← Chapters

ကျွန်တော့်ကို သိလား

Vol. 17 Ch. 253

ကျွန်တော့်ကို သိလား

Vol. 17 Ch. 253

ဤသို့ဖြင့် ဆက်သွားသောအခါ အောက်ဘက်ဆင်းသည့် လမ်းကြောင်း (၃) ခုကို တွေ့ရ၏။ 

“ဘယ်လမ်းက သွားရမလဲ”

ချင်ရှီရှီ လင်းချွမ်အား လှမ်းကြည့်လိုက်သည်။ 

လင်းချွမ် ဂရုတစိုက်ကြည့်ကာ မည်သည့်အမှတ်အသားမှ မတွေ့ရ၍ ခပ်လှမ်းလှမ်း ညာဘက်ကို လက်ညှိုးထိုးပြကာ

“ကံစမ်းကြည့်တာပေါ့။ ကျုံရွှမ်ဖုန်တို့ဆီ အရင်ရောက်တာလည်း ဖြစ်နိုင်တယ်။ သိုက်တူးသမားတွေဆီ အရင်ရောက်တာလည်း ဖြစ်နိုင်တယ်”

“ကောင်းပါပြီ။ ရှင့်နောက် လိုက်ခဲ့ပါ့မယ်”

ချင်ရှီရှီ လင်းချွမ်နောက်သို့ လိုက်သွား၏။ 

ညာဘက်စွန်းလမ်းမှာ လင်းချွမ်နှင့် ချင်ရှီရှီတို့၏ အသက်ရှူသံများ၊ ခြေသံများဖြင့် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ 

ဤသို့ဖြင့် လှေကားအတိုင်း ဆင်းသွားပြီး လမ်းအဆုံး ရောက်သောအခါ အခန်းတစ်ခု တွေ့ရသည်။ 

ရုတ်တရက်။ 

လမ်းဘက်မှ ပုံရိပ်မည်းမည်းတစ်ခု ထွက်လာပြီး အရှေ့မှ လင်းချွမ်အား ခုန်အုပ်လာ၏။ 

လင်းချွမ် ရုတ်တရက် မှင်တက်နေပြီးမှ အမြန် ရှောင်လိုက်ရသည်။ 

သူ ပြန်တိုက်ခိုက်ရန် ပြင်လိုက်စဉ် အနောက်မှ ချင်ရှီိရှီက ထအော်၏။ 

“ကျုံရွှမ်ဖုန် သူက ကျွန်မတို့လူ”

ချင်ရှီရှီ လက်ထဲမှ အလင်းရောင်ဖြင့် ရှေ့မှလူကို လှမ်းထိုးလိုက်သည်။ 

ထိုလူမှာ (၁၈၀) စင်တီခန့်ရှိပြီး မျက်နှာလေးထောင့်၊ ဆံပင်တိုတိုနှင့် မီးခိုးရောင် ယူနီဖောင်းအား ဝတ်ဆင်ထား၏။ 

ယူနီဖောင်းတွင် ခြေရာအချို့ရှိနေပြီး သိုက်တူးသမားများနှင့် ထိပ်တိုက် တွေ့ထားပုံ ရသည်။ 

ချင်ရှီရှီ စခန်းကျသည့်တဲ၌ ကျုံရွှမ်ဖုန်ဓာတ်ပုံကို တွေ့ဖူးထား၍ တော်သေး၏။ 

“ခင်ဗျားက အဖွဲ့ (၉) ကလား”

ကျုံရွှမ်ဖုန် ထိုအခါမှ သေချာမော့ကြည့်ကာ မေးလိုက်သည်။ 

ထိုစဉ် နောက်ထပ်ဝန်ထမ်းတစ်ဦးလည်း စတီးပိုက်ချောင်းကိုင်လျက် ဘေးမှ တုန်တုန်ရီရီဖြင့် ထွက်လာ၏။ 

