေသည်။ 

သိုက်တူးခြင်း၊ အုတ်ဂူရှာဖွေ လေ့လာခြင်း၊ တောင်ရွှေ့ခြင်း၊ တောင်ကုန်းလိုဏ်ဖောက်ခြင်း၊ သမိုင်းဝင်အမွေအနှစ် ထိန်းသိမ်းခြင်းဟူ၍ပင်။ 

ပထမ (၄) မျိုးမှာ အဖမ်းခံရနိုင်သော်လည်း နောက်ဆုံးအပိုင်းဖြင့် ပြဿနာမတက်နိုင်ပါ။ အဘယ်ကြောင့်ဆိုသော် လိုင်စင်ဖြင့် တရားဝင် လုပ်သောကြောင့် ဖြစ်၏။ 

“ရှင်က အမွေအနှစ်ရှာဖွေတာ လုပ်ချင်လို့လား။ ဒီအလုပ်လည်း မဆိုးပါဘူး။ ရှီရှီ ခဏနေရောက်လာရင် ပြောကြည့်ပေါ့”

ရှန်ချန်းချန်းပြုံး၍ ပြောလိုက်၏ 

လင်းချွမ် ခေါင်းငြိမ့်ပြကာ

“အခုထိ မရောက်သေးဘူးလား”

“ကျွန်မ ကြည့်လိုက်ဦးမယ်”

ရှန်ချန်းချန်း ချင်ရှီရှီအား စာပို့လိုက်သည်။ 

မကြာမီ ချင်ရှီရှီထံမှ ပြန်စာရောက်လာကာ ရှန်ချန်းချန်း မျက်မှောင်ကြုတ်ပြီးမှ လင်းချွမ်အား ကြည့်လိုက်သည်။ 

“ဘာလို့လဲ”

လင်းချွမ် စိုးရိမ်စွာ မေး၏။ 

“သူ မလာနိုင်တော့ဘူး”

ရှန်ချန်းချန်း သူ့ဆီမှစာကို တိုက်ရိုက်ပြလိုက်သည်။ 

‘ချန်းချန်းရေ ငါ အရေးကြီးအလုပ်ကိစ္စ ရုတ်တရက် ပေါ်လာလို့။ ငါတို့အဖွဲ့ အဲ့နေရာကို တန်းသွားရတော့မယ်။ အားနာပါတယ်နော်။ ပိုက်ဆံ ပြန်ရှင်းပေးလိုက်မယ်နော်’

“အရေးကြီး အလုပ်ကိစ္စလား”

လင်းချွမ် ရေရွတ်မိ၏။ 

ရှန်ချန်းချန်း ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်သို့ လှမ်းကြည့်လိုက်မိသည်။ 

ကောင်းကင်မှာ မှုန်မှိုင်းအုံ့ဆိုင်းနေ၏။ 

“မိုးရွာမှာစိုးလို့ ထင်တယ်။ ဒီအလုပ်က အချိန်အခါ ရှိတယ်”

လင်းချွမ်လည်း အပြင်ဘက် လှမ်းကြည့်ကာ ခေါင်းငြိမ့်မိသည်။ 

မိုးအုံ့နေသော ရာသီဥတုမှာ အုတ်ဂူတူးဖော်ရသူများအတွက် အမှန်ပင် ကြိုက်နှစ်သက်စရာ အခြေအနေ မဟုတ်ပေ။ 

တစ်ဖက်တွင်။ 

ချင်ရှီရှီမှာ တီရှပ်၊ ဂျင်းဘောင်းဘီတို့ကို ပေါ့ပါးစွာ ဝတ်ဆင်ရင်း အန်လင်းမြို့ဝင်သည့်ကားလေးပေါ် ပါလာ၏။ 

သို့သော် သူ လင်းချွမ်တို့ဆီ မသွားနိုင်မီ ရုတ်တရက် အရေးတကြီး ပေါ်ကာ အဖွဲ့ (၈) အား ကူညီရန် တာပေါင်တောင်ဆီသို့ ပြေးရတော့သည်။ 

