← Chapters

တြိဂံလမ်း

Vol. 17 Ch. 251

တြိဂံလမ်း

Vol. 17 Ch. 251

ချင်ရှီရှီ အမူအရာပြောင်းသွားပြီး

“အဲ့တာဆို ဒါက အခက်ဆုံးနဲ့ အန္တရာယ်အများဆုံး ဝင်ပေါက်ပေါ့”

“အဲ့လိုတော့ မဟုတ်ဘူး။ ဒီဘက်က အန္တရာယ်တော့ များပေမဲ့ ဟိုဘက်မှာလည်း ထောင်ချောက်တွေ နည်းမှာမဟုတ်ဘူး”

လင်းချွမ် လမ်းဆက်လျှောက်ရင်း ရှင်းပြသည်။ 

ဆရာယောနှင့် ချင်ရှီရှီမှာတော့ တုန်လှုပ်စွာ ပါလာ၏။ 

လိုဏ်ဂူမှာ ခပ်အေးစိမ့်စိမ့်ဖြစ်နေ၍ ကြက်သီးပင် ထသွားမိသည်။ 

လင်းချွမ် ရှေ့ဆုံးမှ ဦးဆောင်သွားရင်း နံရံပေါ်၌ ရုပ်ပုံများနှင့် စာပေအချို့ကို တွေ့ရသည်။ 

ဘေးတွင် မီးအိမ်များစွာ ရှိနေသော်လည်း အလင်းရောင်တော့ မရှိတော့ချေ။ 

လိုဏ်ဂူတစ်ခုလုံးမှာ ပိန်းပိတ်အောင် မှောင်မိုက်နေသည်။ 

“ဆရာယော ဒီနားမှာ ဆရာကျောက်နဲ့ လူကွဲသွားတာလား”

လင်းချွမ် သူ့ဘက်လှည့်ကြည့်လိုက်၏။ 

ဆရာယော လက်ညှိုးထိုးလျက်

“ဟိုနားက လမ်းခွဲလေးမှာ။ ကျွန်တော်က ဘယ်ဘက်လမ်း သွားပြီး သူက ညာဘက်ကို ဝင်သွားလိုက်တာ။ လမ်းတစ်ဝက်လောက်နေတော့ ကျွန်တော်လည်း မသင်္ကာတာနဲ့ ချက်ချင်း ပြန်ထွက်လာလိုက်တယ်။ ပြီးတော့ သူ့နောက်လိုက်သွားပေမဲ့ ဘယ်မှာမှ ရှာမတွေ့တော့ဘူး”

လင်းချွမ် ဂရုတစိုက် ရှေ့တိုးကြည့်၏။ 

“အခု ဘယ်ဘက်ကို သွားကြမလဲဟင်”

ချင်ရှီရှီမီ မေးလိုက်သည်။ 

“ကျွန်တော့်နောက်သာ လိုက်ခဲ့။ နံရံတွေကို သွားမထိနဲ့နော်”

လင်းချွမ် မျက်မှောင်ကြုတ်လျက် ညာဘက်လမ်းသို့ ဝင်သွားသည်။ 

ရှေးအုတ်ဂူကြီးများ၌ ဝင်္ကပါများ ရှိတတ်လေသည်။ 

ထိုသို့ လမ်းပျောက်သွားပါက သေသည့်တိုင် တဝဲလည်လည် ဖြစ်နေတော့မည်။ 

လင်းချွမ် နံရံပေါ်၌ ကျောက်ရှန်မှ ရေးမှတ်ထားပုံ ပေါ်သော မြှားပုံလေးကို တွေ့လိုက်သည်။ 

ထိုမြှားအတိုင်း လိုက်သွားရင်း ထောင့်ချိုး (၆) ခု ချိုးပြီးသောအခါ မြှားလည်း ဆက်မတွေ့ရတော့ပေ။ 

လမ်းမပြထားသောအခါ အရှေ့ဆက်မသွားနိုင် ဖြစ်နေ၏။ 

ဆရာယော သက်ပြင်းချ၍

“ကျွန်တော် အရင်တစ်ခေါက်က သွားခဲ့တာလည်း ဒီအထိပဲ။ ရှေ့မှာ ဆက်မသွားရဲတော့ဘူး”

လင်းချွမ် ဂရုတစိုက်ဖြင့် ရှေ့နည်းနည်း တိုးကြည့်လိုက်သည်။ 

လုပ်ကြံသူအတွေ့အကြုံရှိနေ၍ အခင်းတစ်ခုကို သုံးသပ်ရာ၌ ကျွမ်းကျင်လေ၏။ 

လင်းချွမ် နံရံဘက်ကို အသာခေါက်ကြည့်လိုက်သည်။ 

“ဒီကျောက်နံရံက ရွှေ့လို့ရတယ်”