ချင်ရှီရှီ သက်ပြင်းချ၍

“ကျွန်မက အဖွဲ့ (၉) ရဲ့ အဖွဲ့ဝင်အသစ် ချင်ရှီရှီပါ။ သူက ကျွန်မတို့အဖွဲ့ထဲကတော့ မဟုတ်ဘူး။ ရှင်တို့ကို ကယ်ဖို့ လိုက်လာပေးတာ။ နာမည်က လင်းချွမ်တဲ့”

“လင်းချွမ်လား”

ထိုနာမည်ကြားသောအခါ ကျုံရွှမ်ဖုန် အံ့ဩစွာ မော့ကြည့်လိုက်၏။ 

“ကျွန်တော့်ကို သိလို့လား”

လင်းချွမ် ပြန်မေးလိုက်မိသည်။ 

“အကြီးအကဲကျုံက ခဏခဏ ပြောလေ့ရှိတယ်လေ။ မသိဘဲ နေပါ့မလား”

ကျုံရွှမ်ဖုန် မဲ့ပြုံးလေးဖြင့် ပြန်ဖြေသည်။ 

လင်းချွမ်လည်း ပြန်ပြုံးလျက် ဘာပြန်ပြောရမည်မသိ ဖြစ်နေသည်။ 

သူ ကျုံရွှမ်ဖုန်တို့ကို တွေ့သော်လည်း စနစ်၏ တာဝန် ပြီးမြောက်ရန် အုတ်ဂူထဲ ဆက်ဝင်ရဦးမည်။ ထိုအခါ သိုက်တူးသမားများကိုလည်း ရင်ဆိုင်ရမည် ဖြစ်၏။ 

“ခင်ဗျားတို့ သိုက်တူးသမားတွေနဲ့ တွေ့သေးလား”

ကျုံရွှမ်ဖုန် မျက်နှာပျက်ကာ ခေါင်းငြိမ့်ပြ၍

“တွေ့တယ်။ အဖွဲ့က (၂) ဖွဲ့ ခွဲထားပြီး (၈) ယောက်လောက်တော့ ရှိတယ်။ တစ်ဖွဲ့က သိုက်တူးဖို့ ထွက်သွားပြီး တစ်ဖွဲ့က ကျွန်တော်တို့ကို တိုက်ခိုက်တာပဲ။ ကံကောင်းလို့ မသေတာ”

“အမျိုးသားနိုင်ငံတော်အဆင့်ကိုတောင် တိုက်ခိုက်ရဲတာ သူတို့က ဘယ်သူမို့လို့လဲ”

လင်းချွမ် မျက်မှောင်ကြုတ်၍ ရေရွတ်မိ၏။ 

ကျုံရွှမ်ဖုန် တုန်လှုပ်လျက်

“ကျွန်တော်ကိုယ်တိုင် တိုက်ခိုက်ရင်း တွေ့တာတော့ နိုင်ငံခြားသားတွေလည်း ပါတယ်။ အရမ်းရက်စက်ပြီး အကြောက်အလန့်လည်း မရှိတဲ့ပုံပဲ”

“နိုင်ငံခြားသားလား”

“ဟုတ်တယ်။ ခင်ဗျားကို စတွေ့တော့ သူတို့ထဲကထင်လို့ အမြန်တိုက်ခိုက်လိုက်တာ”

လင်းချွမ် အခြေအနေကို သဘောပေါက်သွားလေ၏။ 

ထိုစဉ် ညင်သာ၍ ခပ်စိတ်စိတ်ခြေလှမ်းအချို့ကို လမ်းကြောင်းဘက်မှ ကြားရသည်။ 

ချင်ရှီရှီနှင့် ကျုံရွှမ်ဖုန်တို့မှာ လန့်ဖျပ်၍ လင်းချွမ်အား လှမ်းကြည့်လိုက်သည်။ 

“ခင်ဗျားတို့ (၂) ယောက်က တိုက်ခိုက်နိုင်တဲ့ အခြေအနေ မဟုတ်ဘူးဆိုတော့ ကျွန်တော် ပြောတဲ့အတိုင်း နားထောင်ပေးပါ”

လင်းချွမ် ခပ်တိုးတိုး ပြောလိုက်၏။ 

ကျုံရွှမ်ဖုန်မှာ သူ့အဖေစကားများကြောင့် လင်းချွမ်အပေါ် အမြင်မကြည်လှသော်လည်း မသိစိတ်က ယုံကြည်အားကိုးမိလေသည်။ 