ကားလေးမှာ တောင်ကြားလမ်းမှဖြတ်၍ တဖြည်းဖြည်း မောင်းနှင်လာ၏။ 

ကောင်းကင်မှာ ပို၍ မှောင်မိုက်လာပြီး မီးခိုးရောင် မိုးတိမ်များ တာပေါင်တောင်၌ ရစ်ဝဲနေကြ၍ တောင်ကို သေချာမမြင်ရပေ။ 

ကားလမ်းနံဘေးတစ်လျှောက်ရှိ မြစ်ရေစီးဆင်းသံကိုသာ ခပ်တိုးတိုး ကြားနေရလေ၏။ 

မကြာမီ ချင်ရှီရှီတို့အဖွဲ့မှာ တာပေါင်မြစ်အောက်ပိုင်းနေရာသို့ ရောက်သည်နှင့် မိုးလည်း စရွာလာပြီး တဖြည်းဖြည်း ပို၍ပင် သည်းလာသည်။ 

တာပေါင်တောင်မှ အပင်များလည်း မိုးရေ၊ မိုးမှုန်များဖြင့် သီးနေပြီး ပတ်ဝန်းကျင်တစ်ခုလုံး ဝါးတားနေတော့၏။ 

ဆရာယော တွေဝေမနေဘဲ ချက်ချင်း ကားပေါ်မှဆင်း၍ 

“ရွှမ်ဖုန်ရော ဘယ်မှာလဲ”

အဖွဲ့ (၈) ခေါင်းဆောင် ကျောက်ရှန် စိုးရိမ်တကြီး ရောက်လာပြီး 

“ရွှမ်ဖုန်က အုတ်ဂူကြည့်မယ်ဆိုပြီး တောင်ခြေဘက် ထွက်သွားတာပဲ။ အခု သူနဲ့ အဆက်အသွယ် ပြတ်နေပြီ”

“သူက သွားတောင်သွားပြီလား”

ဆရာယော မျက်မှောင်ကြုတ်၍ မေးမိ၏။ 

“ဟုတ်ပါတယ်”

ကျောက်ရှန်မှ ဆက်ရှင်းပြလေသည်။ 

“မနေ့က ကျွန်တော်တို့အဖွဲ့ မြစ်လယ်နေရာလောက်အထိ ရောက်တော့ ရှေးနန်ယွီနယ်လို့ ထင်ရတဲ့ မြေအောက်နန်းတော်နေရာကို တွေ့ခဲ့တယ်။ အဲ့တာနဲ့ ဒီမနက်စောစောတည်းက ရွှမ်ဖုန် လူနည်းနည်းခေါ်ပြီး အုတ်ဂူတူးဖို့ ထွက်သွားတာ။ လွန်ခဲ့တဲ့ (၂) နာရီလောက်ကပဲ သူတို့ဆီက အဆက်အသွယ် ပြတ်သွားတယ်”

ဆရာယော ကျောက်ရှန်ကို စိုက်ကြည့်နေမိ၏။ သူတို့နှစ်ယောက်လုံး အဆင့်တူသော်လည်း မနေနိုင်တော့ဘဲ အပြစ်တင်မိလေသည်။ 

“ဆရာကျောက်ကလည်း အဲ့တာ ဘာလို့ မတားတာလဲ”

သူ ကျုံရွှမ်ဖုန်နှင် အုတ်ဂူအကြောင်း တစ်ချိန်လုံး ပြောဖြစ်ခဲ့ပါသည်။ 

ထိုနေရာမှာ နန်ယွီခေတ် တော်ဝင်ကျောက်မျိုးနွယ် အုတ်ဂူရှိသည့်နေရာ ဖြစ်နိုင်လေသည်။ 

သမိုင်းမှတ်တမ်းများအရ နန်ယွီခေတ်ကို တည်ထောင်သူမှာ ကျောက်ထုံဖြစ်ပြီး ချင်မင်းဆက်၏ စစ်သူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ ထို့နောက် နန်ယွီခေတ်တွင် မျိုးနွယ်အုတ်ဂူ တည်ဆောက်ရာ၌မူ ပါဝင်သော အလုပ်သမားအားလုံးကို သတ်ပစ်ခဲ့လေ၏။ 