အားလုံးထိုနံရံဘက်ကို မီးရောင် ထိုးပေးလိုက်၏။ 

“အထဲမှာ ယန္တရား ရှိနေမှာလား”

ချင်ရှီရှီ နားမလည်နိုင်စွာ မေးလေသည်။ 

လင်းချွမ် ခေါင်းယမ်းပြ၍

“အထဲမှာ အပေါက်ကြီး မဟုတ်ဘူး။ လမ်းဘေးဘက်နဲ့ မြေပြင်ကို ကြည့်လိုက်။ ရွှေ့လို့ရတယ်”

ချင်ရှီရှီနှင့် ဆရာယောလည်း ထိုအခါမှ သဘောပေါက်သွားတော့သည်။ 

“လင်းချွမ် ဟိုမှာ”

ချင်ရှီရှီ ကျောက်နံရံထောင့်ကို ပြလိုက်၏။ 

လင်းချွမ် ငုတ်တုတ်ထိုင်လိုက်ကာ အသေးစိတ် ကြည့်နေသည်။ 

ထို့နောက် နံရံပေါ်မှ အချို့နေရာများကို လက်ညှိုးဖြင့် လိုက်ဖိကြည့်နေ၏။ 

ထို့နောက် ညာဘက်ခြေထောက်ကို ကျောက်နံရံ ဘယ်ဘက်သို့ နင်းလိုက်သည်။ 

ဂျောက်!

ပုတီးစေ့လေး ပြုတ်ကျသကဲ့သို့ အသံတစ်ခု ထွက်လာပြီး ရှေ့မှ ကျောက်နံရံကြီးသည် တဖြည်းဖြည်း ဘေးသို့ ဖယ်ကာ လမ်းကြောင်း ပေါ်လာသည်။ 

ထိုအခါ မြှားလမ်းကြောင်းကို ဆက်တွေ့ရလေ၏။ 

ဆရာယောနှင့် ချင်ရှီရှီတို့ အလွန်ပျော်သွားကြသည်။ 

ယခုအခါမှ အသက်ကောင်းကောင်း ရှူနိုင်တော့၏။ 

ထို့နောက် လင်းချွမ်ဦးဆောင်၍ လမ်းကြောင်းအတိုင်း ဆက်လျှောက်လာကြသည်။ 

ခြေသံများမှာ လိုဏ်ဂူထဲ၌ ပဲ့တင်ထပ်နေလေသည်။ 

ရုတ်တရက်!

“ဆရာယောလား”

လမ်းအဆုံးနားမှ အားနည်းသောအသံတစ်ခု ထွက်လာသည်။ 

ဆရာယောမျက်နှာ ဝင်းပသွားပြီး

“ဟုတ်တယ် ဟုတ်တယ် ကျွန်တော်ပါ”

သူ သုတ်ခြေတင်၍ လျှောက်သွားလိုက်သည်။ 

ထိုအခါ လမ်းအဆုံး၌ ဖြူဖျော့သော မျက်နှာဖြင့် ကျောက်ရှန်ကို တွေ့ရ၏။ 

ဘေးမှ အရေးပေါ်အိတ်ထဲရှိ အစာခြောက်နှင့် ရေကြောင့်သာ ယခုအချိန်အထိ တောင့်ခံနိုင်ခြင်း ဖြစ်သည်။ 

ကျောက်ရှန် ဆရာယောအသံကြားမှ သက်ပြင်းချနိုင်၏။ 

“ကျွန်တော် ဒီမှာပဲ သေသွားတော့မယ် ထင်နေတာ”

ကျောက်ရှန် ချည့်နဲ့စွာ ပြုံးပြလိုက်သည်။ 

ဆရာယော သု့ကျောလေးကို ပုတ်ပေး၍ ရယ်မောကာ

“ခင်ဗျားက စိတ်ဓာတ်ခိုင်လို့ ကံကောင်းသွားတာပါ”

“ခင်ဗျား ဘယ်လို ဝင်လာတာလဲ”

ကျောက်ရှန် မှိန်ပျပျမီးရောင်အောက်မှ လင်းချွမ်နှင့် ချင်ရှီရှီအား မော့ကြည့်လိုက်သည်။ 

“ဒါက လင်းချွမ်လေ။ သူ ဦးဆောင်ပြီး ခေါ်လာလို့ပေါ့။ မဟုတ်ရင် ခင်ဗျား ဒီမှာ တကယ်ပဲ နေရတော့မှာ”

ကျောက်ရှန် လင်းချွမ်ကိုကြည့်ရင်း အဆက်မပြတ် ကျေးဇူးတင်နေမိသည်။ 

“ဆရာကျောက် ဒီမှာ ပိတ်မိနေတာ ကြာပြီလား”