အားလုံး အသက်ပြင်းပြင်း မရှူရဲဘဲ တိတ်ဆိတ်နေကြ၏။ 

လင်းချွမ်မှာ ခြေသံများကို အာရုံစိုက်၍ နားထောင်နေသည်။ 

“တစ်၊ နှစ်၊ သုံး… (၃) ယောက်ပဲ”

“အရင် တိုက်ခိုက်ကြမလား”

ချင်ရှီရှီ အသံနှိမ့်၍ မေး၏။ 

လင်းချွမ် ခေါင်းငြိမ့်ပြလိုက်သည်။ 

ချင်ရှီရှီလည်း အသင့်အနေအထားဖြင့် စောင့်နေသည်။ 

ခြေသံများမှာ တဖြည်းဖြည်း နီးကပ်လာ၏။ 

ဝှစ်!

သူတို့ဘက်ကို မီးရောင်များ ဝိုင်းထိုး၍ စတီးပိုက်ဖြင့် ညာဘက်မှလူကို ရိုက်လိုက်သည်။ 

လုပ်ကြံသူတစ်ဦးအနေဖြင့် တိကျမှု အပြည့်အဝ ရှိလေ၏။ 

ဘုံး!

လင်းချွမ် ထိုမျှနှင့် မပြီးသေးဘဲ ညာခြေဖြင့် ကန်လိုက်ပြန်သည်။ 

ဖောင်း!

တစ်ဦးကတော့ လုံးဝ လဲကျသွား၏။ 

ချင်ရှီရှီလည်း တစ်ဖက်မှ တတ်နိုင်သမျှ ကူညီတိုက်ခိုက်လေသည်။ 

သို့သော် အင်အားမမျှ၍ အရေးမသာဘဲ ဖြစ်နေသည်။ 

လင်းချွမ် အမြန်ဝင်ကူ၍

“ရှီရှီက ကျုံရွှမ်ဖုန်တို့ကို ဂရုစိုက်ပေးလိုက်ဦး။ ကျွန်တော် ဒီနှစ်ယောက်ကို ရှင်းလိုက်မယ်”

ထိုသို့ပြော၍ ချက်ချင်း ဆက်တိုက်ခိုက်နေသည်။  

သူ များများတွေးရန် အချိန်မရှိဘဲ စတီးပိုက်ဖြင့် အဆက်မပြတ် ယမ်းခါ ရိုက်နှက်နေသည်။ 

ဘုံး!

ဖောင်း!

သူ့တိုက်ခိုက်မှုကြောင့် ဗလကြီးနှစ်ဦးမှာ ရှောင်ချိန် မရဘဲ လူးလိမ့်နေ၏။ 

လင်းချွမ်မှာ သူ့အင်အားကို ပြီးပြည့်စုံစွာ အသုံးချနေ၏။ 

ချင်ရှီရှီနှင့် ကျုံရွှမ်ဖုန်တို့မှာ မှင်တက်နေမိလေသည်။ 

သူတို့နှစ်ဦးလုံး တိုက်ခိုက်စွမ်းရည် သင်ထားဖူးကြသော်လည်း ထိုဗလကြီးများကိုတော့ မယှဉ်နိုင်ပါ။ 

သို့သော် လင်းချွမ်မှာတော့ စစ်နတ်ဘုရားကဲ့သို့ အရှိန်အဝါ ကြီးမားလွန်းနေသည်။ 

ကျုံရွှမ်ဖုန် ထိတ်လန့်စွာဖြင့်

“လင်း လင်းချွမ်က ဘာအလုပ်လုပ်တာလဲဟင်”

ချင်ရှီရှီ မှင်သေသေလေးဖြင့်

“သူ့အဓိကအလုပ်က အွန်လိုင်းစာရေးဆရာလို့တော့ ပြောတာပဲ”

“အွန်လိုင်းစာရေးဆရာမှာ အဲ့လောက်တောင် စွမ်းရည် ရှိတာလား”

All Chapters