ဂရုစိုက်ပါ
Vol. 17 Ch. 249
ဆရာယော ခဏစဉ်းစား၍ ခေါင်းငြိမ့်ပြကာ
“ကောင်းပါပြီ။ ကျွန်တော်တို့ပါ လိုက်ကြည့်ကြတာပေါ့”
အဖွဲ့ခေါင်းဆောင် (၂) ဦးမှာ ကျုံရွှမ်ဖုန်အား အုတ်ဂူထဲအထိ လိုက်ရှာရန် ဆုံးဖြတ်လိုက်ကြသည်။
မိုးမှာ သည်းမည်းစွာ ရွာနေဆဲပင်။
ကံကောင်းစွာဖြင့် တူးဖော်ရေးအဖွဲ့မှာ ကိရိယာများသုံး၍ အုတ်ဂူအနီးရှိ မိုးရေချိန်များ တိုင်းတာထားပြီး ဖြစ်လေသည်။
စီစဉ်စရာများ စီစဉ်ပြီးနောက် ဆရာယောနှင့် ကျောက်ရှန်တို့ ကိရိယာများယူကာ အုတ်ဂူဝင်ပေါက်မှ တစ်ဆင့် အထဲသို့ ဝင်သွားကြတော့၏။
အုတ်ဂူပုံစံမှာ အလွန်နက်၍ အောက်ခြေအထိ (၂၀) မီတာမျှ သွားရသည်။
ထိုသို့ အောက်ခြေရောက်သောအခါ ဆက်သွယ်ရေး ကိရိယာများလည်း အလုပ်မလုပ်တော့ပေ။
အောက်ခြေ၌။
မိုးများမှာတော့ ယခုအထိ မရပ်သေး။
တစ်နာရီကျော်ကြာသောအခါ အုတ်ဂူဝင်ပေါက်တွင် ခေါင်းတစ်လုံး ပြူထွက်လာသည်။
ဆရာယော ဖြစ်၏။
ချင်ရှီရှီနှင့် အခြားအဖွဲ့သားများ သူ့ကို ကူညီ ဆွဲထုတ်ပေးလိုက်သည်။
သို့သော် အနောက်တွင် ကျောက်ရှန် လိုက်လာသည်ကို မတွေ့ရချေ။
“ဆရာယော ဆရာကျောက်ရော”
အဖွဲ့ (၈) မှ ဝန်ထမ်းတစ်ဦးက မျက်မှောင်ကြုတ်ကာ မေး၏။
ဆရာယော မျက်နှာဖြူလျော်လျက် အချိန်အနည်းငယ် ကြာမှ အသက်ဝအောင် ရှူရှိုက်လျက်
“သူ ဝင်္ကပါထဲ ဝင်သွားပြီး ပြန်ထွက်မလာတော့ဘူး”
အားလုံး ရုတ်တရက် တောင့်သွားကြသည်။
ကျုံရွှမ်ဖုန်နှင့် ကျောက်ရှန်တို့ ကြုံရသည့် အခြေအနေမှာ ပညာရှင်များအားလုံး ကြောက်သည့် အနေအထား ဖြစ်လေသည်။ ပုံမှန်အားဖြင့် တိုက်ရိုက် ရှာဖွေနိုင်သည်ဟု ထင်သော်လည်း အထဲ၌ အန္တရာယ်များစွာ ပြောင်းလဲ၍ ပေါ်ပေါက်နေပြီး အချိန်မရွေး မတော်တဆ ဖြစ်နိုင်ပါသည်။
ဝင်္ကပါများတွင် ထောင်ချောက်များလည်း ပါရှိပြီး လမ်းပျောက်သည်နှင့် အသက်ရှင်ခြင်း၊ သေခြင်းကို မခန့်မှန်းနိုင်တော့ချေ။
လမ်းမှန်ရှာမတွေ့ဘဲ အထဲ၌ ပိတ်မိနေခဲ့လျှင် နောက်ဆုံး အရိုးဖြစ်၍ ပြီးဆုံးသွားပေမည်။
ကျုံရွှမ်ဖုန်နှင့် ကျောက်ရှန်တို့ အန္တရာယ် ကြုံနေရပြီ။
“ဆရာယော အခု ဘာဆက်လုပ်ကြမလဲ”
