တစ်ယောက်တည်း မဖြစ်ဘူး
Vol. 17 Ch. 252
“သိုက်တူးသမားလား”
ဆရာယောနှင့် ချင်ရှီရှီတို့ မျက်မှောင်ကြုတ်သွားမိသည်။
ချက်ချင်းပင် အပြင်မှလာပုံပေါ်သော လတ်ဆတ်သည့် လေထုကိုလည်း ခံစားမိ၏။
မြေပြင်ပေါ်မှ ခြေရာများသည် ရွှံ့ရာများ ဖြစ်နေလေသည်။
လင်းချွမ် သေချာကြည့်ပြီးနောက်
“သူတို့ အထဲရောက်နေပြီ”
“အထဲမှာလား”
ချင်ရှီရှီ တောင့်သွားကာ ပါးစပ်အဟောင်းသား ဖြစ်နေသည်။
“ဟုတ်တယ်”
လင်းချွမ် ခေါင်းငြိမ့်ပြ၍
“ဒီလိုရှေးအုတ်ဂူက ခြောက်သွေ့နေတတ်တာလေ။ ဒါပေမဲ့ အထဲတစ်ထပ်က စိုနေတယ်။ တစ်ဖက် လိုဏ်ခေါင်းနေ ရေစီးကျလာလို့ ဖြစ်တာမျိုးပဲ”
ဆရာယော ထိတ်လန့်သွားပြီး
“ဒါဆို အထဲမှာ ရွှမ်ဖုန်တို့နဲ့ တွေ့နေမှာပေါ့”
သိုက်တူးသမားနှင့် သုတေသနပညာရှင်မှာ ရန်ဘက်ဟု ဆိုနိုင်ပါသည်။
အချင်းချင်း ထိပ်တိုက်တွေ့ပါက ပြဿနာအကြီးအကျယ် တက်ကာ သွေးချောင်းစီးသည်အထိ ဖြစ်နိုင်၏။
“ဖြစ်နိုင်တယ်”
လင်းချွမ် လေးနက်စွာ ပြောလိုက်၏။
“ကျွန်တော်တို့ရဲ့ လက်ရှိအလုပ်က လူတွေကိုကယ်ဖို့ပဲ။ သိုက်တူးသမားတွေနဲ့ ပြဿနာ မဖြစ်အောင် အတတ်နိုင်ဆုံးထိန်းပြီး ကျုံရွှမ်ဖုန်တို့ကိုပဲ အရင်ကယ်ကြမယ်”
“ကောင်းပါပြီ”
ချင်ရှီရှီနှင့် ဆရာယောတို့ လင်းချွမ်စကားကို ထောက်ခံမိလေ၏။
သို့သော် ကိစ္စများမှာ စိတ်ကူးသည့်အတိုင်း မဖြစ်ပေ။
လင်းချွမ် လမ်းကြောင်းကို သေချာကြည့်ပြီးနောက် ခြေရာများအတိုင်း တောင်ဘက်သို့ လျှောက်သွားလိုက်သည်။
ထောင့်ချိုးအချို့ကို ဖြတ်ပြီးသောအခါ လေထဲမှ သွေးနံ့ကို နီးကပ်စွာ ရလာ၏။
ထိပ်တိုက်တွေ့ခြင်း ဖြစ်ပေါ်နေလေပြီ။
ချင်ရှီရှီနှင့် ဆရာယောတို့ ပိုလန့်လာ၏။
လင်းချွမ်ကတော့ ဘာမှမပြောဘဲ ရှေ့သို့ ဆက်လျှောက်သွားသည်။
ထိုစဉ် မီးခိုးရောင်ယူနီဖောင်းဖြင့်လူတစ်ယောက် လဲနေသည်ကို တွေ့ရ၏။
“ဒါ ကျွန်တော်တို့လူပဲ”
ဆရာယော ခပ်တိုးတိုးပြောရင်း ထိုလူနား လျှောက်သွားသည်။
“ရှေ့ဆက်မတိုးသင့်ဘူး”
လင်းချွမ် မျက်မှောင်ကြုတ်ကာ ပြောလေ၏။
ကျုံရွှမ်ဖုန်အဖွဲ့တွင် လူ (၃) ယောက် ပါဝင်ပြီး ယခု တစ်ယောက် သတိမေ့နေကာ ကျုံရွှမ်ဖုန်နှင့် အခြားတစ်ဦးကိုလည်း မတွေ့ရ၍ သိုက်တူးသမားများနှင့် ရင်ဆိုင်နေရကြောင်း ထင်ရှားလေသည်။
“ရွှမ်ဖုမ်တို့ကို ရှာမတွေ့သေးဘူးလေ”
ဆရာယော သူ့ကိုလှည့်ကြည့်၍ ပြောသည်။
“ကျွန်တော် တစ်ယောက်တည်း သွားလိုက်မယ်။ တစ်ဖက်မှာ ကျွမ်းကျင်သိုက်တူးသမားဂိုဏ်း ရှိနိုင်လို့ ဆရာတို့ ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး”
လင်းချွမ် မျက်မှောင်ကြုတ်ကာ ပြော၏။
သူတစ်ယောက်တည်း သွားခြင်းက ပိုရင်ဆိုင်နိုင်မည်ဟု ထင်ပါသည်။
ယခုသတိလစ်နေသူကိုလည်း ပြုစုရန် လိုသေး၏။
“တစ်ယောက်တည်းကတော့ အန္တရာယ်များတယ်လေ”
ချင်ရှီရှီမှ ဝင်ပြောသည်။
