← Chapters

လင်းချွမ် ရောက်ပြီ

Vol. 17 Ch. 250

လင်းချွမ် ရောက်ပြီ

Vol. 17 Ch. 250

ဇူလိုင်မိုးမှာ အမြဲသည်းထန်လေ့ ရှိလေသည်။ 

မိုးရေစက်များ ကားပြတင်းမှန်ပေါ် စင်ကာ တာပေါင်တောင်၏ မြူခိုးများလည်း ရစ်ဆိုင်းနေ၍ လင်းချွမ် ရှေ့ကို သေချာမမြင်ရ ဖြစ်နေသည်။ 

ခရီးမှာ ဝေးလံသောကြောင့် နှစ်နာရီကျော်ကြာမှ ထိုနေရာသို့ ရောက်သွားကြ၏။ 

အဖွဲ့ (၈) နှင့် (၉)၊ ကယ်ဆယ်ရေးအဖွဲ့တို့မှာ ယာယီမိုးကာများ ထိုး၍ နေရာပြင်ဆင်နေကြလေသည်။ 

ဘေးတွင် အရေးပေါ် ဆေးရုံကားများလည်း အသင့် စောင့်နေ၏။ 

သို့သော် ကျုံရွှမ်ဖုန်နှင့် ကျောက်ရှန်တို့အဖွဲ့မှာ ပျောက်ဆုံးနေဆဲပင်။ 

အားလုံး ရင်ထဲလေးလံကာ ထိုင်းမှိုင်းနေကြသည်။ 

“လင်းချွမ် ရောက်လာပြီ”

ချင်ရှီရှီ သူတို့ကိုတွေ့သည်နှင့် မတ်တပ်ထရပ်ကာ အော်လိုက်၏။ 

ဆရာယောလည်း အုတ်ဂူကို လေ့လာရင်း ထိုအသံကြောင့် ယာယီတဲထံ လျှောက်လာသည်။ 

အခြားဝန်ထမ်းများလည်း ခုနစ်စင်ကြယ် လုဘုရင်နန်းတော်ကြောင့် လင်းချွမ်အကြောင်းကို အနည်းနှင့်အများ ကြားဖူးပါသည်။ 

ထို့ကြောင့် အားလုံး လှည့်ကြည့်လိုက်မိ၏။ 

ထိုစဉ် ချင်ရှီရှီမှာ ထီးလေးကိုင်လျက် လင်းချွမ်အနား ပြေးလာသည်။ 

ဆရာယောလည်း အနောက်မှ လိုက်လာသည်။ 

“လင်းချွမ် နောက်ဆုံးတော့ ရောက်လာပြီပဲ”

ချင်ရှီရှီ သူ့ကို စိတ်လှုပ်ရှားစွာ နှုတ်ဆက်လိုက်သည်။ 

“နေ့လယ်စာ ဝယ်ကျွေးထားတာပဲ။ မလာလို့မှ မရတာ”

လင်းချွမ် အခြေအနေတင်းမာမှုများ ပြေလျော့ရန် စနောက်လိုက်သည်။ 

ချင်ရှီရှီ ပြုံးလျက်

“မိတ်ဆက်ပေးရဦးမယ်။ ဒါ ကျွန်မတို့ အဖွဲ့ (၉) က ခေါင်းဆောင် ဆရာယောတဲ့”

ဆရာယော လက်တစ်ဖက်မှထီးကိုကိုင်ရင်း နောက်တစ်ဖက်ဖြင့် လက်ကမ်းပေးလိုက်၏။ 

“ဆရာလင်းအကြောင်း ကြားထားလို့ အရမ်း လေးစားနေတာ။ ကျွန်တော်က ခေါင်းဆောင်ယောပါ”

“တွေ့ရတာ ဝမ်းသာပါတယ် ဆရာယော”

“အခြေအနေက လောနေတော့ နောက်မှ အေးဆေး စကားပြောတာပေါ့ဗျာ။ အခုတော့ တဲထဲမှာ ဖြစ်နေတာတွေကို ရှင်းပြပေးပါမယ်”