ဝန်ထမ်းတစ်ဦးမှ မေး၏။
“ဘာလုပ်ရမလဲဆိုတော့…”
ဆရာယော ရေရွတ်ရင်း တွေးနေသည်။ သူ့မျက်နှာမှာ ဖြူဖျော့၍ စိတ်ထဲ၌ ဗလာဖြစ်နေပုံပင်။
သို့သော် ယခုအခါ ကျောက်ရှန်ပါ ပျောက်နေ၍ နှစ်ဖွဲ့စလုံးက သူ့ကို အားကိုးမိ၏။
ဆရာယော စိတ်ကို အမြန်ပြန်ထိန်းကာ
“ကယ်ဆယ်ရေးအဖွဲ့ ရောက်လာဖို့ ဘယ်လောက် လိုသေးလဲ”
“မီးသတ်၊ ရဲနဲ့ ဆရာဝန်တွေပါ ခုနက ထွက်လာပြီတော့ ပြောပါတယ်။ မကြာခင် ရောက်မှာပါ။ ဒါပေမဲ့ အထဲက လူကိုမှ မထုတ်ရသေးတာ”
ဆရာယော ခေါင်းငြိမ့်ပြ၍
“အခု ငါတို့ရဲ့ အဓိကပြဿနာက အထဲက ဝင်္ကပါထောင်ချောက်ကို မဖြေရှင်းနိုင်ဘူး ဖြစ်နေတာ။ အဖွဲ့ (၈) ထဲမှာ ဒါမျိုး ထောင်ချောက်ကို ကျွမ်းတဲ့သူ ရှိလား”
တစ်ဖွဲ့လုံး တိတ်ဆိတ်နေကြလေသည်။
“ဒါဆို လမ်းပြဖို့ သိုက်တူးသမားတစ်ယောက် ရှာရတော့မယ်”
ဝန်ထမ်းတစ်ဦးမှ စိတ်လှုပ်ရှားစွာ ပြော၏။
“ဒီအချိန်ကြီး ဘယ်က ပညာရှင်ကို ရှာမှာလဲ”
နောက်တစ်ဦးမှ မျက်မှောင်ကြုတ်၍ ပြောလေသည်။
“သိုက်တူးသမားလား”
ဆရာယော မျက်လုံးအရောင် လက်သွားပြီး သူ့ပေါင်အား ဖျတ်ခနဲ ရိုက်ကာ ချင်ရှီရှီအား လှည့်ကြည့်လိုက်၏။
ချင်ရှီရှီ အံ့ဩစွာဖြင့်
“ဆရာယော လင်းချွမ်ကို ပြောချင်တာလား”
“ဟုတ်တယ်။ ငါတို့အခု အမြန်ဆုံး ဆက်သွယ်နိုင်တာ လင်းချွမ်ပဲ ရှိတယ်”
ဆရာယော မျှော်လင့်တကြီး ပြောလေ၏။
ထောင်များထဲ၌ သိုက်တူးသမားများစွာ ရှိသော်လည်း အချိန်ကြာပေလိမ့်မည်။
သူတို့ ရောက်လာချိန်၌ ကျုံရွှမ်ဖုန်နှင့် ကျောက်ရှန်တို့ ဒုက္ခရောက်ပြီးလောက်ပြီ။
ယခုအချိန်တွင် လင်းချွမ်မှာ အနီးစပ်ဆုံး ဖြစ်၏။
“လင်းချွမ်ကို အခု ခေါ်လိုက်မယ်”
ချင်ရှီရှီ အလောတကြီး ထွက်သွားလေသည်။
မိုးခြိမ်းသံများ ဆူညံ၍ မိုးသည်းနေဆဲ ဖြစ်သော်လည်း မမှုနိုင်ကြပေ။
လူကယ်ရန် ပိုအရေးကြီးလေသည်။
တီတီတီ—
ဖုန်းဝင်သွားသည်နှင့် ချင်ရှီရှီတန်းပြောတော့သည်။
“ဆရာလင်း ကျွန်မတို့အဖွဲ့ ဒုက္ခရောက်နေပြီ”
“ဘာဖြစ်တာလဲ”
လင်းချွမ် စားသောက်ပြီး၍ ဆိုင်ထဲမှထွက်ကာ ရှန်ချန်းချန်း ကားပေါ်ရောက်ခါစ ဖြစ်လေသည်။
ချင်ရှီရှီမှ