“သူတို့က ကျွမ်းကျင်ဂိုဏ်းဆိုရင် ရှင်တစ်ယောက်တည်း မဖြစ်ဘူးလေ။ ရှင် ထိခိုက်လို့ မဖြစ်ဘူး”
“ရပါတယ်ဗျာ။ ကျွန်တော်က လေ့ကျင့်ထားတဲ့သူပါ”
လင်းချွမ် ပြုံးပြလေ၏။
သိုက်တူးသမားများသာဆိုလျှင် သူ့အတွက် မခက်ခဲလှပါ။
“ဟိုဘက်က လူများနေရင် ဘယ်လိုလုပ်မလဲ။ လက်သီး (၂) လုံးထဲနဲ့ မရဘူးလေ။ ကျွန်မ လိုက်ခဲ့မယ်”
“မင်းလား”
“ချန်းချန်းနဲ့ လေ့ကျင့်နေကျပါ”
လင်းချွမ် သူ့ကိုငေးကြည့်နေမိ၏။
ထို့နောက် မတတ်နိုင်တော့ဘဲ ဆရာယောကိုကြည့်ကာ
“ကောင်းပြီလေ။ ဆရာယော သူ့ကိုခေါ်ပြီး စခန်းကိုပြန်လိုက်။ ပြီးမှ အကူတွေခေါ်ပြီး ပြန်လိုက်လာနော်။ လမ်းတစ်လျှောက် ဘာမှမထိမိစေနဲ့ဦး။ အဲ့တာ အရေးကြီးတယ်နော်”
ဆရာယော သူတို့ကိုကြည့်ရင်း စိတ်ထဲမှ တွေးမိလေ၏။
အဖွဲ့ခေါင်းဆောင်မှာ ယခုတော့ အလကား ဖြစ်နေလေပြီ။
သို့သော် ကြွားဝါနေရမည့်အချိန် မဟုတ်ချေ။
“ကောင်းပြီ။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ကြဦး။ အကူတွေ ချက်ချင်း ခေါ်လာခဲ့မယ်”
ဆရာယော ထိုသို့ပြော၍ သတိလစ်နေသူအားခေါ်ကာ ထွက်သွားတော့သည်။
လမ်းကြောင်း၌ တိတ်ဆိတ်သွားပြီး လင်းချွမ်နှင့် ချင်ရှီရှီသာ ကျန်ခဲ့၏။
“ကျွန်တော်ပြောတာ နားထောင်ပြီး ကျွန်တော်နဲ့ ကပ်နေနော်”
လင်းချွမ်မှ ပြောလိုက်သည်။
ချင်ရှီရှီ ခေါင်းငြိမ့်ပြ၍
“ကျွန်မတို့ သိုက်တူးသမားတွေနဲ့တွေ့ပြီး ပြဿနာတက်ရင် ရှင် အရင်ပြေးတော့။ ကျွန်မ ကာပေးထားမယ်”
လင်းချွမ် ပြုံး၍ စိတ်ကျေနပ်အောင် ဖြေလိုက်သည်။
“ကောင်းပါပြီဗျာ”
နန်ယွီအုတ်ဂူမှာ ကြီးမား၍ ရှုပ်ထွေး၏။
ဝင်္ကပါပတ်ခြင်းဖြင့်ပင် အချိန်ကြာပြီး ရှာနေသူကို မတွေ့ရသေးပေ။
လင်းချွမ်တစ်ယောက် ယန္တရားပညာကို ကျွမ်းကျင်သောကြောင့် ထောင်ချောက်များကို ခပ်မြန်မြန် ရှောင်ရှားနိုင်၍ တော်သေး၏။
မဟုတ်လျှင် ကိုယ်တိုင် လမ်းပျောက်နေတော့မည်။
လမ်းအဆုံးတွင် ကြီးမားသော ကျောက်တံခါးကြီးရှိပြီး ပွင့်နေ၍ လင်းချွမ်နှင့် ချင်ရှီရှီတို့ အံ့ဩသွားမိသည်။
ထို့နောက် အထဲသို့ ဆက်ဝင်ကြည့်လိုက်၏။
ကျုံရွှမ်ဖုန်နှင့် သိုက်တူးသမားအဖွဲ့ကိုတော့ မတွေ့ရသေးချေ။
“ရှေ့မှာ အန္တရာယ်ရှိနိုင်တယ်။ ဂရုစိုက်ဦးနော်”
လင်းချွမ် ချင်ရှီရှီအား လှည့်သတိပေးလိုက်၏။
ချင်ရှီရှီ ခေါင်းငြိမ့်ပြ၍
“ရှင်လည်း ဂရုစိုက်ပါ။ တိုက်ခိုက်ရပြီဆို ရှင့်ကို ကြည့်ပေးနိုင်မှာ မဟုတ်တော့ဘူး”
“ကောင်းပါပြီ”
လင်းချွမ် စကားမရှည်တော့ဘဲ အထဲဝင်သွားလိုက်သည်။
ထိုအခါ မီးရောင်မှိန်မှိန်အောက်၌ ကျောက်ပြာဖျာကြီးများ ခင်းထားသည်ကို တွေ့ရပြီး ခပ်လှမ်းလှမ်း အခန်းအလယ်၌ (၃) ချောင်းထောက် ကြေးစားပွဲနှင့် ပွဲပေးထားလေသည်။ ဘေးတွင်တော့ ကျောက်အခေါင်း (၃) ခုရှိနေပြီး ရှေးဆန်သော အရုပ်များ ရေးဆွဲထားလေ၏။