ဆရာယောမှ ပြောလိုက်၏။ 

လင်းချွမ် ခေါင်းငြိမ့်ပြ၍ တဲထဲဝင်သွားလိုက်သည်။ 

အထဲတွင် ဆရာယောမှ အချက်အလက်ဖိုင်များ ထုတ်၍ သေချာရှင်းပြပေးလေသည်။ 

လင်းချွမ် အားလုံး ကြည့်ပြီးနောက် မျက်မှောင်ကြုတ်၍

“အခုက မိုးရော၊ မြူရော အရမ်းသည်းနေတယ်။ တောင်အခြေအနေကို သေချာတော့ မမြင်ရပေမဲ့ ဒီနေရာက အုတ်ဂူဝင်ပေါက်လို့ မထင်ဘူး”

“မဟုတ်ဘူးလား”

ဆရာယော အံ့ဩသွားမိသည်။  

ထို့နောက် တက်ဘလက်ထဲမှ ဒရုန်းမြေပုံကို ကြည့်လိုက်သောအခါ တောင်အနေအထားကို သေချာ တွေ့ရလေသည်။ 

လင်းချွမ် အုတ်ဂူထဲ အလောတကြီး မဝင်သေးဘဲ ဂရုတစိုက် စူးစမ်းပြီးမှ

“ဒါက တော်တော် ရှုပ်ထွေးတဲ့ ရှေးအုတ်ဂူကြီးပဲ”

ဆရာယော နားမလည်နိုင်စွာနိုင်ဖြင့် အနီးကပ်လာသည်။ 

ရေကန်ရှိသော နေရာ၏ အနည်းငယ်မြင့်သည့်ဒေသကို လက်ညှိုးထိုးပြ၍ 

“မြေမျက်နှာသွင်ပြင်အရတော့ ဒါက ဝင်ပေါက်ပေမဲ့ အလယ်နေရာကနေပဲ အုတ်ဂူထဲ ဝင်လို့ရမှာ”

“ဒါဆို ဝင်ပေါက် ပြောင်းရမှာလား”

ဆရာယော လင်းချွမ်အား မေး၏။ 

လင်းချွမ်ပုံစံမှာ ငယ်ရွယ်၍ နူးညံ့ပုံပေါ်သော်လည်း လေးနက်စူးရှသော မျက်လုံးများမှာ အားလုံးကို ထိုးဖောက်တော့မလို တည်ကြည်လှသည်။ 

မမြင်ရသော အရှိန်အဝါတစ်ခုမှာလည်း ဆရာယောအတွက် လေးစားစရာ ဖြစ်နေ၏။ 

“အဲ့တာအတွက် အချိန်မရှိတော့ဘူး။ တောင်ပုံစံပေါ် မူတည်ပြီး ခန့်မှန်းလို့တော့ ရပါတယ်”

လင်းချွမ် တက်ဘလက်ကို ဖယ်လိုက်ပြီး

“အခု ပြင်ဆင်ကြတာပေါ့”

အုတ်ဂူထဲသို့ သာမာန်အချိန်ဝင်လျှင်ပင် ဂရုစိုက်ရသောကြောင့် ယခုအခါ လူကယ်ရန်ဖြစ်၍ ပိုဂရုစိုက်ရလေသည်။ 

မဟုတ်လျှင် အားလုံး ဒုက္ခရောက်နိုင်ပါသည်။ 

“ကျွန်မလည်း အောက်ကို လိုက်ခဲ့မယ်”

ရှန်ချန်းချန်းမှ ဝင်ပြော၏။ 

လင်းချွမ် ရယ်မော၍

“ရဲမေရှန်က သုတေသနပညာရှင်မှ မဟုတ်တာ။ ဘာလို့ ဒုက္ခလိုက်ခံမှာလဲ”

ချင်ရှီရှီ ရှန်ချန်းချန်းအား ဆွဲ၍ ထိုင်စေကာ

“ချန်းချန်း ငါနဲ့ လင်းချွမ်သွားရင် ရပါပြီ။ နင်က ဒီမှာပဲ စိတ်ရှည်ရှည်နဲ့ စောင့်နေပေးနော်”