ယခုခေတ်များတွင် ထိုနန်ယွီမျိုးနွယ်အုတ်ဂူကို ဆက်တိုက် ရှာဖွေခဲ့ကြသူများရှိပြီး နောက်ဆုံးမှ အန်လင်းမြို့ တာပေါင်တောင်၌ ရှာတွေ့သွားကြသည်။ 

ရှေးနန်ယွီနယ်မှာ လင်းနန်မြို့နေရာဖြစ်၏။ မျိုးနွယ်စုသည် ကျောက်မျက်ရတနာများစွာ ပိုင်ဆိုင်၍ ဒဏ္ဍာရီများအရ အုတ်ဂူထဲတွင် အတူ ထည့်မြှုပ်ထားသည်ဟု ပါရှိသည်။ 

ထို့ကြောင့်လည်း ထိုအုတ်ဂူကို တူးဖော်ချင်သူ များပြားနေခြင်း ဖြစ်၏။ 

ရတနာများသည့်အလျောက် ထောင်ချောက်များ၊ အဆိပ်ငွေ့များ၊ မီးများ ပါဝင်သောကြောင့် အန္တရာယ်လည်း များလေသည်။ 

ထိုအုတ်ဂူများကို ပညာရှင်များက မီးသင်္ဂြိုဟ်စက်ဟု ခေါ်လေ့ရှိပြီး ခြေလှမ်းတစ်ချက် မှားသည်နှင့် အရှင်လတ်လတ် မြှုပ်နှံခံရမည် ဖြစ်သည်။ 

ယခုအခါ ကျုံရွှမ်ဖုန်တစ်ယောက် လူအချို့ကို ဦးဆောင်၍ အုတ်ဂူထဲ ဝင်သွားလေသည်။ 

အစပိုင်း လေ့လာမှုဟုဆိုသော်လည်း ရုတ်တရက် အဆက်အသွယ် ပြတ်သွား၍ ထိတ်လန့်စရာပင်။ 

ကျုံရွှမ်ဖုန်လို အရေးကြီးပုဂ္ဂိုလ်မဆိုထားနှင့်။ သာမာန် ပညာရှင်လေးအတွက်ပင် မတွေးစရာ ဖြစ်၏။ 

ကျောက်ရှန် သက်ပြင်းချ၍

“ခင်ဗျားလည်း ရွှမ်ဖုန့်စိတ်ကို သိတာပဲမလား။ သူ့အဖေနဲ့ မတည့်တော့ သူ့အရည်အချင်းကို အရမ်းပြချင်ဆာ။ အခု နန်ယွီမျိုးနွယ်အုတ်ဂူက သူ့ခြေထောက်အောက် ရောက်နေပြီဆိုတော့ စိတ်ဘယ်ထိန်းနိုင်မလဲ”

ဆရာယောလည်း သက်ပြင်းချမိကာ

“သူ့ကိုရှာဖို့ လူရော လွှတ်ထားပြီလား”

“လွှတ်လိုက်ပါသေးတယ်။ ဒါပေမဲ့ မတွေ့သေးဘူး။ သူ အထဲမှာ လမ်းပျောက်နေပြီထင်တယ်”

ဆရာယော လန့်သွားကာ

“ဝင်္ကပါ… သူ လမ်းရှာမတွေ့ရင် အဲ့မှာပဲ အရိုးဆွေးသွားမှာ”

“အဲ့တာကြောင့်ပဲ ချက်ချင်း ဆက်သွယ်လိုက်ရတာပေါ့။ အထဲဝင်ပြီး ကြည့်ရအောင်ဗျာ”

ကျောက်ရှန်မှ ပြော၏။ 

ထိုအချိန်တွင် သူ အခြားကယ်ဆယ်ရေးအဖွဲ့များကိုလည်း ဖုန်းဆက်ထား၍ ထွက်ခွါလာကြလေပြီ။ 

All Chapters