ကျောက်ရှန် ခေါင်းငြိမ့်ပြ၍

“ကျွန်တော် စဝင်တုန်းက အားလုံး အဆင်ပြေတယ်။ ဒါပေမဲ့ ပြန်လှည့်မယ်လုပ်တော့ လမ်းကပိတ်ပြီး တံခါးလည်း ပြန်ဖွင့်လို့ မရတော့ဘူး။ အဲ့တာကြောင့် ယန္တရားရှိမယ့်နေရာရှာရင်း ဒီမှာ လမ်းထပ်ဆုံးနေတာပဲ”

လင်းချွမ် နံရံကို စူးစမ်းပြီးနောက်

“ဒါက တကယ့် အပိတ်နေရာပဲ”

“ဒါဆို လမ်းအစမှာ ဘယ်ဘက်ကို သွားရမှာလား”

ဆရာယော နားမလည်နိုင်စွာ မေး၏။ 

လင်းချွမ် ပြန်မဖြေဘဲ စာရွက်နှင့် ဘောပင်ထုတ်ကာ ဝင်္ကပါပုံ ဆွဲလိုက်သည်။ ထို့နောက် အဝင်ဝသို့ ပြန်ထွက်လာကြ၏။ 

ကျောက်ရှန်မှာ အလွန်အားနည်းနေသောကြောင့် သူ့ကို အရင်ပို့ပေးရမည်။ 

ထို့နောက်မှ လင်းချွမ်တို့ (၃) ယောက်သာ ဘယ်ဘက်လမ်းသို့ ပြန်သွားခဲ့ကြ၏။ 

သို့သော် လမ်းအဆုံးကိုသာ ထပ်တွေ့ရပြီး ကျုံရွှမ်ဖုန်တို့လည်း မရှိချေ။ 

ထိုအခြေအနေကြောင့် ဆရာယောနှင့် ချင်ရှီရှီတို့ လန့်သွားကြသည်။ 

လင်းချွမ် ပြုံး၍ လှည့်ကြည့်ကာ

“သူတို့ကို ရှာမတွေ့ဘူးဆိုတာက ဝင်္ကပါထဲက ထွက်ပြီး အုတ်ဂူအစစ်ကို ရောက်သွားတဲ့သဘောပဲ”

“အဲ့တာဆို ပိုအန္တရာယ်ရှိတာပေါ့”

ဆရာယော သက်ပြင်းချမိသည်။ 

လင်းချွမ် ခပ်အေးအေးပင် ငုတ်တုတ်ထိုင်၍ ဝင်္ကပါပုံ ဆွဲနေပြန်သည်။ 

ချင်ရှီရှီ တိတ်တိတ်လေး ကြည့်နေမိ၏။ 

ထို့နောက် လင်းချွမ် ရုတ်တရက် လမ်း (၂) ခုကို ကျောပေး၍ တြိဂံပုံ နံရံဘက်ကိုကြည့်နေလေသည်။ 

“လင်း ဘာလို့လဲ”

ဆရာယော လှမ်းမေး၏။ 

“ပါကွာနည်းအရတော့ ဒီလမ်းကနေဆို အုတ်ဂူအလယ်ကို ရောက်လိမ့်မယ်”

“ဒါပေမဲ့ အပိတ်ကြီးလေ”

ချင်ရှီရှီ အံ့ဩစွာ ဝင်ပြော၏။ 

“မီးထိုးပေးပါဦး”

လင်းချွမ် နံရံပေါ်သို့ လက်တင်ကာ လိုက်စမ်းကြည့်နေသည်။ 

ရုတ်တရက် လက်ချောင်းများဖြင့် အပေါက် (၂) ခုကို စမ်းမိလေသည်။ 

“အပေါက်တွေလား”

လင်းချွမ် ချက်ချင်း လက်ချောင်းနည်းကို သုံး၍ ထိုးချလိုက်သည်။ 

ထိုအခါ ကျယ်လောင်သောအသံကြီးတစ်ခု ထွက်ပေါ်လာပြီး ကျောက်နံရံကြီးသည် အနောက်ဘက်သို့ ရွေ့သွားလေ၏။ 

လင်းချွမ် မီးရောင်ထိုး၍ ဟိုဟိုဒီဒီ ကြည့်ပြီးနောက် မကောင်းသော အငွေ့အသက် ခံစားမိလိုက်သည်။ 

ခြေရာများစွာကိုလည်း တွေ့ရ၏။ 

လင်းချွမ် မျက်မှောင်ကြုတ်၍

“သိုက်တူးသမားတွေ အရင်ရောက်နေပြီ”

All Chapters