ရှန်ချန်းချန်း နှုတ်ခမ်းလေးစူ၍ ခေါင်းငြိမ့်ပြလိုက်တော့သည်။ 

သူလည်း အန္တရာယ်ရှိသောအကောင်များ တွေ့ပါက ကူညီချင်မိပါသည်။ 

သို့သော် ပြန်တွေးကြည့်လျှင် ထိုသို့ ထောင်ချောက်များသော အုတ်ဂူတွင် တိရစ္ဆာန်များလည်း မရှိနိုင်လောက်ပါ။ 

“လင်း ဒါဝတ်လိုက်”

ဆရာယောမှ ကျည်ကာအင်္ကျီလှမ်းပေးကာ ဝတ်စေလိုက်သည်။ 

အုတ်ဂူတွင်းမှ ထောင်ချောက်များကို အတတ်နိုင်ဆုံး ကာကွယ်ရန် ဖြစ်လေသည်။ 

ဥပမာ မြှားပျံများလောက်တော့ ကာကွယ်နိုင်ပါသည်။ 

လင်းချွမ် မငြင်းတော့ဘဲ ချက်ချင်း ဝတ်ပြီးနောက် အခြား လိုအပ်သော ပစ္စည်းများဖြစ်သည့် တိုင်းတာရေးကိရိယာများ၊ အောက်စီဂျင်အိတ်၊ အစာခြောက်၊ ရေ စသည်တို့ကိုပါ ယူဆောင်သွားလေသည်။ 

ရှန်ချန်းချန်းမှ စိုးရိမ်စွာဖြင့်

“ရှင်းရှင်းရော ကျွန်မပါ ရှင် ပြန်လာတာကို စောင့်နေမယ်နော်”

“အားလုံး အေးဆေးပါ”

လင်းချွမ်ပြုံး၍ လှမ်းပြောလိုက်သည်။ 

ထို့နောက် မီတာ (၂၀) မျှနက်သော တွင်းထဲသို့ အရင်ဆင်းသွားပြီး နောက်မှ ဆရာယောနှင့် ချင်ရှီရှီတို့ လိုက်သွားကြလေ၏။ 

အောက်ရောက်သောအခါ ခေါင်းမှမီးဖြင့် ရှေ့ကို ကြည့်လိုက်ပြီး တစ်မီတာကျယ်၍ (၂) မီတာမျှမြင့်သော လမ်းလေးကို တွေ့ရ၏။ 

အောက်ခြေတွင် ခြေရာအချို့ကိုလည်း တွေ့ရလေသည်။ 

ဆရာယော လင်းချွမ်နောက် ထပ်ချပ်မကွာလိုက်ရင်း

“လင်း အဖွဲ့ (၈) ခေါင်းဆောင်ပြောတာတော့ ကျုံရွှမ်ဖုန်နဲ့အဖွဲ့က ဒီကနေ အရှေ့မြောက်ဘက်ကို ထွက်သွားတာတဲ့”

လင်းချွမ်ခေါင်းထဲ၌ မြေပုံကို ပြန်မြင်ယောင်လာသည်။ 

ထို့နောက် မျက်မှောင်ကြုတ်လျက်

“အဲ့တာ မရဏဂိတ်ပဲ။ အဲ့ကနေ သွားတာလား”

ဆရာယော လန့်ဖျပ်သွားပြီး

“မရဏဂိတ်လား”

လင်းချွမ် ခေါင်းငြိမ့်ပြ၍ ရှင်းပြ၏။ 

“ကျွန်တော် လေ့လာမိသလောက်တော့ ဒီက တောင်အခြေအနေက အရမ်းရှုပ်ထွေးတယ်။ နန်ယွီအုတ်ဂူက ပါကွာပုံစံနဲ့ ဆောက်ထားတာဆိုတော့ အဲ့ကနေကြည့်ရင် မရဏဂိတ်ပဲ”

All Chapters