“ကျွန်မတို့ တာပေါင်တောင်နားက အုတ်ဂူကို ရှာနေတာလေ။ အဲ့တာ လုပ်ဖော်ကိုင်ဖက်တချို့ အုတ်ဂူထဲက ဝင်္ကပါထဲမှာ ပျောက်သွားလို့။ အထဲမှာ ထောင်ချောက်တွေ၊ ယန္တရားတွေလည်း ရှိလောက်တယ်။ အခြေအနေက အရေးကြီးနေလို့ ရှင့်ကို အကူအညီတောင်းတာပါ”
လင်းချွမ် မျက်မှောင်ကြုတ်သွားပြီး
“ကျွန်တော့်ကို နေရာအတိအကျ ပို့ပေးပါဦး”
“ကောင်းပါပြီ”
ချင်ရှီရှီ အနည်းငယ် စိတ်အေးသွားကာ လင်းချွမ်အား နေရာကို ပို့ပေးလိုက်သည်။
တစ်ဖက်တွင် ရှန်ချန်းချန်းလည်း ဖုန်းမြည်လာပြီး ဒါရိုက်တာကျန်းထံမှ ဖြစ်သည်။
ထို့နောက် ဒါရိုက်တာကျန်းစကားကို နားထောင်ရင်း ခေါင်းတဆတ်ဆတ်ငြိမ့်ကာ ဖုန်းချလိုက်၏။
“ရှီရှီတို့အဖွဲ့ ဒုက္ခရောက်နေလို့တဲ့”
သူ လင်းချွမ်ကိုလှည့်ကြည့်ကာ ပြောလိုက်သည်။
“ဟုတ်တယ်။ အခုပဲ ရှီရှီ ဖုန်းဆက်တာ။ ကျွန်တော့်ကို ကူညီနိုင်မလားဆိုပြီး”
“ကျွန်မ လိုက်ပို့ပေးလိုက်ရမလား”
“ဟုတ်ကဲ့ ပို့ပေးပါ”
ထို့နောက် ကားလေးမှာ တရွေ့ရွေ့နှင့် တာပေါင်တောင်ဆီသို့ ချဉ်းကပ်လာလေသည်။
လမ်းတွင် လင်းချွမ်ဖုန်းမြည်လာပြန်၏။
နံပါတ်အစိမ်းဖြစ်နေ၍ သူ ခဏစဉ်းစားပြီးမှ ကိုင်လိုက်သည်။
“ဟယ်လို အမိန့်ရှိပါ”
“လင်း ငါ ဟန်မြစ်အပိုင်းစခန်းက ကျုံချန်မင်းပါ”
“ဪ ဟုတ်ကဲ့ အကြီးအကဲကျုံ မင်္ဂလာပါ”
လင်းချွမ် အံ့ဩစွာဖြင့် ပြန်နှုတ်ဆက်လိုက်၏။
သူ ကျုံရွှမ်ဖုန်နှင့် ကျုံချန်မင်းတို့ ပတ်သက်မှုကို သတိမထားမိချေ။
“နန်ယွီအုတ်ဂူ ပိတ်မိနေတဲ့ထဲမှာ ငါနဲ့ပတ်သက်တဲ့သူလည်း ရှိနေတာလေ။ အဲ့တာ ကူညီပေးမယ်ဆိုလို့ ကိုယ်တိုင် ကျေးဇူးတင်ချင်လို့ပါ”
“ကျွန်တော် အကောင်းဆုံး ကြိုးစားပေးပါ့မယ်”
“လင်း အောင်မြင်မယ်လို့ ယုံပါတယ်။ အန်လင်းရဲ့ ရတနာဆိုတော့ ကိုယ့်ကိုယ်ကိုယ်တော့ ဂရုစိုက်နော်”
ကျုံချန်မင်း ရင်းနှီးစွာ ပြောလိုက်သည်။
“စိတ်ချပါ အကြီးအကဲကျုံ”
လင်းချွမ်လည်း သူ့စေတနာကို ခံစားရ၏။
“မိုးရွာထဲ ကားမောင်းတာလည်း ဂရုစိုက်ကြဦး။ နောက်ပြီး နန်ယွီအုတ်ဂူရောက်ရင် ပိုဂရုစိုက်ရမယ်နော်။ လုံခြုံရေးက အဓိကပဲ”